ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်မှုနှင့်ရငွေများ ကြိုတင်ခန့်မှန်းခြင်းကို ကမ္ဘာ့ဘဏ်နှင့် နော်ဝေနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုန်းတွင်း၊ ကမ်းလွန်စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်းများ၏ ထုတ်လုပ်မှုပမာဏနှင့် ရရှိမည့်ရငွေ၊ ရေနံကုမ္ပဏီများထံမှ ရရှိနိုင်မည့်အခွန်ဝင်ငွေများ ခန့်မှန်းဆောင်ရွက်မည်

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်မှုနှင့်ရငွေများ ကြိုတင်ခန့်မှန်းခြင်းကို ကမ္ဘာ့ဘဏ်နှင့် နော်ဝေနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုန်းတွင်း၊ ကမ်းလွန်စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်းများ၏ ထုတ်လုပ်မှုပမာဏနှင့် ရရှိမည့်ရငွေ၊ ရေနံကုမ္ပဏီများထံမှ ရရှိနိုင်မည့်အခွန်ဝင်ငွေများ ခန့်မှန်းဆောင်ရွက်မည်
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 18 July 2020

ရှေ့လာမည့် ဘဏ္ဍာနှစ်များအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်မှုနှင့် ရငွေများ ကြိုတင်ခန့်မှန်းခြင်းကို ကမ္ဘာ့ဘဏ်နှင့် နော်ဝေနိုင်ငံ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ကုန်းတွင်းရေနံမြေ၊ ကမ်းလွန်စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်းများ၏  ထုတ်လုပ်မှုပမာဏနှင့် ရရှိမည့် ရငွေအခြေအနေ၊ ရေနံကုမ္ပဏီများထံမှ ရရှိနိုင်မည့် အခွန်ဝင်ငွေများကို ကြိုတင်ခန့်မှန်းနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၂၀၂၀-  ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဓိကရရှိသော ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုမှ ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်းပေါင်း ၆၂၉၈၆၂ ၊ ကုန်းတွင်းရေနံမြေများမှ ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်းပေါင်း ၁၇၃၄၄ ၊ စုစုပေါင်းထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း ၆၄၇၂၀၆ ထွက်နိုင်မည်ဟု ခန့်မှန်းထားသောကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းနှင့်နှိုင်းယှဉ်ပါက ထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း ၁၇၇၇  တိုးမြင့်လျာထားကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုအနက် ၁၉၉၆ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ၁၉၉၀ ပြည့်နှစ်မှ စတင်ထုတ်လုပ်ခဲ့သည့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတို့သည် စီမံကိန်းကာလပြီးဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်၍ ထုတ်လုပ်မှုနှုန်းများ အကျဘက်သို့ တဖြည်းဖြည်း ဦးတည်နေကြောင်း သိရသည်။

ရဲတံခွန်စီမံကိန်းအနေဖြင့် ထုတ်လုပ်မှုပမာဏ လျော့နည်းရခြင်း အကြောင်းရင်းမှာ Post Plateau Period သို့ ရောက်ရှိချိန်ဖြစ်သောကြောင့် အဆင့်ဆင့်ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းရခြင်းမှာ သဘာဝဓာတ်ငွေ့ ထုတ်ယူသုံးစွဲမှု သက်တမ်းကြာမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကမ်းလွန်သဘာဝဓာတ်ငွေ့ စျေးနှုန်းများမှာ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့တွင် 1 MMBTU လျှင် ဒေါ်လာ ၈ ဒသမ ၈၈၁၄ နှုန်း၊ ရွှေစီမံကိန်းတွင် 1 MMBTU လျှင် ဒေါ်လာ ၇ ဒသမ ၃၉၄၉ နှုန်း၊ ရဲတံခွန်၏ ရေနံစိမ်းနှင့် လေဆီစျေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၅ နှုန်းတို့ ဖြစ်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍  ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် ကျပ် ၄၅၇ ဒသမ ၇၅၅ ဘီလျံရရှိမည်ဖြစ်ပြီး စီမံကိန်းများအတွက် လက်မှတ်ရေးထိုးခ Signature Bonus ကို ယခုနှစ်တွင် ထည့်သွင်းလျာထားနိုင်မှု မရှိကြောင်း၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်းမှရရှိမည့် ကျပ် ၁၄၇၉ ဒသမ ၄၇၁ ဘီလျံ၊ ကုန်းတွင်းရေနံမြေမှ ရရှိမည့် ကျပ် ၁၉၆ ဒသမ ၄၉၆ ဘီလျံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူပို့ဆောင်ခြင်းမှ ရရှိမည့် ကျပ် ၂၅၅ ဒသမ ၂၆၀ ဘီလျံရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွင် တူးဖော်၊ ရှာဖွေနေဆဲစီမံကိန်းသစ်များမှ စီးပွားဖြစ် ထုတ်လုပ်နိုင်မှုအချိန် နောက်ကျနေပါက လာမည့်နှစ်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၏ဝင်ငွေ တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ခဲ့သည့် ရတနာစီမံကိန်းနှင့် ၁၉၉၀ ပြည့်နှစ်တွင် ထုတ်လုပ်မှုစတင်ခဲ့သည့် ရဲတံခွန်စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းများသည် အကျဘက်သို့ တဖြည်းဖြည်း ဦးတည်နေပြီး နောင်လာမည့် ၂၀၂၃ ခုနှစ်တွင် စီမံကိန်းကာလပြီးဆုံးမည့် အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်သောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကမ်းလွန်စီမံကိန်းသစ်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် တွန်းအားပေးခြင်းနှင့် ထုတ်လုပ်မှုကျဆင်းနေသည့် စီမံကိန်းများအတွက် ကျားကန်ပေးခြင်းဖြင့် ဝင်ငွေများ လျော့နည်းမှု သက်သာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

Most Read

Most Recent