တရားမဝင် ကုန်သွယ်မှုများကို လျစ်လျူရှုထားမည် ဆိုပါက ဆက်လက်တားဆီး၍ ရနိုင်မည့် အနေအထား မရှိနိုင်တော့ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ပြောကြား

တရားမဝင် ကုန်သွယ်မှုများကို လျစ်လျူရှုထားမည် ဆိုပါက ဆက်လက်တားဆီး၍ ရနိုင်မည့် အနေအထား မရှိနိုင်တော့ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ပြောကြား
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ပြီး တရားဝင်ကုန်သွယ်မှု ဆောင်ရွက်မည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ပြီး တရားဝင်ကုန်သွယ်မှု ဆောင်ရွက်မည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ်
Published 1 July 2020
ပြည့်စုံ

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုများကို လျစ်လျူရှုထားမည် ဆိုပါက မြန်မာနိုင်ငံမှ တရားဝင် ကုန်စည်အဖြစ် သတ်မှတ်ထားသော ကုန်စည်များပါ တရားဝင် ကုန်သွယ်မှုကနေ ပျောက်ကွယ်သွားနိုင်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုဇုန် ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက သတိ‌ပေးပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုကို တားဆီးရန် ဥပဒေများ ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တရားမဝင် ကုန်သွယ်မှုများကို တားဆီးကာကွယ် တိုက်ဖျက်ရာ၌ သက်ဆိုင်ရာဌာနများက ပံ့ပိုးကူညီမှုများ အားနည်းနေခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုများ ရှိနေခြင်း ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ သိရသည်။

“ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တရားမဝင် ကုန်သွယ်မှုတွေ များနေပါတယ်။ ဝင်လာတဲ့ သွင်းကုန်ပစ္စည်းတွေမှာ တရားမဝင်ကုန် သွယ်မှုတွေရှိသလို ထွက်သွားတဲ့ပို့ကုန်ပစ္စည်း တချို့မှာလည်း တရားမဝင် ကုန်သွယ်မှုတွေ ရှိပါတယ်။ ဥပဒေတွေရှိပါတယ်။ သတ်မှတ်ချက်တွေ လုပ်ထားသော်လည်း မြေပြင်မှာ လက်တွေ့ဆောင်ရွက်တဲ့ နေရာမှာ ပံ့ပိုးမှုတွေ မရှိဘူး။ တကယ့်အဓိကကျတဲ့ လုပ်ငန်းစဉ်တွေကို မလုပ်နိုင်ဘူး ဆိုရင်တော့ ဒီတရားမဝင် ကုန်သွယ်မှုက ဆက်တားလို့ရမယ့် အနေအထားတွေ မရှိပါဘူး။ ဌာနတစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ သက်ဆိုင်ရာဌာနတွေ အုပ်ချုပ်ရေးအဖွဲ့တွေအားလုံး ပူးပေါင်းပြီး တက်ညီလက်ညီနဲ့ လုပ်မှရမယ့် လုပ်ငန်းစဉ်တစ်ရပ် အနေနဲ့ ဖြစ်ပါတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

၎င်းက ဆက်လက်ပြောကြားရာ “တစ်ဘက်ကလည်း ကျွန်‌တော်တို့ ပိတ်ပင်ထားတဲ့ သစ်တို့ ကျောက်စိမ်းတို့ ဆိုတာတွေက ကျွန်တော်တို့က ပိတ်တာပိတ်ပေမဲ့ တရုတ်နိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ ဝင်နေတယ်။ ဒါတွေကို တရုတ်နိုင်ငံက တရားဝင် ကုန်သွယ်မှုပုံစံမျိုးနဲ့ လက်ခံထားတဲ့ အခါကျတော့ ဒီလိုကွာဟချက် လေးတွေရှိတယ်။ ဆိုလိုချင်တာကတော့ ကျွန်တော်တို့သည် သစ်တွေကို ပေးမသွားဘူး။ မီးသွေးတွေ ပေးမသွားဘူး။ ကျောက်စိမ်းတွေ ပေးမသွားဘူး။ ဒါပေမဲ့ အဲဒါတွေ အားလုံးက တရုတ်နိုင်ငံရဲ့ အဓိက တရားဝင်နီးပါး သွားနေတဲ့ ကုန်ပစ္စည်းတွေ ဖြစ်နေတဲ့အပြင် လက်ရှိဆိုရင်လည်း ကျွဲနွားတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး တရားဝင် ကုန်သွယ်မှု အနေအထားကနေ ပျောက်သွားတဲ့ အနေအထား တွေ့နေရတယ်” ဟု ဦးတင်ရဲဝင်းက ဆိုသည်။

တရုတ်နိုင်ငံသည် COVID-19 ရောဂါ ဖြစ်ပွား‌နေစဉ် ရောဂါကြိုတင်ကာကွယ် လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုကို တပြိုင်နက် ထိန်းကြောင်းမှုများ ပြုလုပ်လျက်ရှိသော်လည်း ၎င်းတို့နိုင်ငံ၏ တရားဝင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ရွှေလီနယ်စပ်ကုန်သွယ်မှု ပမာဏမှာ ကွာဟချက် သိပ်မရှိခဲ့သော်လည်း မြန်မာနိုင်ငံ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု သုံးပုံတစ်ပုံ ကျဆင်းခဲ့ရာ နှစ်နိုင်ငံထုတ်ပြန်သော ကုန်သွယ်မှုပမာဏ ကွာခြားချက်များသည် မြန်မာနိုင်ငံဒေသတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းချက်များကြောင့် အမှန်ကုန်သွယ်မှုစာရင်း မရရှိဘဲ တရားမဝင် ကုန်သွယ်မှု များပြားလာခြင်း ဖြစ်ကြောင်း သိရသည်။

“တရားမဝင် ကုန်သွယ်မှုတွေကို ဘယ်လောက်ကြာမလဲ။ ဘယ်လောက်အထိ သည်းခံနိုင်မလဲ။ တရားမဝင် ကုန်သွယ်မှုတွေကို ဘယ်လောက်အထိတောင် လျစ်လျူရှုထားဦးမလဲ၊ ဌာနဆိုင်ရာပေါင်းစုံက တက်ညီလက်ညီနဲ့ ဖိဖိစီးစီး ဦးစားပေး သတ်မှတ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ပြီး ကိုင်တွယ်ဆောင်ရွက် နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံ တိုးတက်သလို တစ်ဘက်မှာလည်း တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးနိုင်မယ့် အနေအထား ဖြစ်ပါတယ်။ ရေရှည်မှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုတွေသည် လက်ရှိပုံစံနဲ့သာ ဒီပုံစံအ တိုင်းသာ ဆက်သွားနေရမယ်ဆိုရင်တော့ဖြင့် တခြားသောနည်းလမ်းတို့ဖြင့် အစားထိုးပြီး ကုန်သွယ်မှုကို စဉ်းစားရမယ့် အနေအထားမျိုး ဖြစ်လာရပါလိမ့်မယ်။ တရုတ်နိုင်ငံဘက်က ထုတ်ပြန်တဲ့ ကုန်သွယ်မှုစာရင်းတွေ ကျွန်တော်တို့နိုင်ငံဘက်က ထုတ်ပြန်တဲ့ ကုန်သွယ် မှုစားရင်းတွေ မှာလည်း အပြန်အလှန်ကွာဟ မှုလေးတွေ ကျွန်တော်တို့က တွေ့နေရတယ်။ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံမှာကျ တော့ သူ့နိုင်ငံမှာ ကုန်ဝင်လာတဲ့ ကုန်ပစ္စည်း အကုန်လုံးကို အတိအကျနီးပါး စာရင်းဇယား ကောက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။ ပို့ လိုက်တဲ့ပို့ကုန်အားလုံးကိုလည်း အတိအကျ နီးပါးစာရင်း‌ကောက်ခံနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တရုတ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက နေရာတိုင်းမှာ အပြည့်အဝ ရှိပါတယ်။ ဒါ‌ကြောင့် ကုန်သွယ်မှုစာရင်း ကိန်းဂဏန်းအားလုံးတွေမှာ အတိအကျနီးပါး လောက်ရှိပါတယ်။ တစ်ဘက်မှာကျတော့ ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အတိအကျမရှိဘူး။ တရားမဝင် ကုန်သွယ်မှု လမ်းပေါက်တွေ အများကြီးဖြစ်နေတယ်။ ကျွန်တော်တို့ တရားဝင် လမ်းကြောင်းတွေကရတဲ့ ကိန်းဂဏန်းတွေကိုပဲ ကျွန်တာ်တို့ ထုတ်ပြန်နိုင်တဲ့ အနေအထားဖြစ်တယ်။ ဒါက တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ နိုင်ငံကြားမှာ တရားဥပဒေစိုးမိုးမှု အနေအထား ကွာခြားသွားတာနဲ့အမျှ တရားဝင်ကုန်သွယ်မှုနဲ့ တရားမဝင်ကုန်သွယ်မှု ပြန်လည်ထိန်းကျောင်းတဲ့ သူတွေမှာလည်း အပြန်အလှန် ကွာဟချက်တွေ ရှိနေပါတယ်” ဟု  ဦးတင်ရဲဝင်းက ဆိုသည်။

အဆိုပါ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းပေါ်၌ တရားမဝင်ကုန်သွယ်သည် မြန်မာနိုင်ငံအတွက် အကြီမားဆုံး စိန်ခေါ်မှုတစ်ရပ် အနေဖြင့်ရှိပြီး နယ်မြေလုံခြုံရေးနှင့် ကုန်သွယ်မှုလမ်းကြောင်း လုံခြုံရေးသည် အဓိကဖြစ်ပြီး သက်ဆိုင်ကာ အစုအဖွဲ့၊ အဖွဲ့အစည်းများက နားလည်မှုရှိရှိ ပူး‌ပေါင်းပါဝင်ရန် လိုအပ်လျက်ရှိ‌ကြောင်း သိရသည်။

မြန်မာနိုင်တစ်ဝန်းတွင် တရားမဝင်ကုန် သွယ်မှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများထိခိုက်နစ်နာလျက်ရှိကာ နိုင်ငံတော်ဘဏ္ဍာ ကုန်သွယ်လုပ်ငန်းခွန် များစွာဆုံးရှုံးနေရသည့်အပြင် မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ် ဖြစ်စေသော ကုန်စည်များလည်း ပြည်တွင်းစျေး ကွက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းအသေးစား၊ အလတ်စား လုပ်ငန်းများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ တွေ့ကြုံနေရပြီး ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများအထိ ဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို စနစ်တကျ ဖိဖိစီးစီး တိုက်ဖျက်ရန် လိုအပ်နေသကဲ့သို့ နှစ်နိုင်ငံ ကုန်သွယ်မှုအပိုင်းတွင် ကုန်သွယ်ရေးအမြင်၊ စီးပွားရေးအမြင်များ ပေါင်းစပ်ကာ ကုန်သွယ်ဖက်နိုင်ငံများ၏ အမူအကျင့်များကို တု့ံပြန်နိုင်ရန်လည်း လိုအပ်နေ‌သေးကြောင်း ကုန်သည်များက ဆိုသည်။

မြန်မာနိုင်ငံ၌ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့မှ တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ အစိုးရ ထုတ်ပြန်ချက်တွင် ၁၀၆၅ ကြိမ်ရှိပြီး ဖမ်းဆီးရရှိမှု ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၅ ဒသမ ၆၄၈၂ ဘီလျံခန့်ရှိကြောင်း သိရသည်။

 

Most Read

Most Recent