ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် RCSS ဥက္ကဋ္ဌ ပြောကြား

ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် RCSS ဥက္ကဋ္ဌ ပြောကြား
Published 10 July 2020
 မင်းနိုင်စိုး

ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဆိုပါက အားလုံး လိုလားတောင့်တသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-SEAO) မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို ဇူလိုင် ၁၀ ရက်တွင် Online Video Conferencing ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားရာတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“တစ်စုတစ်ဖွဲ့အရေး၊ လူမျိုးတစ်မျိုးအရေးထက် အားလုံးအရေး၊ ပြည်ထောင်စုအရေးကို ဦးထိပ်ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစိုက်မတ်မတ်ဆောင်ရွက်သွားကြမယ်ဆိုရင် မိမိတို့အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ယခုပြုလုပ်သော PPST အစည်းအဝေးတွင် ရှစ်ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရနှင့်NCA- SEAO နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ၏ ညှိနှိုင်းဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များကို အဓိကအလေးပေး ဆွေးနွေးသုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင်ပါဝင်မည့် အဓိကအပိုင်း (၃) ပိုင်းဖြစ်သော NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရရှိထားသော ဆွေးနွေးညှိနှိုင်းမှု ရလဒ်များအပေါ် PPST အစည်းအဝေးက လမ်းညွှန်မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ အစီရင်ခံတင်ပြချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ယခု PPST အစည်းအဝေးတွင် သုံးသပ်ဆွေးနွေး၍ လမ်းညွှန်မှုများ ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ လျာထားတဲ့အချိန်ကာလအတိုင်း ညီလာခံ ကျင်းပနိုင်ရေးနဲ့ ရလဒ်ကောင်းထွက်ရှိတဲ့ ညီလာခံဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

PPST အဖွဲ့ကို NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့- ငြိမ်းချမ်းရေးကောင် စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။             

 

Most Read

Most Recent