၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအရ အရှုံးဖြစ်ပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၁၀ ခုရှိပြီး ယင်းတို့၏ အရှုံးငွေမှာ ကျပ် ၆၁၁ ဘီလျံကျော်ရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအရ အရှုံးဖြစ်ပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၁၀ ခုရှိပြီး ယင်းတို့၏ အရှုံးငွေမှာ ကျပ် ၆၁၁ ဘီလျံကျော်ရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ
Published 12 August 2020
အောင်မင်းသိန်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအရ အရှုံးဖြစ်ပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၁၀ ခုရှိပြီး ယင်းတို့၏ အရှုံးငွေမှာ ကျပ် ၆၁၁ ဘီလျံကျော် ရှိနေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်သို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တင်ပြထားသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ် (၁၂/၂၀၂၀) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အရှုံး/ အမြတ်နှင့် ရငွေသုံးငွေ အခြေအနေများတွင် ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းပေါင်း (မြန်မာနိုင်ငံတော်ဗဟိုဘဏ်မပါ) ၃၀ ခုရှိပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ် ဆောင်ရွက်သောအဖွဲ့အစည်း ၂၅ ဖွဲ့၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော အဖွဲ့အစည်းငါးဖွဲ့တို့ဖြစ်ကြောင်းနှင့် ၎င်းတို့အနက် အမြတ်ရရှိသည့်အဖွဲ့ ၂၀၊ အရှုံးပေါ်ပေါက်သည့် အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်အလိုက် အရအသုံး ခန့်မှန်းခြေစာရင်း (ငွေသား) အရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွင်း ဆောင်ရွက်သည့်အဖွဲ့စည်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ခန့်မှန်းခြေ) တွင် ရငွေသည် ကျပ် ၉၀၉၇ ဒသမ ၅၉၃ ဘီလျံ၊ သုံးငွေသည် ကျပ် ၁၀၀၉၅ ဒသမ ၉၇၄ ဘီလျံဖြစ်ပြီး လိုငွေသည် ကျပ် ၉၉၈ ဒသမ ၃၈၁ ဘီလျံဖြစ်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ခန့်မှန်းခြေ) တွင် ရငွေသည် ကျပ် ၂၄၉၇ ဒသမ ၃၇ ဘီလျံ၊ သုံးငွေသည် ကျပ် ၂၄၉၃ ဒသမ ၈၁၂ ဘီလျံဖြစ်ပြီး ပိုငွေသည် ကျပ် ၃ ဒသမ ၅၅၈ ဘီလျံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ကုန်သွယ်မှုစာရင်းအရ ကျပ် ၉၁၆ ဒသမ ၆၇၃ ဘီလျံ အမြတ်ရရှိခဲ့သော်လည်း ငွေသားစာရင်းအရ ကျပ် ၉၉၄ ဒသမ ၈၂၃ ဘီလျံ လိုငွေဖြစ်ပေါ်နေရာ ပြည်ထောင်စုဘတ်ဂျက်လိုငွေ ကျပ် ၆၈၀၀ ဒသမ ၄၉ ဘီလျံ၏ ၁၄ ဒသမ ၆၃ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအရ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း (မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မပါ) ၃၀ ခု ရှိသည့်အနက် အမြတ်ရရှိသည့် အဖွဲ့အစည်း ၂၀ ခုရှိပြီး ၎င်းတို့၏ စုစုပေါင်း အမြတ်ရရှိငွေမှာ ကျပ် ၁၅၂၈ ဒသမ ၁၇၄ ဘီလျံ ရှိကြောင်း၊ အမြတ်ရရှိသည့် အဖွဲ့အစည်းများအနက် အဓိကမှာ သယံဇာတတူးဖော်ထုတ်လုပ်မှုအဖွဲ့အစည်းများ၊ ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများသာ ဖြစ်ကြောင်း တွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

အရှုံးဖြစ်ပေါ်နေသည့် နိုင်ငံတော်ပိုင် အဖွဲ့အစည်းများတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွင်း ဆောင်ရွက်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) အကြီးစားလုပ်ငန်းသည် အရှုံးငွေ ကျပ် ၂၃ ဒသမ ၃၁၈ ဘီလျံ၊ အမှတ် (၂) အကြီးစားလုပ်ငန်းသည် အရှုံးငွေ ကျပ် ၁၈ ဒသမ ၀၂၂ ဘီလျံ၊ အမှတ် (၃) အကြီးစားလုပ်ငန်းသည် အရှုံးငွေ ကျပ် ၄၁ ဒသမ ၃၂ ဘီလျံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အရှုံးငွေ ကျပ် ၁၂ ဒသမ ၂၉၇ ဘီလျံ၊ မြန်မာ့မီးရထားသည် အရှုံးငွေ ကျပ် ၁၁၄ ဒသမ ၁၀၁ ဘီလျံ၊ ကုန်းလမ်းပို့ဆောင်ရေးသည် အရှုံးငွေ ကျပ် ၄ ဒသမ ၈၄၂ ဘီလျံ၊ မြန်မာ့စာတိုက်လုပ်ငန်းသည် အရှုံးငွေ ကျပ် ၃ ဒသမ ၃၄၃ ဘီလျံ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းသည် အရှုံးငွေ ကျပ် ၃၆၄ ဒသမ ၁၇၄ ဘီလျံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် အရှုံးငွေ ကျပ် ၂၅ ဒသမ ၉၁ ဘီလျံတို့ဖြစ်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်းသည် အရှုံးငွေ ကျပ် ၄ ဒဿမ ၁၇၂ ဘီလျံ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ကုန်သွယ်မှု (အရှုံး/ အမြတ်) စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း သာမန်အသုံးစရိတ်၏ ၂၁ ဒသမ ၈၈ ရာခိုင်နှုန်းသည် နိုင်ငံတော်ထည့်ဝင်ငွေနှင့် နိုင်ငံတော်သို့ ပေးဆောင်ရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်တို့ ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့် ဖြူးနိုင်မည်ဟု ခန့်မှန်းထားပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းအတွက် (ကော်ပိုရေးရှင်း လုပ်ငန်းများအပါအဝင်) အသားတင်လိုငွေ ကျပ် ၂၉၁ ဘီလျံခန့် ဖြစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ မှတ်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent