အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီး ဧရာဝတီမြစ်ကမ်း တာရိုးကျိုးပေါက်မှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်နစ်မြုပ်လျက်ရှိပြီး ကနဦးစာရင်းအရ လူဦးရေ ၅၀၀၀ နီးပါး ရေဘေးဒုက္ခရောက်

အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီး ဧရာဝတီမြစ်ကမ်း တာရိုးကျိုးပေါက်မှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်နစ်မြုပ်လျက်ရှိပြီး ကနဦးစာရင်းအရ လူဦးရေ ၅၀၀၀ နီးပါး ရေဘေးဒုက္ခရောက်
Published 20 July 2020
မန္တလေးသတင်းအဖွဲ့

အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီး ဧရာဝတီမြစ်ကမ်း တာရိုးကျိုးပေါက်မှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်နစ်မြုပ်လျက်ရှိပြီး ကနဦးစာရင်းအရ လူဦးရေ ၅၀၀၀ နီးပါး ရေဘေးဒုက္ခရောက်နေကြောင်း သိရသည်။

အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းအတွင်းရှိ ထူးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဧရာဝတီမြစ်ကမ်းနား တာရိုးကျိုးပေါက်မှုကို ထိန်းသိမ်းနိုင်ခြင်း မရှိသေးဘဲ အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေဘေးဒုက္ခကို ခံစားနေရပြီး ရေဆက်လက် ဝင်ရောက်နေမှုကြောင့် ရေဘေးဒုက္ခသည်ဦးရေမှာလည်း ထပ်မံမြင့်တက်လာနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၁၉ ရက် ညပိုင်းက ရေဆိုးထုတ်စက်ရုံ စီမံကိန်းအတွင်း ဂလိုင်ပေါက်ဖြစ်၍ ရေစိမ့်ပေါက်ဝင်ခဲ့ပြီးနောက် ဧရာဝတီမြစ်တာရိုး ကျိုးပေါက်ခဲ့ကာ နံကပ်အင်းတစ်လျှောက်ရှိ ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာရိုးကျိုးပေါက်မှုကြောင့် လက်ရှိ ရေဝင်ရောက်နေသည့် နေရာများမှာ ယခင်က ရေဝင်ရောက်မှု နည်းပါးပြီး ယခုကဲ့သို့ နေအိမ်များ နစ်မြုပ်သည်အထိ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။

“ကျွန်မတို့ရွာက အရင်တုန်းက တာရိုးကျိုးလို့ ရေဝင်ခဲ့ဖူးတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းက ဖြစ်ခဲ့တာ။ အဲဒီနောက်ပိုင်း ရေမဝင်တော့ဘူး။ အခု ရေဆိုးစက်ရုံကို ရွာအနီးမှာ လာတည်ဆောက်တယ်။ စက်ရုံထဲက အောက်ခြေကနေ ရေစိမ့်ဝင်ပြီးနောက် တာကျိုးသွားတယ်။ ဒီစက်ရုံ လာဆောက်နေတာကို ဒေသခံတွေက သဘောမကျကြဘူး။ တာကျိုးကျမှာ စိုးရိမ်နေကြတာ။ အခု တာကျိုးသွားပြီ။ တာကျိုးသွားတာ စက်ရုံကြောင့်လို့ ဒေသခံတွေက ထင်နေကြတယ်”ဟု ရေဆိုးစက်ရုံစီမံကိန်းအနီးရှိ ရွှေဂဲကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ရေဆိုးထုတ်စက်ရုံစီမံကိန်းမှာ ရွှေဂဲကျေးရွာအနီး၌တည်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ဧရာဝတီမြစ်တာရိုး ပေါက်နေမှုကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး ရေဝင်နစ်မြုပ်နေမှုကြောင့် ကျေးရွာများအတွင်းမှ ဒေသခံပြည်သူများကို သက်ဆိုင်ရာမှ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

“အရင်တုန်းက ဒီလိုရေမကြီးဖူးဘူး။ အခု အိမ်တွေပါ မြုပ်ကုန်ပြီ။ အဓိက က ဧရာဝတီမြစ်တာရိုး ကျိုးသွားတာကြောင့် အခုလို ဖြစ်နေတာ။ ရေဆိုးစက်ရုံ စီမံကိန်းကြောင့် ဖြစ်တာလို့ ကြားရတယ်။ အဲဒီစီမံကိန်းထဲမှာ ရေစိမ့်ပေါက်ပြီးတော့ တာရိုးပါ ကျိုးကျသွားတာ။ ရေတွေက ဆက်တက်နေတုန်းပဲ”ဟု အမရပူရမြို့နယ် မှန်တန်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဧရာဝတီမြစ်တာရိုး ကျိုးပေါက်ရာနေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ပြီး တာရိုးကျိုးပေါက်မှုအား ပြင်ဆင်နိုင်ရန်အတွက် သုံးရက်ခန့် ကြာမြင့်နိုင်မည်ဖြစ်ပြီး တာရိုးကျိုးပေါက်မှု ပိုလာပါက ပိုမိုကြာမြင့်နိုင်ကြောင်း၊ ပြည်ထောက်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များ အားလုံးကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဒေသခံ ပြည်သူများကိုလည်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ ဧရာဝတီမြစ်တာရိုး ကျိုးပေါက်မှု ဖြစ်ပွားရာနေရာကို ထိန်းသိမ်းနိုင်ခြင်း မရှိသေးပဲ ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာပါက ရေကြီးနစ်မြုပ်မှုများ ပိုမိုဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ဇူလိုင် ၂၀ ရက် ညနေပိုင်းအချိန်အထိ နောက်ဆုံးရရှိထားသည့် သတင်းများအရ ရေဘေးဒုက္ခ ခံစားနေရသည့် ပြည်သူ ၅၀၀၀ နီးပါးအထိ ရောက်ရှိလာပြီး နေရာ ၁၄ နေရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

ဧရာဝတီမြစ် တာရိုးကျိုးပေါက်ရာ နေရာသို့ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့မှ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများက ဧရာဝတီမြစ်ရေမှာ လာမည့် သုံးရက်မှ ငါးရက်အတွင်း မန္တလေးမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သဖြင့် တာရိုးကျိုးပေါက်မှုကို စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာခြင်းမရှိမီ အချိန်မီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

အဆိုပါ ရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်ရာနေရာကို အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ်ထားပြီး အများပြည်သူဝင်ရောက်မှု မရှိစေရန် ပိတ်ထားကာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်တာရိုး ကျိုးပေါက်မှုအပေါ် ဝေဖန်မှုများရှိနေကြပြီး ရေဆိုးထုတ်စက်ရုံ စီမံကိန်းကြောင့် ယခုကဲ့သို့ တာရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။

အမရပူရမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေး၌ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသည့်  ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီး ဧရာဝတီမြစ်တာရိုး ကျိုးပေါက်မှုဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် ည ၉ နာရီခွဲက အဆိုပါ ရေဆိုးထုတ်စက်ရုံစီမံကိန်းမှ ဧရာဝတီမြစ်ဘက်ခြမ်းသို့ ပို့လွှတ်မည့်  Diameter 1000 mm & Sd Mlld steel pipe  ပိုက်လိုင်း လေးလိုင်းကို ဧရာဝတီမြစ် ကမ်းနားလမ်းအောက်မှ သယ်ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဧရာဝတီမြစ်ရေထိန်းတံတားအောက်၌ တာရိုးမှ ရေပေါက်ထွက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တာရိုးပေါက်ကျမှု ဖြစ်ပွားရာနေရာသို့ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များ အစရှိသည့် အဖွဲ့အစည်းပေါင်းစုံတို့ ပါဝင်သည့် အဖွဲ့များမှ တာကျိုးပေါက်ရာအနီးရှိ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်၊ ကျန်တန်းရပ်ကွက်၊ စျေးချိုရပ်ကွက်နှင့် ယဉ်တော်ကျေးရွာများသို့ သွားရောက်၍ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်တွင် တာရိုးမှာ ၁၅ ပေ အကျယ်ခန့် ပေါက်နေပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဧရာဝတီမြစ်တာရိုးမှာ ဇူလိုင် ၂၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် လုံးဝကျိုးပေါက်ခဲ့ကြောင်း၊ တာရိုးကျိုးပေါက်ကျသွားခဲ့ပြီးနောက် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေများ အဆက်မပြတ် စီးဝင်နေခဲ့ကြောင်း၊ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခန့်အထိ မြေနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် ကျန်တန်းရပ်ကွက်၊ မှန်တန်းရပ်ကွက်၊ ၀ါးတန်း တောင်နှင့် မြောက်တို့တွင် ရေများ ငါးပေခန့်အထိ မြင့်တက်ခဲ့ကြောင်း၊ ဆက်လက်၍ ယဉ်တော်ကျေးရွာ မြေနိမ့်ပိုင်းတွင် ရေများ ငါးပေခန့် ဆက်လက် စီးဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တာရိုးမှာ ပေ ၄၀ ကျော်အထိ ရေတိုက်စားသွားခဲ့ပြီ ဖြစ်ကြောင်း၊ ရေများ ဝင်လာသဖြင့် ရေဘေးသင့် အိမ်ခြေ ၁၄၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၁၄၀၀ ကျော်နှင့် ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း အမရပူရမြို့နယ် မီးသတ်ဦးစီးဌာန၏ ဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent