ကရင်လူမျိုးများသာမက အခြားလူမျိုးများလည်း ကရင်ပြည်သူ့ပါတီ (KPP) ၌ ဝင်ရောက် အရွေးခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး KPP ပါတီဥက္ကဋ္ဌ ပြောကြား

ကရင်လူမျိုးများသာမက အခြားလူမျိုးများလည်း ကရင်ပြည်သူ့ပါတီ (KPP) ၌ ဝင်ရောက် အရွေးခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး KPP ပါတီဥက္ကဋ္ဌ ပြောကြား
Published 8 July 2020
အောင်ကျော်မျိုး(ဟင်္သာတ)

ကရင်လူမျိုးများသာမက အခြားလူမျိုးများလည်း ကရင်ပြည်သူ့ပါတီ (KPP) ၌ ဝင်ရောက် အရွေးခံနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး KPP ပါတီဥက္ကဋ္ဌ စောသောမတ်စ် က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး The Daily Eleven သတင်းစာမှ မေးမြန်းမှုအပေါ်၎င်းက ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကရင်က ဒီနိုင်ငံမှာ လူမျိုးစုတစ်ခုထဲမှာ ပါတဲ့အတွက် ခေါင်းစဉ်တပ်တာကတော့ ကရင်ပြည်သူ့ပါတီ ဖြစ်တဲ့အတွက် နံပါတ် (၁) ကတော့ ကရင်ကို ကိုယ်စားပြုတာပေါ့။ ပြည်သူပါတဲ့အတွက် ပြည်သူတစ်ရပ်လုံး အတွက်လည်း ကျွန်တော်တို့ ကိုယ်စားပြုပါတယ်။ ဧရာဝတီတိုင်းမှာဆိုရင် ကျွန်တော်တို့ သိရတဲ့ ကရင်လူဦးရေ စာရင်းအရ ၁၃ သိန်းကျော် ရှိပါတယ်။ ဒါကအကြမ်းဖျင်းပေါ့။ ကျွန်တော်တို့ ကရင်လူမျိုးတွေ ပါတီထဲမှာ လာပြီး ပါဝင်မယ်ဆိုရင်လည်း ဖိတ်ခေါ်တယ်။ ကရင်ပြည်သူ့ပါတီမှာ တခြားလူမျိုးတွေလည်း လာရောက်ပြီးတော့ အရွေးခံနိုင်ပါတယ် ဆိုတာလည်း ဖိတ်ခေါ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းအရပေါ့ဗျာ။ မဲရွေးတယ်ဆိုတာ အနိုင်အရှံူးတော့ ရှိမှာပေါ့။ ဒါကကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လူနဲ့ လူ့အခွင့်အရေး ဆိုတာတော့ ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ တန်းတူအခွင့်အရေး ဆိုတာတော့ လူမျိုးစုတိုင်း၊ တိုင်းရင်းသားတိုင်းမှာ ညီညီမျှမျှ ရပါစေလို့ပဲ ကျွန်တော် ဒီလိုပဲ ဆုတောင်းရင်းနဲ့ ပြောလိုပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဋ္ဌ စောသောမတ်စ် က ပြောကြားသည်။

ကရင်လူမျိုးအများစု နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များ၌ ကရင်ပြည်သူ့ပါတီ (KPP) မှ ရွေးကောက်ပွဲ ဝင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများ လျာထားမှုကို ပါတီဗဟိုထံ ၁၅ ရက်တွင် နောက်ဆုံးတင်ပြသွားရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 “ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်လူမျိုးအများဆုံး နေထိုင်တာကို ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီ က (၉) မြို့နယ် သတ်မှတ်ထားတယ်။ အိမ်မဲ၊ ပန်းတနော်၊ ဝါးခယ်မ၊ ညောင်တုန်း၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ မြောင်းမြ၊ ကျောင်းကုန်း၊ ငပုတော၊ ဓနုဖြူ တို့ဖြစ်ပါတယ်။ ဒီနယ်မြေတွေမှာ ကရင်တွေ များတဲ့အတွက် ဒီနေရာတွေမှာ ရွေးဖို့အစီအစဉ် ရှိတာပေ့ါ။ တစ်မြို့နယ်မှာ နှစ်ယောက်နှုန်းပေါ့ဗျာ။ ကျွန်တော်တို့ များများလည်း သိပ်မရွေးနိုင်ပါဘူး။ တစ်တိုင်းလုံးမှာ ၃၀ လည်း မကျော်ပါဘူး။ ကရင်ပြည်သူ့ပါတီ ဖြစ်တဲ့အတွက် အခြားလူမျိုးတွေကိုကျတော့ စည်းရုံးတာ နည်းနည်းလိုသေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့က တိုင်းဒေသကြီး (၁) ၊ (၂) ဒီဟာကိုပဲ အားထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကတော့ အနည်းဆုံးတော့ ၁၀ ယောက်လောက် အနိုင်ရအောင် ကြိုးစားမယ်။ ဒီလိုတော့ စံနှုန်းထားထားတယ်”ဟု စောသောမတ်စ် ကပြောကြားသည်။

ထို့ပြင် ကရင်လူထုအနေဖြင့် ကရင်ပြည်သူ့ပါတီသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေပြီး ဘဏ္ဍာရေး မရှိကြောင်း၊  မဲအောင်နိုင်ရေးသည်လည်း ဒေသဆိုင်ရာ မြို့နယ်ပါတီဥက္ကဋ္ဌမှာ နံပါတ် (၁) အရေးကြီးပြီး အထူးသဖြင့် ကရင်လူထုမဲပေးမှသာ ကရင်များ မဲနိုင်မည်ဆိုသည်ကို သိရန် အရေးကြီးကြောင်း  ၎င်းကဆိုသည်။

“နောက်တစ်ခုက အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကလည်း အရည်အချင်းရှိမှလည်း ကျွန်တော်တို့ အောင်မြင်မှာ ဖြစ်တဲ့အတွက် ကရင်လူမျိုးတွေရော၊ အခြားလူမျိုးတွေရော ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ဒီအပတ်ကျတော့ လူကိုကြည့်ပါ ဆိုလို့ရှိရင်တော့ ဒီနေရာမှာ ဖြူတာ မဲတာ မကြည့်ဘဲနဲ့ တော်တဲ့သူတွေကိုကြည့်ပြီး မဲပေးပါလို့ပဲ ဒီလိုပဲပြောချင်ပါတယ်။ ကျွန်တော်တို့ သိတာက လူနည်းစု အခွင့်အရေးကို လူများစုက မပယ်နိုင်တဲ့ ဒီမိုကရေစီနည်းလမ်းအရ အရွေးခံမှာပါ။ နိုင်တာ ရှုံးတာ အကြောင်းမဟုတ်ပါဘူး” ဟု စောသောမတ်စ် ကပြောကြားသည်။

ကရင်တိုင်းရင်းသားများမှာ ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင် ခြောက်ခုစလုံး၌ ပျံ့နှံ့နေထိုင်လျှက်ရှိပြီး တိုင်းဒေသကြီးအတွင်း ဒုတိယလူဦးရေ အများဆုံးလူမျိုးလည်း ဖြစ်သည်။

Most Read

Most Recent