မိတ္ထီလာခရိုင် မလှိုင်မြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်း အတွင်းရှိ ပန်ကာများ၊ ရေနွေးအိုးနှင့် ထိုင်ခုံ ၂၁ လုံး ခိုးယူခံရသဖြင့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်
ဇူလိုင် ၅ ရက်က မိတ္ထီလာခရိုင် မလှိုင်မြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး (၅၀ နှစ်) သည် နေအိမ်တွင်ရှိနေစဉ် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆိုင်းဘုတ်များ ဖြုတ်ချထားကြောင်း သိရှိရသဖြင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား သွားရောက်ကြည့်ရှုခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုင်းဘုတ်၊ ရပ်ကွက်ကော်မရှင်ရုံး ဆိုင်းဘုတ်၊ အမှတ် (၁) ရောင်းဝယ်ရေး သမဝါယမ ဆိုင်းဘုတ်များအား ဖြုတ်ချထားသည်ကို တွေ့ရှိရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းအား စစ်ဆေးခဲ့ရာ ရုံးခန်းအတွင်း ထားရှိသော မတ်တပ်ပန်ကာတစ်လုံး၊ ပန်ကာအနိမ့်တစ်လုံး၊ လျှပ်စစ်ရေနွေးအိုးတစ်လုံး၊ အချိုပန်းကန်သေးနှစ်စုံ၊ ကြွေပုဂံကြီးလေးချပ်၊ သစ်သားထိုင်ခုံဟောင်းတစ်လုံး၊ ဖိုက်ဘာခုံအဟောင်း အလုံး ၂၀ စသော ပစ္စည်းများ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ဇူလိုင် ၆ ရက် ညနေပိုင်းတွင် မလှိုင်မြို့မရဲစခန်းသို့ ဦးမင်းမင်းစိုးမှ တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။
ဓကျွန်တော်တို့ ရုံးဖွင့်တဲ့နေရာက ရပ် ကျေးသမဆိုင်ခန်းနေရာတွေ။ အဲဒီနေရာက သူ့ဘကြီးက ပိုင်တယ်။ အမေကြီးက ပိုင်တာ၊ အဲဒီလို ပြည်သူပိုင်သိမ်းထားတယ်ဆိုတဲ့ ဇာတ်လမ်းလေးတွေရှိတယ်။ အရင်တစ်ခါ ဖြစ်ဖူးတုန်းက ကျွန်တော်တို့က ကောင်မလေး ကိုခေါ်ပြီး လမ်းညွှန်ပေးတယ်။ တို့ရုံးကိုတော့ စောဒကမတက်နဲ့၊ တို့လည်း ရုံးခန်းနေရာ မရှိလို့ ဖွင့်ရတာ။ တခြားနေရာတွေမှာလည်း ဒီလိုပဲဖွင့်ကြရတာ။ ခုမှဖွင့်တာလည်း မဟုတ်ဘူး။ အစဉ်အဆက် ဒီနေရာမှာဖွင့်လာတာ မို့လို့ တို့လက်ထက်လည်း ဒီနေရာမှာပဲ ဖွင့် ထားရတာ။ တို့အထက်မှာလည်း မြို့နယ်အုပ် ချုပ်ရေးမှူးတို့ ဘာတို့ရှိသေးတယ်။ ဒီနေရာ လေးကို ကိုယ့်မှာ ပြန်လိုချင်ရင် ဥပဒေလမ်း ကြောင်းအတိုင်းသွား၊ သမဌာနတို့မှာ ရလို မှုနဲ့ လျှောက်ထား၊ အမှုရင်ဆိုင်ရင် ရလိုရငြား ဖြစ်မယ်။ အဲဒီလို ကျွန်တော်တို့ အရင်တစ်ခါ ခေါ်ပြောဖူးတယ်။ အခုလိုဆိုတော့ ကောင် မလေးက ခုတ်ရာတခြား ရှရာတခြားဖြစ်ဖြစ် နေတယ်။ လုပ်ရမှာက သမဘက် ဦးတည် တောင်းရမှာ။ အဲဒါကို ရပ်ကျေးရုံးကိုလာပြီး ကော်မရှင်ဆိုင်းဘုတ်တွေ၊ အုပ်ချုပ်ရေးမှူးရုံး ခန်းဆိုင်းဘုတ်တွေကို၊ သမဆိုင်းဘုတ်တွေ ကိုရော ဖြုတ်ပြီး ရုံးခန်းထဲထည့်ပစ်တယ်၊ အဲဒါပြီးတော့ ခုံတွေ၊ ရေနွေးအိုးတွေ၊ ပန်ကာ တွေ သူ့အိမ် သယ်သွားတယ်။ အဲဒီလို ခုံတွေ၊ ပစ္စည်းတွေ သယ်သွားလုပ်တာတော့ ဘာသဘောမှန်း မသိဘူး။ ကျွန်တော်တို့ရုံးက စျေး နားဆိုတော့ လူမပြတ်တော့ နေ့လည်းဖွင့်ထား တယ်၊ ညလည်း စျေးအစောင့်ကို ပြောထားတော့ အစောင့်လည်း ရှိတယ်။ အခုဟာ ည နေပိုင်း ညစောင့်မရောက်သေးခင်ကို ရုံးခန်း ထဲဝင်ပြီး ခုံတွေသယ်သွားတာတို့လုပ်ပစ်တာ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲတော့မသိ ဘူး။ ကျွန်တော်တို့ အမှုဖွင့်ထားတော့ ရဲက တော့ ကောင်မလေးကို ဖမ်းထားတယ်” ဟု မလှိုင်မြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက ပြောကြားသည်။
အဆိုပါအမှုအား မလှိုှုင်မြို့မရဲစခန်းမှ (ပ) ၂၁၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖွင့်လှစ်ပြီး အမှုနှင့် ပတ်သတ်၍ မလှိုင်မြို့ အမှတ် (၁) ရပ်ကွက်နယ်မြေ (၇) နေ မအိအိခိုင် (၃၅ နှစ်) အား ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။















