၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၃၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၃၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထား
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မြို့မရပ်ကွက်တွင် မဲစာရင်းကြေညာထားသည်ကို တွေ့ရစဉ်
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မြို့မရပ်ကွက်တွင် မဲစာရင်းကြေညာထားသည်ကို တွေ့ရစဉ်
Published 11 August 2020
စည်သာ (တောင်ကြီး)

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၃၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၃၂ ပါတီရှိသည့်အနက် တိုင်းရင်းသားပါတီ ၁၈ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၃၇ ဦး လျှောက်လွှာတင်ထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ ပြည်သူ့လွှတ်တော်နေရာအတွက် ၂၉၇ ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် ၈၃ ဦး၊ ပြည်နယ်လွှတ်တော်နေရာအတွက် ၆၁၄ ဦး၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာအတွက် ၄၃ ဦး စုစုပေါင်း ၁၀၃၇ ဦးရှိကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာတွင် ဗမာတိုင်းရင်းသားနေရာအတွက် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ ကချင်တိုင်းရင်းသားနေရာအတွက် ငါးဦး၊ လီဆူတိုင်းရင်းသားနေရာအတွက် ခုနစ်ဦး၊ လားဟူတိုင်းရင်းသားနေရာအတွက် ခြောက်ဦး၊ အင်းသားတိုင်းရင်းသားနေရာအတွက် ခုနစ်ဦး၊ အာခါတိုင်းရင်းသားနေရာအတွက် လေးဦး၊ ကယန်းတိုင်းရင်းသားနေရာအတွက် ခြောက်ဦး စုစုပေါင်း ၄၃ ဦး ရှိသည်။

သြဂုတ် ၇ ရက်အထိ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း လျှောက်လွှာတင်ခြင်းကို လက်ခံခဲ့ပြီးနောက် သြဂုတ် ၈ ရက်မှ ၁၀ ရက်အထိ ကိုယ်စားလှယ်လောင်း လျှောက်လွှာပယ်ဖျက်ခြင်း၊ သြဂုတ် ၁၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း အတည်ပြုနိုင်ရေး၊ ပြည်နယ်အတွင်းရှိ မဲရုံများနှင့် မဲဆန္ဒရှင်ဦးရေစာရင်းများ မှန်ကန်စေရေး စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက မဲရုံတစ်ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် မဲရုံစောင့်များ သင်တန်းပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ အင်အားကြီးနိုင်ငံရေးပါတီများ ဖြစ်ကြသည့် NLD နှင့် USDP တို့က လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာမူ ရှမ်းပြည်နယ်တွင် နေရာ ၁၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများစာရင်းမှာ (၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၊ (၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ (၃) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၄) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ (၅) ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)၊ (၆) ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၇) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၈) ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ (၉) အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၀) အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၁၁) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၂) “၀” အမျိုးသားပါတီ၊ (၁၃) ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၁၄) ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ (၁၅) တအာင်း (ပလောင်) အမျိုးသားပါတီ၊ (၁၆) ကချင်အမျိုးသားပါတီ၊ (၁၇) ကယန်းအမျိုးသားပါတီ၊ (၁၈) အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၉) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂၀) လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂၁) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ (၂၂) ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ (၂၃) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ (၂၄) ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ (၂၅) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ (၂၆)အမျိုးသားတိုးတက်ရေးပါတီ၊ (၂၇) မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ (၂၈) အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ (၂၉) ပြည်သူ့ပါတီ၊ (၃၀) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ (၃၁) ပြည်သူ့ရှေ့ဆောင်ပါတီနှင့် (၃၂) အမျိုးသားတိုးတက်မြင့်မားရေးပါတီ တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent