နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီး လေဆိပ်များ ပြန်လည်ဖွင့်လှစ်ရန် ယခုနှစ်၏ တတိယသုံးလပတ် နောက်ပိုင်းမှသာ မျှော်လင့်နိုင်သည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဦးစွာစတင်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါပြောကြားမှုကို ဒုတိယသမ္မတက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ရရက်က ပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၀) အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ကြောင့် ဖြစ်ရသည့် လူမှုစီးပွားသက်ရောက်မှုများကို ဖြေလျှော့ပေးရန် နိုင်ငံတော်က COVID-19 Economic Relief Plan ကို ချမှတ်လုပ်ဆောင်နေကြောင်း၊ CERP ၏ နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ကို ရေးဆွဲအတည်ပြုချက် ရယူပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အဆင့်သုံးဆင့် ဖြင့်စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပထမအဆင့် Survival အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့်လိုင်စင်ကြေး ဖြေလျှော့ပေးခြင်း၊ ပေးဆောင်ရမည့် အခွန်အခများကို အချိန်ကန့်သတ်ရွှေ့ဆိုင်းပေးခြင်း၊ လုပ်ငန်းရှင်များကို လုပ်ငန်းဆက် လက်လုပ်ဆောင်နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ပေးခြင်း၊ ဌာနပိုင်အဆောက်အဦငှားရမ်းခများ သက်သာခွင့် ပေးနိုင်ရန်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ဆဲဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် Reopening ကို လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီး ပြည်ဝင်ခွင့်များ ပြန်လည်ပေးအပ်၍ လေဆိပ်များ ပြန်လည်ဖွင့်လှစ်သည်ကို ယခုနှစ်၏ တတိယသုံးလပတ် နောက်ပိုင်းမှသာ မျှော်လင့်နိုင်သည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းဖြင့် ဦးစွာစတင် ရမည်ဖြစ်ပါကြောင်း၊ ထိုသို့စတင်ရာတွင် COVID-19 ရောဂါကူးစက်မှု ပြန်လည်တိုးတက်မလာနိုင်ရန် သတိကြီးစွာထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံခရီးသွား ကဏ္ဍလုပ်ငန်း လမ်းညွှန်ဖြစ်သည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃ -၂၀၂၀) ကိုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖော်ဆောင်ခဲ့ရာ နိုင်ငံတော်က ပုဂ္ဂလိက ကဏ္ဍကို လုပ်ပိုင်ခွင့် မြှင့်တင်ပေးခြင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ခရီးသွားလာရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပိုမိုပါဝင်စေနိုင်ရန် ဒေသအလိုက် ခရီးသွားစီမံကိန်းများ ရေးဆွဲဖော်ဆောင်စေခြင်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်ရန် ပြည်ဝင်ခွင့်ဖြေလျှော့ပေးခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သဘာဝခရီးသွားလာရေးလုပ်ငန်းတိုးမြှင့်နိုင်ရန် ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးခြင်း၊ မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး ဘေးအန္တရာယ်ကင်းစွာ လာရောက်လည်ပတ်နိုင်သည်ကို နိုင်ငံတကာခရီးသွားများ သိရှိနိုင်ရန် Digital Marketing လုပ်ဆောင်ခြင်း၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ဖိတ်ခေါ်၍ ရုပ်သံအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း၊ ပြည်ပနိုင်ငံများတွင် Road Show များ ပြုလုပ်ခြင်း၊ Familirization Trip များ ဖိတ်ခေါ်ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ပြည်ပခရီးသွား ၃ ဒသမ ၅ သန်းကျော် ဝင်ရောက်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွား ၄ ဒသမ ၄ သန်းခန့်အထိ ဝင်ရောက်ခဲ့သဖြင့် ပြည်ပခရီးသွား တစ်သန်းနီးပါးခန့် တိုးတက်ဝင်ရောက်ခဲ့ကြောင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/ ၂၀၂၀) အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ၏ ပြောကြားချက်အရ သိရသည်။















