အသင်းအဖွဲ့မှတ်ပုံတင် မရှိခြင်း၊ နိုင်ငံတကာရန်ပုံငွေ လက်ခံခြင်းစသည့် အကြောင်းပြချက်များဖြင့် PACE အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်

အသင်းအဖွဲ့မှတ်ပုံတင် မရှိခြင်း၊ နိုင်ငံတကာရန်ပုံငွေ လက်ခံခြင်းစသည့် အကြောင်းပြချက်များဖြင့် PACE အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်
Published 13 August 2020
ဉာဏ်လင်းထွန်း                   

အသင်းအဖွဲ့ မှတ်ပုံတင်မရှိခြင်း၊ နိုင်ငံတကာ ရန်ပုံငွေလက်ခံခြင်း စသည့် အကြောင်းပြချက်များဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

COVID ကာလ အသွားအလာ အကန့်အသတ်များကြောင့် လာမည့်ရွေးကောက်ပွဲ နိုင်ငံတကာမှ အဖွဲ့အစည်းများ လာရောက်စောင့်ကြည့်မှု နည်းပါးနိုင်သည့် အခြေအနေတွင် PACE ကဲ့သို့ လူအင်အား အများအပြားဖြင့် စောင့်ကြည့်မည့် အရပ်ဘက်အဖွဲ့အစည်းကို စောင့်ကြည့့်ခွင့် ပိတ်ပင်ခြင်းသည် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ စိုးရိမ်စရာဖြစ်သည်ဟု PACE အဖွဲ့ တာဝန်ရှိသူများက သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြိ်ု့ရှိ Park Royal ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားသည်။

“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို ငြင်းဆန်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ဟာ အသင်းအဖွဲ့ မှတ်ပုံတင်မရှိဘူး။ အသင်းအဖွဲ့ မှတ်ပုံတင် မရှိတဲ့အတွက်ကြောင့် စောင့်ကြည့်လေ့လာခွင့် မပေးဘူးဆိုတဲ့ သဘောပါပဲ။ အကြမ်းဖျင်း ယေဘူယအားဖြင့် ပြောမယ်ဆိုရင်”  ဟု PACE အဖွဲ့  အမှု ဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ယခုနှစ် အစောပိုင်းတွင် PACE ကို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းအဖြစ် အသင်းအဖွဲ့မှတ်ပုံတင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထောက်ခံချက် တောင်းခံသော်လည်း ကော်မရှင်ကို ပူးပေါင်းကူညီသည့် အဖွဲ့အစည်းမဟုတ်ဘဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းဆိုသည့် အကြောင်းပြချက်ဖြင့် ထောက်ခံချက်ပေးရန် ငြင်းဆန်ခံရသည်ဟု PACE အဖွဲ့က ဆိုသည်။

ထိုသို့ အသင်းအဖွဲ့ မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံချက်ပေးရန် ငြင်းဆန်သော်လည်း အသင်းအဖွဲ့ မှတ်ပုံတင် မရှိ၊ နိုင်ငံတကာ ရန်ပုံငွေများ လက်ခံသည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းကို ကော်မရှင်က ငြင်းဆန်ပြန်သည်ဟု PACE အဖွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခွင့် ကန့်သတ်ခြင်းသည် PACE အဖွဲ့ စောင့်ကြည့်လေ့လာခွင့် မရခြင်းဆိုသည့် ပြသနာထက် အရပ်ဘက်အဖွဲ့အစည်းများ နိုင်ငံသားနှင့်ဆိုင်သည့် ရေးရာကိစ္စများတွင် ပါဝင်ခွင့် မရဘူးဆိုသည့် အဓိပ္ပာယ်ဖြစ်ပြီး ယင်းအခြေအနေများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် စိုးရိမ်စရာဖြစ်ကြောင်း PACE အဖွဲ့က ဆိုသည်။

“ဒါကြောင့်မို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒီနေရာကနေ တိုက်တွန်းလိုတာက ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးဖို့ မေတ္တာရပ်ခံတယ်” ဟု PACE အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာခွင့် စတင်လျှောက်ထားနိုင်ကြောင်း ကော်မရှင်က ဇူလိုင် ၇ ရက်တွင် ကြေညာပြီးနောက် ဇူလိုင် ၁၄ ရက်တွင် PACE က လေ့လာခွင့် လျှောက်ထားခဲ့ပြီး လေ့လာခွင့် မပြုနိုင်ကြောင်း ကော်မရှင်က ဇူလိုင် ၃၀ ရက်တွင် ပြန်လည်အကြောင်းပြန်ခြင်းဖြစ်သည်။

PACE အနေဖြင့် ၂၀၁၇ နှင့် ၂၀၁၈ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်ခွင့်ရခဲ့ပြီးမှ ယင်းရွေးကောက်ပွဲများကို ဦးဆောင်ကျင်းပသည့် လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပင် လာမည့်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်ခံရသည့် PACE အဖွဲ့သည် ၂၀၂၀   ရွေးကောက်ပွဲဖြစ်စဉ်ကို လူ ၂၉၀၀ ကျော်ဖြင့် စောင့်ကြည့်လေ့လာရန် လျာထားခဲ့ပြီး ယခင် အထွေထွေရွေးကောက်ပွဲထက် လူ ၄၀၀ ကျော် ပိုမိုအသုံးပြု စောင့်ကြည့်ရန် ပြင်ဆင်ထားသည့် အဖွဲ့ဖြစ်သည်။

“အခုက COVID ကာလဖြစ်တယ်။ နောက်ပြီး မြန်မာပြည်အနှံ့မှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ အဲ့လိုအချိန်မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ဆိုတာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်မှုက အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒါက ရွေးကောက်ပွဲရဲ့  အရည်အသွေးကို တိုင်းတာတဲ့ ကိစ္စဖြစ်တယ်။ စောင့်ကြည့်ဖို့ဆိုတာလည်း လူတိုင်း စောင့်ကြည့်လို့မရဘူး။ နည်းပညာတွေ သုံးရတယ်။ အတွေ့အကြုံတွေ လိုတယ်။ အထူးသဖြင့်ကတော့ ဘက်မလိုက်ပဲ  ကြားနေရ တယ်။ ဘယ်အစိုးရ တက်တယ်။ ဘယ်သူနိုင်သွားတယ်ဆိုတာက ကျွန်တော်တို့ကိစ္စမဟုတ်ဘူး” ဟု PACE ဘုတ်အဖွဲ့ဝင် ကိုထွန်းလင်းဦးက ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းများ ရွေးကောက်ပွဲဖြစ်စဉ် စောင့်ကြည့်ခွင့်ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စတင်ရရှိခဲ့ပြီး ထိုစဉ်ကပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၅၃ ဖွဲ့က လူဦးရေ ၁၁၀၀၀ ကျော်ဖြင့် စောင့်ကြည့်လေ့လာမှု ပြုလုပ်ခဲ့ကာ ယခုကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းအချို့ စောင့်ကြည့်ခွင့်မရသည့် ဖြစ်စဉ်မျိုး မရှိခဲ့ဟု PACE ထုတ်ပြန်ချက်အရ သိရသည်။

PACE အဖွဲ့အား ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်မှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားရရှိရန် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ထံ သြဂုတ် ၁၃ ရက်က ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

   

 

Most Read

Most Recent