၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၂ ဘီလျံ၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၇ ဘီလျံရရှိရန်နှင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၂ ဒသမ ၃ ဘီလျံဖြစ်ရန်ရည်မှန်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၂ ဘီလျံ၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၇ ဘီလျံရရှိရန်နှင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၂ ဒသမ ၃ ဘီလျံဖြစ်ရန်ရည်မှန်း
မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 18 July 2020
နီလာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၆ ဒသမ ၂ဘီလျံ၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၇ ဘီလျံရရှိရန်နှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံဖြစ်ရန် ရည်မှန်းထားကြောင်း ၂၀၂၀-  ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၌ ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်အရ အထက်ပါအတိုင်း ရည်မှန်းထားခြင်းဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် သွင်းကုန်တင်သွင်းမှု ပိုမိုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၉၀၀ ကျော်ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃ ရက်အထိ ကိုးလကျော်တွင် မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏ ဒေါ်လာ ၁၃ ဒသမ ၂၈၅ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၃၅၀ ကျော်သာ ပိုမိုတင်ပို့နိုင်ခဲ့သည်။

သို့သော်လည်း ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၁၅ ဒသမ ၀၉၂ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၂၆ ဘီလျံအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပို့ကုန်/သွင်းကုန်ပမာဏ နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ဒေါ်လာ ၁ ဒသမ ၈၀၆ ဘီလျံ ပိုမိုတင်သွင်းထားသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၈၀၆ ဘီလျံအထိ ဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၉၀၀ ခန့်သာရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာ ၉၁၅ ဒသမ ၆၈၂ သန်း ပိုမိုဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့ မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲ၍ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတစ်ဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်းလျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့၌ အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိလျှော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent