ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အား နစက ဖွဲ့စည်း

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အား နစက ဖွဲ့စည်း
Published 19 August 2024

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား တာဝန်ပေးအပ်ထားပြီး ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တွဲဖက်စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဌာနချုပ်မှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံရေးနှင့်တာဝန်ဌာန၊ တာဝန်ဌာနခွဲမှ စစ်ဦးစီးဗိုလ်မှူးကြီး(တာဝန်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူတစ်ဦးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ကွပ်ကဲစေခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းများ ပါဝင်သည်။

ထို့ပြင် ဆင်နွှဲနေသည့် တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာများ အချိန်မီလုံလောက်စွာ ပြည့်တင်းပေးနိုင်ရေအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ပြင်ဆင်စီစဉ်ခြင်း၊ ထိရောက်စွာတိုက်ပွဲဝင်နိုင်ရေး အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများ လေ့ကျင့်ပေးခြင်း၊ တပ်ဖွဲ့ဝင်များအား နောက်ပိုင်းနယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများအတွက် ထောက်ပံ့ရေး၊ ဆက်သွယ်ရေးနှင့် ဒဏ်ရာရလူနာများ ရွှေ့ထုတ်ရေး ကယ်ဆယ်ရေးတာဝန်များထမ်းဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်းများကိုလည်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ဆောင်ရွက်သွားရမည်ဖြစ်သည်။

အလားတူ အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြုန်းတီးသွားသောအင်အားများ ဖြည့်တင်းပေးခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခြင်း၊ခေတ်ကာလနှင့်လိုက်လျောညီထွေသော အရည်အချင်းဖြည့်တင်းမှု၊ တိုးတက်ပြင်ဆင်ဖွဲ့စည်းမှု၊ စိတ်ဓာတ်ပိုင်းဖြည့်ဆည်းမှုများ အဆက်မပြတ်ဆောင်ရွက်ပေးခြင်း၊ နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနိုင်ရန် အတတ်ပညာရှင်များ ထည့်သွင်းဖွဲ့စည်းခြင်း၊ တပ်ဖွဲ့များ၏ တာဝန်ထမ်းဆောင်မှုကာလပေါ်မူတည်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးခြင်း၊ တာဝန်ထမ်းဆောင်မည့် နယ်မြေဒေသနှင့်သက်ဆိုင်သည့် တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်များနှင့်ညှိနှိုင်း၍ နယ်မြေပိုင်းခြားပေးခြင်းနှင့် တာဝန်အမျိုးအစား သတ်မှတ်ပေးခြင်း၊ ဒဏ်ရာရနှင့် တိုက်ပွဲကျဆုံးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ကူညီမှုများရရှိအောင် ဆောင်ရွက်ပေးခြင်းများကိုလည်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ဆောင်ရွက်သွားရမည်ဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာသည် လူမှုကွန်ယက်တွင် ပျံ့နှံလာခြင်းဖြစ်ပြီး ယင်းအမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Most Read

Most Recent