ကိုင်ဟာဗက်ဇ်အား(၅)နှစ်စာချုပ်ချုပ်ဆိုရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိဟု သတင်းများထွက်လာ

ကိုင်ဟာဗက်ဇ်အား(၅)နှစ်စာချုပ်ချုပ်ဆိုရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိဟု သတင်းများထွက်လာ
Published 10 August 2020

ချယ်လ်ဆီးအသင်းသည် ဂျာမန်ကလပ် လေဗာကူဆင်အသင်း၏ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ် (၂၁ နှစ်)အား (၅)နှစ်စာချုပ်ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ဂျာမနီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၇)ပွဲကစားခွင့်ရရှိထားသူ ကိုင်ဟာဗက်ဇ်အား ချယ်လ်ဆီးအသင်းက ပေါင်သန်း(၉၀)ထက်မနည်းသော ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရဖွယ်ရှိကြောင်း ပြင်သစ်အားကစားမီဒီယာ RMC Sports က ဖော်ပြခဲ့သည်။

လက်ရှိတွင် ၎င်း၏ ပြောင်းရွှေ့ကြေးအတွက် နှစ်ဖက်အသင်းဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မော်ရိုကိုတောင်ပံကစားသမား ဇီယာ့ရှ်၊ ဂျာမနီတိုက်စစ်မှူး တီမိုဗာနာအစရှိသူတို့ကို ပေါင်သန်း (၈၀)ကျော်အသုံးပြုကာ ခေါ်ယူထားပြီး ယခု ကိုင်ဟာဗက်ဇ်မှာ အသင်းသို့ရောက်ရှိလာမည့် တတိယမြောက် နာမည်ကြီးကစားသမား ဖြစ်သည်။

အကယ်၍ RMC Sports  ၏ဖော်ပြမှုအတိုင်းသာ ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေးကိုပေးချေခဲ့ရပါက ကိုင်ဟာဗက်ဇ်မှာ ချယ်လ်ဆီးအသင်းအတွက်သာမက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်ပါ ကြေးအကြီးဆုံးကစားသမား ဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်း၏ ကြေးအကြီးဆုံးကစားသမားမှာ စပိန်ဂိုးသမား ကယ်ပါ (ပေါင် ၇၁.၆ သန်း)ဖြစ်ပြီး ပရီးမီးယားလိဂ်၏ ကြေးအကြီးဆုံးကစားသမားမှာ မန်ယူကွင်းလယ်လူ ပေါ့ဘာ(ပေါင် ၈၉ သန်း)ဖြစ်သည်။  

လေဗာကူဆင်အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၁)ပွဲကစားကာ (၄၅)ဂိုးသွင်းယူပေးထားသည့် ကိုင်ဟာဗက်ဇ်ကိုခေါ်ယူရန် ချယ်လ်ဆီးအသင်းသည် ရာသီမကုန်မီကပင် ကြိုးပမ်းခဲ့ပြီး ယခုသဘောတူညီမှုရရှိကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

 

Most Read

Most Recent