NLD ပါတီက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးအား အပြောင်းအလဲပြုလုပ်

NLD ပါတီက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးအား အပြောင်းအလဲပြုလုပ်
Published 5 August 2020
ဘိုဘိုမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးအား အပြောင်းအလဲ ပြုလုပ်ထားကြောင်း ပြည်နယ် ပါတီတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို ့မွန်ပြည်နယ် ရေးမြို့နယ်မှာ ကိုယ်စားလှယ်လောင်း အပြောင်းအလဲ ဖြစ်တယ်။ နောက် မုဒုံမြို့နယ်မှာ အပြောင်းအလဲ ဖြစ်တယ်။ ရေးမြို့နယ်မှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၂) က ကိုယ်စားလှယ်လောင်း ဦးချစ်တင်အစား ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်မိုးအေး ပြောင်းလဲလိုက်တာပါ။ အဲဒါနဲ့ပတ်သက်တဲ့ ဒီနေ့မနက်ကပဲ ပါတီဗဟိုကနေ စာဝင်လာပါတယ်။ မုဒုံမြို့နယ်မှာတော့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) က ကိုယ်စားလှယ်လောင်း ဦးထွန်းကြည်ရဲ့ နေရာ အပြောင်းအလဲ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပါတီဗဟိုက စာကတော့ ဦးထွန်းကြည်ထံကို တိုက်ရိုက်သွားပါမယ်” ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်တင်အိက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဘာကြောင့် ကိုယ်စားလှယ်လောင်းကို အပြောင်းအလဲ ပြုလုပ်တယ် ဆိုတာကို ကျွန်မထံရောက်လာတဲ့ စာမှာ မဖော်ပြထားပါဘူး။ ကိုယ်စားလှယ်လောင်း အပြောင်းအလဲ ဖြစ်တယ်။ အဲဒီအကြောင်း ကျွန်မထံကို စာပို့တယ်။ ရေးမြို့နယ်က တစ်ယောက်၊ မုဒုံမြို့နယ်က တစ်ယောက်၊ ချောင်းဆုံမြို့နယ်ကျတော့ ဒီအတိုင်းပါပဲ။ အရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ စာရင်းတင်နေကြပါပြီ”ဟု ပြောကြားသည်။

ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် သွားသည့်အတွက် ပါတီတစ်ခုနှင့် တစ်ခုက ပြိုင်ဖက်တွေပဲ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည့်အတွက် ရွေးကောက်ပွဲနှင့် ပါတီပေါင်းစုံ အမြဲတမ်းရှိနေမှာ ဖြစ်ကြောင်း၊ မိမိတို့ NLD ပါတီကိုလည်း ကောင်းအောင်လုပ်နေသလို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တခြားသော နိုင်ငံရေးပါတီများလည်း အကောင်းဆုံးဖြစ်အောင် လုပ်နေကြမှာပဲ ဖြစ်ကြောင်း၊ မိမိပါတီ နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြသော်လည်း ပြည်သူများပေးသည့် ဆန္ဒမဲဖြင့်သာ အဆုံးအဖြတ်ခံယူရမှာ ဖြစ်ကြောင်း လက်ရှိ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါ်တင်အိက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းစာရင်းအား ထုတ်ပြန်ခဲ့ပြီးနောက် အရွေးခံထားရသည့် ကိုယ်စားလှယ်လောင်းများအပေါ် ပါတီဝင်များ၊ ပါတီ ထောက်ခံသူများက ကန့်ကွက်မှုများ ရှိခဲ့ကြောင်း၊ မွန်ပြည်နယ်တွင် ရေးမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် သထုံမြို့နယ်များ၌ ပါတီဗဟိုမှ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်မှုမရှိဟု ဆိုကာ ကန့်ကွက်မှုများ ရှိခဲ့ပြီးနောက် ရေးမြို့နယ်နှင့် မုဒုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးအား ပြန်လည်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent