ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ဆက်သွယ်မေးမြန်းခြင်း

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ဆက်သွယ်မေးမြန်းခြင်း
Published 6 July 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု ဧရာရတနာလုပ်ကွက်ဟောင်းတွင် ဇူလိုင် ၂ ရက်က မြေပြိုကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အမြင့်ပေ ၁၀၀၀ ဝန်းကျင်မှ မြေသား စိုင်များမှာ ပေ ၃၀၀ ခန့် ကျောက်မျက်တူးဖော်ထားသည့် ကျင်းဟောင်းအတွင်းသို့ ပြိုကျ ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြိုကျမှုကြောင့်  ၁၀ ပေခန့် ရေလှိုင်းလုံးများတက်လာပြီး အခြားကန် ဘေး၌ ကျောက်တူးနေသူများကို ဆွဲချခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့သည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် မှတ်တမ်းရုပ်သံဖိုင်များအရ လူပေါင်း ၁၀၀ ဝန်းကျင် ထွက်ပြေးနေပြီး ၁၀ ပေခန့်အမြင့်ရှိသည့် ရေလှိုင်းကြောင့် သေဆုံးသူအများစုမှာ ကျောက် နံရံနှင့် ဦးခေါင်းရိုက်မိသည့်အခြေအနေတွင် ရှိသည်။ အဆိုပါမြေပြိုမှုဖြစ်စဉ်တွင် ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သေဆုံးသူ ၁၇၂ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိသည့်အပြင် မြေထပ်ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) တရား လွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူနှင့် ဆက်သွယ်မေးမြန်းခဲ့သည့် အကြောင်းအရာများကို ဖော်ပြ လိုက်ရပါသည်။ 

 

 

မေး- ဖားကန့်မှာ မြေပြိုမှုက အစိုးရအဆက်ဆက် ဖြစ်နေတဲ့အပေါ် ဘယ်လိုထိန်းကျောင်းသင့်တယ်လို့ အကြံပြုချင်ပါသလဲ။

ဖြေ - ဒါဟာ လုပ်ပိုင်ခွင့်အာဏာနဲ့တိုက်ရိုက် ဆိုင်တယ်။ ပြည်ထောင်စုမှာက လုပ်ပိုင်ခွင့် အာဏာရှိတယ်။ ပြည်နယ်မှာတော့ အပြည့်အဝ မရှိဘူး။ ကယ်ဆယ်ရေးနဲ့ နေရာချထား ရေးကလည်း လူမှုဝန်ထမ်းလောက်ပဲရှိတော့ ဗဟိုကတိုက်ရိုက်ကိုင်တဲ့အနေအထားပေါ့။ အခုဖြစ်တဲ့နေရာတွေက ဗဟိုကတိုက်ရိုက် မရောက်နိုင်ဘူး။ ဗဟိုအစိုးရမပြောနဲ့  ပြည် နယ်အစိုးရတောင် သိပ်ရောက်နိုင်တာ မဟုတ်ဘူး။ လုပ်ပိုင်ခွင့်တော့ ချပေးလိုက် တယ်။ ကုမ္ပဏီတော့ လုပ်ခွင့်ရနေတာပေါ့။ ကိုယ်စားလှယ်တွေ အခု ထောက်ပြနေတာ လည်း မှန်တာတွေ ပါတယ်။ ဥပဒေထွက်ပြီ။ နည်းဥပဒေ မထွက်သေးတော့ ဥပဒေ ဟောင်းပဲ သုံးနေရတာပေါ့။ ကုမ္ပဏီတွေ ဘက်ကလည်း နောက်ဆုံးလက်ကျန်ရှိသမျှ စက်အင်အားနဲ့ ၀ိုင်းရှာကြသလိုဖြစ်တော့ မြေစာတွေ တောင်ပုံရာပုံဖြစ်လာတာပေါ့။ အဲဒီလို မြေစာတောင်ပုံရာပုံမဟုတ်ရင် ရေမ ဆေးတွေ ရောက်စရာအကြောင်းမရှိဘူး။သေစရာအကြောင်းမရှိဘူး။ အခုက လုပ် တာက ကုမ္ပဏီပဲ။ ဒါပေမဲ့ ကုမ္ပဏီက ဒီလို ဖြစ်နေတယ်ဆိုတာ အစိုးရက ကြီးကြပ်ရမှာ ပဲ။ အဲဒါကို ရေမဆေးသမားတွေကို အပြစ် မမြင်သင့်ဘူး။

 

မေး - အခုလို မြေပြိုမှုဖြစ်စဉ်တွေက ဘာကြောင့်ဖြစ် နေရတာလဲ။

ဖြေ - ကျွန်မသိသလောက် လုပ်ကွက်လုပ် ငန်းစဉ်တွေ အန္တရာယ်ကင်းရေး၊ တူးဖော် မှုဦးစားပေးတွေ ရှိပါတယ်။ အခုဖြစ်တဲ့နေရာ က ပြိုမယ်ဆိုတာ မြင်တာနဲ့သိနေတာပဲ။ ဗဟိုအစိုးရကလည်း အာဏာရှိလို့သာချပေး တာ။ သွားမကြည့်ဘူး။ လုပ်ကွက်ထက် ပိုတူး တာတွေ၊ သက်တမ်းကုန်တွေကို တူးနေတာ တွေရှိနေတယ်လို့  ဒေသခံတွေ တစ်ချိန်လုံး ပြောနေကြတာပဲ။

 

မေး - ဖားကန့်မှာ မြေပြိုမှုကြောင့် နှစ်စဉ်လူတွေဆက် တိုက်သေနေရတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။

ဖြေ - အရင်လူတွေ ရာကျော်သေကတည်းကကို ကြီးကြပ်မှုက လုပ်ရတော့မှာ။ ဒါကြောင့် အစိုးရမှာ အဓိကတာဝန်လို့ ပြောတာ။ အပြစ်ပြောနေတာ မဟုတ်ဘူး။ အစိုးရကိုယ် တိုင် လိုက်ကြည့်နေဖို့မလိုဘူး။ ပညာရှင် တွေ၊ ဒေသခံတွေ၊ လူမှုအဖွဲ့တွေနဲ့ပေါင်းပြီး စောင့်ကြပ်မှုတွေ လုပ်ရမှာပဲ။ အခုမြေပြို မယ်ဆိုတာကို လူထုက သိနေတယ်။ ကုမ္ပဏီ ကြီးတွေကိုတော့ နားဝင်အောင်ပြောဖို့ ခက် နေတယ်။ တကယ်က တစ်ဦးစ၊ နှစ်ဦးစ ဖြစ် တာနဲ့ကိုသတိထားပြီး လုပ်ကြရမှာ။ ထိုင်းမှာလည်း ဘောလုံးအသင်းက ကလေးတွေ ဂူထဲ ဝင်ပြီး ပျောက်သွားတာပဲ။ တစ်ကမ္ဘာလုံးက ဘယ်သူမှ အပြစ်မတင်ဘူး။ လူသားချင်းစာနာစွာ ကယ်ဆယ်ခဲ့ကြတာပဲ။ အဲဒီတုန်းက မြန်မာတောင် စုပေါင်းကယ်ဆယ်မယ်ဆိုတာ ရှိခဲ့တယ်။ ဘာပဲပြောပြော အခု ကျွန်မ တို့ ပြည်သူတွေ စားဝတ်နေရေးအတွက် ကုမ္ပဏီအကြွင်းအကျန်တွေ သွားလုပ်ကြတာတော့ အပြစ်မမြင်စေချင်ဘူး။ အလုပ် အကိုင်အခွင့်အလမ်းကလည်း ကချင်ပြည်နယ်မှာ ဘာမှမရှိကြဘူး။

 

မေး - မြန်မာ့ကျောက်မျက်ရတနာ ဥပဒေထွက်ပြီး နည်းဥပဒေ မထွက်နိုင်တဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ -  ဥပဒေထွက်ပြီးရင် နည်းဥပဒေက ခြောက်လလောက်အတွင်းမှာ ထွက်ရတာပဲ။ ဘာကြောင့်ကြာသလဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်မေးခွန်းထုတ်ရမှာ ပဲ။ အစိုးရက ကုမ္ပဏီဟောင်းတွေအတွက် စောင့်တာလား။ လုပ်ကွက်တွေကုန်အောင် စောင့်တာလား။ လွှတ်တော်က Check and Balance လုပ်ရမှာပေါ့။ ဒီလောက်ကြာတာ တော့ မဖြစ်သင့်ဘူး။ နည်းဥပဒေ မထွက် မချင်း ဥပဒေဟောင်းအတိုင်း သွားနေမှာပဲ။ ဥပဒေသစ်မှာ လုပ်ကွက်အကြီးစားမရှိတော့ ဘူး။ အခုက ဥပဒေအရ အကြီးစားလုပ်ကွက် လုပ်လို့ရသေးတဲ့ အခြေအနေဖြစ်နေတာပေါ့။

 

မေး - ဖားကန့်က လုပ်ကွက်တွေနဲ့ပတ်သက်လို့ အစိုးရက ဘယ်လိုလုပ်ဆောင်သင့်လဲ။

ဖြေ - အစိုးရက ရေတို၊ ရေရှည်ကြည့်ရတော့ မှာပဲ။ အခုကြည့်ရတာ မြေတွေက ထပ်ပြို မယ့်အခြေအနေတွေ ရှိနေတယ်။ ပြိုလည်း ပြိုဦးမှာ။ အန္တရာယ်ကင်းအောင် ဘယ်လို လုပ် မလဲ။ တရားမဝင်ဖြစ်နေတယ်ဆိုတော့ တရားဝင်အောင် ဘာလုပ်ကြမလဲပေါ့။ အဲဒါတော့ စီစဉ်ပေးရမယ်။ ရေရှည်မှာတော့ မလွယ်တော့ဘူး။ အများကြီး ပြင်ယူရမယ်။ အကြီးစားလုပ်ငန်းတွေ ရပ်သွားရင်၊ အသေး စားအလတ်စားဆိုရင် ဒေသခံအခွင့်အလမ်း ပိုများလာမယ်လို့ ယူဆတယ်။

 

မေး - ဖားကန့်မှာ လုပ်ကွက်တွေချပေးတဲ့ကိစ္စမှာ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ - ပွင့်လင်းမြင်သာမှု မရှိကြသေးလို့ အခု လိုဖြစ်တယ်လို့ ယူဆရမှာပေါ့။ ပွင့်လင်းမြင် သာမှု ရှိတယ်။ ဒေသခံတွေ အားလုံးကလည်း ပူးပေါင်းတယ်ဆို ဒီလိုဖြစ်စရာအကြောင်း မရှိဘူး။

 

မေး - သမ္မတရုံးကနေ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ့်အပေါ် ဘယ်လိုမြင်ပါ သလဲ။

ဖြေ - စုံစမ်းရေးကော်မရှင်အဖွဲ့က ပြည် ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုး ရအဖွဲ့ညွှန်မှူးပဲ ပါတာတွေ့တယ်။ ပြီးရင် အကြံပြုချက်အပါအဝင် အစီရင်ခံစာတင် ကြမှာပေါ့။ တကယ်တော့ အကြံပြုတာက ပညာရှင်တွေပဲ ပြုနိုင်တာ ဖြစ်ပါတယ်။ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်မှာ ကျွမ်း ကျင်သူတွေ ပါသင့်တယ်။ ဒေသခံတွေက ကျောက်စိမ်းကို ဖင်ခုထိုင်တာ။ အခုအထိ လမ်းဆိုးဆိုး၊ ဖုန်တထောင်ထောင်း သွားနေ ကြတုန်းပဲ။

 

မေး - ဖားကန့်ဒေသမှာ ဥပဒေစိုးမိုးမှုမရှိဘူးလို့ သုံးသပ်နေကြတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ - အဲဒီမှာ ရဲတပ်ရင်း၊ စစ်တပ်၊ တရားရုံး၊ ဌာနဆိုင်ရာ အကုန်ရှိနေတယ်။ ဥပဒေစိုးမိုး အောင် ကြိုးစားရမှာပဲ။ ထိန်းသိမ်းရမှာပဲ။

 

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

 

Most Read

Most Recent