ပထမအကြိမ်မဲစာရင်းတွင် ၎င်း၏မိသားစုပင် မဲစာရင်းမှားယွင်းဟု အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ပထမအကြိမ်မဲစာရင်းတွင် ၎င်း၏မိသားစုပင် မဲစာရင်းမှားယွင်းဟု အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 5 August 2020
ဉာဏ်လင်းထွန်း

ပထမအကြိမ် မဲစာရင်းတွင် ၎င်း၏မိသားစုပင် မဲစာရင်းမှားယွင်းမှုနှင့် ကြုံတွေ့ရသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ သြဂုတ် ၅ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြုလုပ်သည့် အွန်လိုင်းစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်မိသားစုမှာတောင်မှ အဲဒီလိုမှားတာတွေ ဖြစ်ပေါ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော့်ရဲ့ သားရဲ့မိခင်နာမည် မှားပါတယ်။ ကျွန်တော့်ချွေးမရဲ့ ဆုံးသွားတဲ့အဘွားရဲ့ နာမည်ပြန်ပါနေပါတယ်။ မွေးသက္ကရာဇ်တောင်မှ အသက်ပြန်ငယ်နေပါသေးတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထုတ် ပြန်မှုတွင် အမှားအယွင်းများလျက်ရှိသည်ကို တွေ့ရှိရပြီး မဲစာရင်းမှားယွင်းမှုများအပေါ် မည်သို့သုံးသပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လဝကဝန်ကြီးအား မေးမြန်းခဲ့သည်။

ယင်းသို့ မှားယွင်းမှုများသည် မဲစာရင်းကောက်ယူဖြည့်သွင်းမှု၊ ကွန်ပျူတာရိုက်နှိပ်ရာတွင် ချို့ယွင်းမှုနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားသည်။

“ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တဲ့ နေရာမှာ အချို့သောမဲဆန္ဒနယ်များမှာ လူဦးရေစာရင်းတွေကျန်နေတာ၊ အချက်အလက်အချို့ မှားယွင်းနေတာ၊ မပါဝင်သင့်သူများ ပါဝင်နေတာ၊ မှတ်ပုံတင်နံပါတ်များထပ်နေတာ၊ လွဲမှားနေတာတွေ၊ ကွက်လပ်ဖြစ်နေတာတွေလည်း ကျွန်တော်တို့ တွေ့ရှိပါတယ်။ ကျွန်တော်လည်း ဒါကို သတိပြုမိပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အချို့သော ပြည်သူများအနေဖြင့် မွေးသက္ကရာဇ် မမှတ်မိခြင်း၊ အိမ်ထောင်စုစာရင်း ဖြည့်သွင်းထားမှုမရှိခြင်း၊ ခရီးလွန်နေခြင်း၊ အချို့သောဒေသများတွင် လုံခြုံရေးအရ အကန့်အသတ်များ ရှိနေခြင်းတို့ကလည်း မဲစာရင်းတွင် မပါဝင်သည့် အကြောင်းရင်းများဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းကို အခြေခံကောက်ယူခဲ့သော်လည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကိုမူ မြေပြင်တွင်ရှိသည့် စာရင်းအား အခြေခံကောက်ခံခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့က ပြောကြားသည်။

အိမ်ထောင်စုစာရင်း ၆၆/ ၆  ရှိသော်လည်း မဲဆန္ဒရှင်မရှိခြင်း၊ မဲဆန္ဒရှင်ရှိသော်လည်း အိမ်ထောင်စုစာရင်းမရှိခြင်း၊ အိမ်ထောင်စုစာရင်းတစ်ခုထက် ပိုမိုရှိခြင်းတို့ကြောင့် အိမ်ထောင်စုစာရင်းနှင့် မြေပြင်တွင် အမှန်တကယ်ရှိနေသည့် စာရင်းနှစ်မျိုးလုံးကို အခြေခံပြီး မဲစာရင်းကောက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“အခုဒီကောက်တဲ့ နည်းလေးကတော့ တော်တော်သဘောကျပါတယ်ခင်ဗျ။ ဒါလေးကပိုပြီးတော့ မဲဆန္ဒရှင်စာရင်းဖောင်းပွတာလည်းမရှိနိုင်တော့ဘူး။ အတတ်နိုင်ဆုံး တော်တော်လေးတော့ နီးစပ်သွားတဲ့ သဘောလို့ခံစားရပါတယ်။ သို့သော်လည်းပဲဒီမှာတော့ လက်တွေ့ကျတဲ့ အခါကျတော့ မဲဆန္ဒရှင် ကပ်လိုက်တဲ့အခါကျတော့ ဒီအမှားအယွင်းတွေက များလာတာတွေ့ရပါတယ်” ဟုဦးမြင့်နိုင်က ပြောကြားသည်။

ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ရက်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင်  နှစ်ပတ်တာ ကြေညာပြသမည့် မဲစာရင်းတွင် အမည်မှားယွင်းမှု၊ မှတ်ပုံတင်မှားယွင်းမှုတို့အပြင် အချို့သော မိသားစုဝင်များတွင် မိသားစုလိုက် မဲစာရင်းအချက်အလက် မှားယွင်းမှု၊ မဲစာရင်းမပါဝင်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကဲ့သို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ အပါအဝင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့် စသည့် ပုဂ္ဂိုလ်များလည်း မဲစာရင်းမပါဝင်မှု၊ မှားယွင်းမှုများ ကြုံတွေ့ခဲ့ရသည်။

“အဆိုးဆုံးအမှားကတော့ သမီးနဲ့ သားသမက် မှတ်ပုံတင်နံပါတ် တူနေခြင်းပါ။ နှစ်ဦးစလုံးမှတ်ပုံတင် တစ်ခုတည်းပါ။ ထပ်တူထပ်မျှ တူနေခြင်းပါ။ ပုံစံဖြည့်၍ အမှားပြင်ဆင်ခဲ့ရပါတယ်။ ဒုတိယအကြိမ် ထပ်မံကြေညာမည့် စာရင်းကျမှ မှန်၊ မမှန်ပြန်ကြည့်ရပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်၏ ဇနီး ဒေါ်ယုယုမေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၂၈ ရက်က ရေးသားဖော်ပြထားသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်ရှည်လများနေထိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့် မဲစာရင်းတွင် မပါဝင်၍ ပုံစံ (၃) ဖြင့် အမည်စာရင်း ပြန်လည်လျှောက်ထားခဲ့သော်လည်း ကွယ်လွန်ပြီးဖြစ်သည့် ၎င်း၏ဇနီးသည် မဲစာရင်းတွင် ပါဝင်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသည့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြသမှုကို အောက်တိုဘာတွင် နှစ်ပတ်ကြာ ထုတ်ပြန်မည်ဖြစ်သည်။

 

Most Read

Most Recent