လားရှိုးမြို့တွင်းသို့ “ဝ” တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာကြောင်း သိရ

လားရှိုးမြို့တွင်းသို့ “ဝ” တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာကြောင်း သိရ
Published 9 August 2024

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းသို့ “၀”  ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင် အများအပြား သြဂုတ် ၈ ရက်၌ ထပ်မံဝင်ရောက်လာကြောင်း ရှမ်းသတင်းဌာနများ၏ သတင်းဖော်ပြမှုအရ သိရသည်။

“၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အလံများ လွှင့်ထူထားသော ၁၀ စီးခန့်ရှိသည့် ကားကြီးများဖြင့် တန့်ယန်း-မိုင်းရယ် လမ်းပိုင်းမှတစ်ဆင့် လားရှိုးမြို့သို့ “၀” တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်း Shan News သတင်းဌာနက သတင်းရေးသားထားသည်။

လားရှိုးမြို့တွင်းသို့ “၀” တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းသေးသော်လည်း ဆက်သွယ်၍ မရသေးပေ။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က ညပိုင်းကလည်း လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ၏ လိုလားချက်အရ “၀”  တပ်ဖွဲ့၏ လားရှိုးပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဟုဆိုကာ “၀” လုံခြုံရေးတပ်ဖွဲ့ ဝင်များ လားရှိုးမြို့သို့ ဝင်ရောက်ခဲ့သည်။

“လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျွန်တော်တို့ ပြင်ပဆက်ဆံရေးရုံးများနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရန်အတွက် “၀” ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၇ ရက်ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်” ဟု ဦးညီရန်းက ဆိုသည်။

လားရှိုးမြို့သို့မဝင်ရောက်မီ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များထံ အကြောင်းကြားခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောတူချက်ဖြင့် လားရှိုးမြို့တွင်းသို့ “၀” လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မြို့သို့မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏ သဘောတူညီချက်နှင့် အဆင်ပြေစွာ ဝင်ရောက်ခဲ့တာဖြစ်တယ်” ဟု ဦးညီရန်းက ပြောကြားသည်။

“၀” လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လားရှိုးမြို့သို့ ဝင်ရောက်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနှင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင် မည်မဟုတ်ကြောင်းကိုလည်း ဦးညီရန်းက ပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “၀” အဖွဲ့အနေဖြင့် တပ်မတော်ကို ကြိုတင်အကြောင်းကြားထားကြောင်း မီဒီယာများကို ဖြေကြားထားသည်။

Most Read

Most Recent