လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထားဝယ်ခရိုင်အတွင်း၌ ကိုယ်စားလှယ်လောင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထားဝယ်ခရိုင်အတွင်း၌ ကိုယ်စားလှယ်လောင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်
ကိုယ်စားလောင်းများအား စိစစ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)
ကိုယ်စားလောင်းများအား စိစစ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)
Published 18 August 2020
ဖြိုးဇင် (ထားဝယ်)

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထားဝယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ် ၁၆ ခု၌ ပါတီ ၁၁ ခုနှင့် တစ်သီးပုဂ္ဂလများမှ ကိုယ်စားလှယ်လောင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ ကိုယ်စားလှယ်လောင်း အမည်စာရင်း ထက်ဝက်ခန့် စိစစ်ပြီးချိန်၌ သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်စာရင်းမှ ပယ်ဖျက်သွားရန်ရှိကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ထားဝယ်ခရိုင်ရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် မဲရုံပေါင်း ၄၃၈ ရုံနှင့် မဲပေးခွင့်ရှိသူမှာ ပထမအကြိမ် မဲစာရင်း ကပ်ထားမှုအရ ၄၅၉၉၃၁ ဦးရှိကြောင်း၊ ထားဝယ်ခရိုင် လေးမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဦးရေ ၉၇ ဦး မှာ အမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၁၅ ဦးဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် အမျိုးသား သုံးဦးရှိကာ လက်ရှိအချိန်ထိ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းမှုနှင့်ပတ်သက်၍ ကန့်ကွက်လွှာ တင်သွင်းခြင်း မရှိသေးကြောင်း သိရသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်တာကတော့ ၁၁ ရက် ၈ လကနေစပြီး စိစစ်တယ်။ ၁၆ ရက်နေ့အထိ။ သူ့သတ်မှတ်ကာလက ၁၇ ရက်အထိ ရှိတယ်။ ကိုယ်တို့ခရိုင်အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၉၇ ယောက်၊ ပါတီပေါင်းက ၁၁ ပါတီ ရှိတယ်။ တစ်သီးပုဂ္ဂလနဲ့ဆို ၁၂ မျိုးပေါ့။ အဲဒါတွေကို စိစစ်ပါတယ်။ စိစစ်ပြီးရင်တော့ ပြည်ထောင်စုကော်မရှင်က ညွှန်ကြားလာတဲ့ ပုံစံ ၁၀ ထုတ်ပေးတယ်။ ပုံစံ ၁၀ မှာတော့ သူ့ရဲ့အမည်တွေ၊ လွှတ်တော်တွေ ပါတယ်။ အဲဒါကို အများမြင်သာအောင် ကြေညာဘုတ်မှာ ကပ်ပေးပါမယ်။ ဒါလည်း ဥပဒေအရ ပြဋ္ဌာန်းပြီးသားပါ။ ထားဝယ်ခရိုင်မှာဆို အမျိုးသားလွှတ်တော်က လေးနေရာ၊ ပြည်သူ့လွှတ်တော်က လေးနေရာ၊ တိုင်းဒေသကြီး လွှတ်တော်က ရှစ်နေရာ၊ ၁၆ နေရာအတွက် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ရှိတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ရှိတယ်” ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ထူးတင်က ပြောကြားသည်။

လက်ရှိအနေအထားအရ ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို သြဂုတ် ၁၁ ရက်မှစတင်ကာ စိစစ်မှုများပြုလုပ်နေပြီး ကိုယ်စားလှယ်လောင်းဦးရေ ထက်ဝက်ခန့် စိစစ်ပြီးသည့်အချိန်၌ သရက်ချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးမှာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း မွေးဖွာစဉ်အခါက မိဘနှစ်ဦးမှာ နိုင်ငံသား မဟုတ်သည့်အချက်ဖြင့် ငြိစွန်းကြောင်း လဝကမှ စိစစ်တွေ့ရှိရသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်သွားရန်ရှိကြောင်း သိရသည်။

“ဦးကျော်ကျော်ဦး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ပယ်လိုက်ပါပြီ။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) အရပေါ့၊ ပယ်လိုက်ပါပြီ။ ကာယကံရှင်ကိုလည်း ပြောပြီးပါပြီ။ ပုံစံ ၁၀ ကပ်ရင် အဲဒီမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါမယ်လေ။ အခုက စိစစ်တာပေါ့။သူ့ကို ထုတ်ပယ်တာကျတော့ မကြေညာပါဘူး။ သူ့လျှောက်လွှာကိုတော့ ပယ်ဖျက်လိုက်တာပေါ့။ အဲဒါကိုတော့ အများသိအောင် မကြေညာပါဘူး။ အယူခံပိုင်ခွင့်တော့ ရှိတယ်။သူ့အနေနဲ့တော့ အယူခံမဝင်တော့ဘူး ပြောပါတယ်။ သူ့ပါတီကတော့ အဲဒီနေရာကို မရတော့ဘူးပေါ့။ အစားထိုးလို့လည်း မရတော့ဘူးလေ။ ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့ကာလကလည်း ကုန်သွားပြီ” ဟု ဦးသက်ထူးတင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၇ ရက်အထိ လက်ခံခဲ့ပြီး အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းကို သြဂုတ် ၁၁ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် သုံးခုရှိ မြို့နယ် ၁၀ ခုတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာ ၂၀ နှင့် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၃ နေ ရာရှိပြီး ယင်းမဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၁၄ ခုနှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူများမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူဦးရေ ၂၇၃ ဦးရှိကြောင်း၊ အဆိုပါ မဲဆန္ဒနယ် ၄၃ နေရာစလုံး၌ NLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့က မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ထားဝယ်တိုင်းရင်းသားများပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် ကရင်ပြည်သူ့ပါတီ တို့ကလည်း မဲဆန္ဒနယ်နေရာအချို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူဦးရေမှာ လက်ရှိစာရင်းအရ ၁၁ သိန်း ကျော်ရှိပြီး မဲရုံပေါင်း ၁၂၀၄ ရုံရှိကြောင်း သိရသည်။

Most Read

Most Recent