ပြည်တွင်းစျေးကွက်အတွင်း တရားမဝင် ဝင်ရောက်နေသည့် စားသောက်ကုန်အချို့ မူရင်းစျေးထက် လျှော့ချရောင်းနေခြင်းကြောင့် အမျိုးအစားတူ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ အခက်တွေ့နေဟုဆို

ပြည်တွင်းစျေးကွက်အတွင်း တရားမဝင် ဝင်ရောက်နေသည့် စားသောက်ကုန်အချို့ မူရင်းစျေးထက် လျှော့ချရောင်းနေခြင်းကြောင့် အမျိုးအစားတူ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ အခက်တွေ့နေဟုဆို
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း)
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း)
Published 14 July 2020

ပြည်တွင်းစျေးကွက်အတွင်း၌ တရားမဝင် ဝင်ရောက်နေသည့် စားသောက်ကုန်အချို့ မူရင်းစျေးထက် စျေးနှုန်းလျှော့ချရောင်းနေခြင်းကြောင့် အမျိုးအစားတူ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ အခက်အခဲ ဖြစ်နေကြောင်း ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်သောလုပ်ငန်းရှင်များထံမှ သိရသည်။

“ ပြောရမယ်ဆိုရင် ဒီဟာက Cargo အနေနဲ့ သူတို့က သွင်းလာတာ တစ်ကယ်တမ်းတော့ တစ်ခုခုပေါ့နော် ၊ အခွန်များမယ့် ပစ္စည်းတွေကို သွင်းလာတာ။ သူတို့က အဲ့ကောင်တွေကို ရှောင်ချင်တော့ အပြင်ကနေ အမည်တစ်ခုနဲ့ ကြာဆန်ကို Cargo  အနေနဲ့ ဖုံးလာတာဗျ။ ဒီကုန်တွေကို သူတို့အမြတ်ရလို့ မဟုတ်ဘူး။ Cargo အနေနဲ့ ဖုံးလာတယ်။ အတွင်းမှာ တန်ဖိုးရှိပစ္စည်းတွေပါတယ်။ ပြီးတော့မှ ဒီဘက်မှာ ငွေပြန်ဖော်တဲ့သဘောနဲ့ ဟိုဘက်ထက် စျေးသက်သာတဲ့ စျေးနှုန်းနဲ့ ရောင်းချတယ်။ တကယ်တမ်းဆိုရင် ဒါမျိုးတွေကို အရေးယူပေးမယ်ဆိုရင်တော့ တရားမဝင် ဝင်လာတဲ့ဟာတွေ သေသေချာချာ အရေးယူပေးမယ်ဆိုရင် ပြည်တွင်းက လုပ်ငန်းတွေလည်း အသက်ရှူချောင်မယ်ပေါ့။ ကျွန်တော်တို့ ထုတ်ကုန်မှမဟုတ်ပါဘူး။ တရုတ်ဘီယာတို့ ဘာတို့ဆိုလည်း အဲလိုပြဿနာလေးတွေ ရှိတယ်ပေါ့နော်” ဟု ပြည်တွင်း  စက်မှုကုန်ထုတ်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ တင်သွင်းသော အမှတ်တံဆိပ်တစ်ခုရှိသည့် ကြာဆန်၏ စျေးနှုန်းသည် ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ရောင်းချသောစျေးထက် ရန်ကုန်မြို့တွင် ရောင်းချနေသော စျေးနှုန်းမှာ လျော့ကျနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Super Market တွင် ရောင်းချသော အဆိုပါကြာဆန်တစ်ဘူး၏ စျေးနှုန်းမှာ ၁၄၂ ဘတ် ဖြစ်ရှိသည်။ ငွေလဲလှယ်နှုန်းမှာ တစ်ဘတ်လျှင် ၄၅ ကျပ်ခန့်ဖြစ်သောကြောင့် တစ်ဘူးလျှင် ကျပ် ၆၃၅၀ ကျော် အထိရှိသည်။

သို့သော် ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စျေးနှုန်းမှာ တစ်ဘူးလျှင် ကျပ် ၆၁၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပို့ဆောင်ခ၊ အခွန်ပေးဆောင်မှုများ ပေါင်းပြီး ရှိသင့်ရှိထိုက်သော စျေးနှုန်းများထက် များစွာလျော့နည်းပြီး ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံ ထုတ်ကုန်များနှင့် စျေးကွက်ယှဉ်ပြိုင်မှုများတွင် တရားမဝင် ဝင်ရောက်နေခြင်းများက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိကြောင်း၊ အဆိုပါကိစ္စရပ်များအတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အစိုးရမှ တတ်နိုင်သရွေ့ ဖြေရှင်းပေးသွားရမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်က ပြုလုပ်သည့် COVID-19 နှင့် သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအစီအစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။