COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံကျော်ထုတ်ချေးထားမှုတွင် MSME များသို့ ကျပ်ဘီလျံ ၇၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများသို့ ကျပ်သန်း ၆၃၀၀ ကျော်နှင့် ခရီးသွားလုပ်ငန်းများသို့ ကျပ်သန်း ၃၇၀၀ ကျော်သာရှိ

COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံကျော်ထုတ်ချေးထားမှုတွင် MSME များသို့ ကျပ်ဘီလျံ ၇၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများသို့ ကျပ်သန်း ၆၃၀၀ ကျော်နှင့် ခရီးသွားလုပ်ငန်းများသို့ ကျပ်သန်း ၃၇၀၀ ကျော်သာရှိ
  လှိုင်သာယာစက်မှုဇုန် (၂) ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ပိတ်သိမ်းသဖြင့် အလုပ်သမားများအား နစ်နာကြေးပေးနေသည်ကို မေလအတွင်းက တွေ့ရစဉ်
လှိုင်သာယာစက်မှုဇုန် (၂) ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၃) ပိတ်သိမ်းသဖြင့် အလုပ်သမားများအား နစ်နာကြေးပေးနေသည်ကို မေလအတွင်းက တွေ့ရစဉ်
Published 9 July 2020
နီလာ

COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံကျော်ထုတ်ချေးထားမှုတွင် စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ MSME များသို့  ကျပ်ဘီလျံ ၇၀ ကျော်အထိ အများဆုံးထုတ်ချေးထားပြီး ဟိုတယ်လုပ်ငန်းများသို့ ကျပ် ၁၅ ဒသမ ၇ ဘီလျံကျော်၊ အထည်ချုပ်လုပ်ငန်းများသို့ ကျပ်သန်း ၆၃၀၀ ကျော်နှင့်ခရီးသွားလုပ်ငန်းများသို့ ကျပ်သန်း ၃၇၀၀ ကျော် ထုတ်ချေးထားကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီသည် COVID-19 ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် COVID-19 Fund ထူထောင်ကာ စီးပွားရေးထိခိုက်မှု အများဆုံးခံခဲ့ရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှစ၍ ချေးငွေများ ထုတ်ချေးပေးခဲ့သည်။

လုပ်ငန်းကော်မတီ၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်စွဲပါ ကြေညာချက်တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေခုနစ်ကြိမ်ခွဲ၍ ထုတ်ချေးပေးထားသည်။

လုပ်ငန်းတစ်ခုချင်းအလိုက် ချေးငွေရရှိမှုကို လေ့လာကြည့်ပါက စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ MSME ၂၅၅၀ သို့ ချေးငွေကျပ် ၇၀၀၈၁ ဒသမ ၁၀ သန်း (ကျပ်ဘီလျံ ၇၀ ကျော်) ဖြင့် စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၆၉ ဒသမ ၃၀ ရာခိုင်နှုန်းအထိ အများဆုံးထုတ်ချေးထားသည်။

ဟိုတယ်လုပ်ငန်း ၃၄၀ သို့ ချေးငွေကျပ်  ၁၅၇၂၀ ဒသမ ၇၄ သန်း(ကျပ် ၁၅ ဒသမ ၇ ဘီလျံကျော်)အထိ ထုတ်ချေးထားပြီး စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၁၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ဒုတိယအများဆုံး ထုတ်ချေးထားသည်။

အထည်ချုပ် CMP လုပ်ငန်း ၄၅ ခုသို့ ချေးငွေကျပ် ၆၃၁၂ သန်း (ကျပ် ၆ ဒသမ ၃ ဘီလျံကျော်) ထုတ်ချေးထားပြီး စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၆ ဒသမ ၂၄ ရာခိုင် နှုန်းအထိ ထုတ်ချေးထားပြီး အခြား CMP လုပ်ငန်းနှစ်ခုသို့ ချေးငွေကျပ် ၇၅ သန်းထုတ် ချေးထားသည်။

ထို့ပြင်ခရီးသွားလုပ်ငန်း ၂၃၆ ခုသို့ ချေးငွေကျပ် ၃၇၅၇ ဒသမ ၄၆ သန်း ထုတ်ချေးထားပြီး စုစုပေါင်းချေးငွေ ထုတ်ချေးထားမှု၏ ၃ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားပြီး စားသောက်ဆိုင်လုပ်ငန်း ၂၂၀ သို့ ချေးငွေ ကျပ် ၅၁၈၂ သန်း ထုတ်ချေးထားကာ စုစုပေါင်းချေးငွေထုတ်ချေးမှု၏ ၅ ဒသမ ၁၂ ရာ ခိုင်နှုန်းအထိ ထုတ်ချေးထားသည်။

သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ခုနစ်ကြိမ်ခွဲ၍ ချေးငွေ ကျပ် ၁၀၁၁၂၅ ဒသမ ၃ဝသန်း (ကျပ် ၁၀၁ ဘီလျံကျော်) ထုတ်ချေးထားပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက်အမှတ် ၂/ ၂၀၂၀ နှင့်အညီ စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။                                       

 

Most Read

Most Recent