စားသောက်ကုန်များ ပြည်ပမှတင်သွင်းခွင့်သွင်းကုန်လိုင်စင်ကို FDA ထောက်ခံချက်ဖြင့် ထုတ်ပေးလျက်ရှိရာ စာရွက်စာတမ်း မမှန်မကန်တင်ပြမှုကြောင့် သတိပေးခြင်းခံရသည့် ကုမ္ပဏီများအား အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျှောက်ထားခွင့် သုံးလရပ်ဆိုင်းမည်

စားသောက်ကုန်များ ပြည်ပမှတင်သွင်းခွင့်သွင်းကုန်လိုင်စင်ကို FDA ထောက်ခံချက်ဖြင့် ထုတ်ပေးလျက်ရှိရာ စာရွက်စာတမ်း မမှန်မကန်တင်ပြမှုကြောင့် သတိပေးခြင်းခံရသည့် ကုမ္ပဏီများအား အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျှောက်ထားခွင့် သုံးလရပ်ဆိုင်းမည်
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်စစ်ဆေးရေးဌာနကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်စစ်ဆေးရေးဌာနကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 15 August 2020

စားသောက်ကုန်များ ပြည်ပမှတင်သွင်းခွင့် သွင်းကုန်လိုင်စင်ကို FDA ထောက်ခံချက်ဖြင့် ထုတ်ပေးလျက်ရှိရာ စာရွက်စာတမ်းများ မမှန်မကန်တင်ပြမှုကြောင့် သတိပေးခြင်း ခံရသည့်ကုမ္ပဏီများအား အွန်လိုင်းစနစ် (Fully Online) ဖြင့် လိုင်စင်လျှောက်ထားခွင့် သုံးလရပ်ဆိုင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုမ္ပဏီများ၏ စားသောက်ကုန်များ ပြည်ပမှတင်သွင်းခွင့် သွင်းကုန်လိုင်စင်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ သွင်းကုန်ထောက်ခံချက် (IR) ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စားသောက်ကုန်များအတွက် သွင်းကုန်ထောက်ခံချက် (IR) လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ မမှန်မကန် တင်ပြမှုများကြောင့် ကုမ္ပဏီအချို့အား FDA မှ အထူးသတိပေးခံရခြင်းများ ရှိနေကြောင်း သိရသည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၄ ရက်မှစ၍ စာရွက်စာတမ်းများ မမှန်မကန် တင်ပြမှုကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အထူးသတိပေးခြင်းခံရသည့်ကုမ္ပဏီများအား ကုန်သွယ်ရေး ဦးစီးဌာနတွင် Fully Online စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခွင့်အား  သုံးလရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြိုတင်အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။

COVID-19 ဖြစ်ပွားနေသည့် နှစ်လကျော်အတွင်း ဒေါ်လာ ၂ ဒသမ ၇၇၇ ဘီလျံရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင် ၇၄၃၃ စောင်ကို အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးခဲ့ပြီး COVID-19 ကာလအတွင်း ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများ ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။

COVID-19 ရောဂါဖြစ်ပွားနေသဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရာတွင် စျေးနှုန်း၊ အရေအတွက်နှင့် တန်ဖိုးကို မေ ၁၈ ရက်မှစ၍ သတ်မှတ်ထားသည့် ဒသမအရေအတွက်အတိုင်းသာ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်ရေးဦးစီးဌာန၏ အွန်လိုင်းစနစ်အားလုံးတွင် လိုင်စင်အချက်အလက်များ ဖြည့်သွင်းရာ၌ စျေးနှုန်း (Price) ကို ဒသမသုံးနေရာအထိလည်းကောင်း၊ အရေအတွက် (Quantity) ကို ဒသမနှစ်နေရာ အထိလည်းကောင်း၊ တန်ဖိုး (Amount) ကို ဒသမသုံးနေရာအထိလည်းကောင်း တစ်ပြေးညီဖြစ်စေရန် ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်မှစ၍ သတ်မှတ်ထားသည့် ဒသမအရေအတွက်အတိုင်းသာ လိုင်စင်စနစ်အားလုံးတွင် လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

COVID-19 ဖြစ်ပေါ်ချိန်တွင် ရုံးဌာနအတွင်း လူစုလူဝေးများ လျော့ကျစေရန် ဆေးပစ္စည်းအုပ်စု၊ ပြည်ပမှတင်သွင်းနေသည့် စားသောက်ကုန်များ၊ စားသုံးဆီ၊ စက်သုံးဆီ စသည့်ကုန်စည်များအတွက် လိုင်စင်လျှောက်ထားမှုကို ဧပြီ ၁ ရက်ကစတင်၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကုန်စည်အမျိုးအစားအုပ်စု လေးခုအတွက် Over Sea (ပင်လယ်ရေကြောင်း) မှ တင်သွင်းရန် လိုင်စင်လျှောက်ထားခြင်းတို့အတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၌လည်း ရုံးချုပ်မှ လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်များကိုလည်း အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် အဓိကလိုအပ်သည့် Sugical Mask ၊ PPE ၊ လူနာခုတင်၊ ဆေးရုံသုံး အသက်ရှူစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ ကုန်ပစ္စည်းများ မှာယူတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူ လျင်မြန်ချောမွေ့စေရေးအတွက် လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်ပစ္စည်းစာရင်း (Negative List) ကို ၂၀၁၉ ခုနှစ် မေ ၂၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ Negative List တွင် ပါဝင်ခြင်း မရှိပါက သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုဘဲ တင်သွင်းခွင့်ပြုထားပြီးဖြစ်သည်။

Most Read

Most Recent