ပြည်ပသို့ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများမှ တစ်နှစ်အတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၈၅ ဘီလျံအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းတိုးတက်လာ

ပြည်ပသို့ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများမှ တစ်နှစ်အတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၈၅ ဘီလျံအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းတိုးတက်လာ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 30 June 2020
နီလာ

ပြည်ပသို့ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများမှ တစ်နှစ်အတွင်းပို့ ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၈၅ ဘီလျံအထိ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထူးက ပြောကြားသည်။

“စက်မှုကုန်ချောမှာ CMP အထည်ချုပ် ပို့ကုန်တင်ပို့မှုတန်ဖိုးက တိုးတက်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ စတုတ္ထတစ်နှစ်တာ ကာလအတွင်းမှာ CMP ပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၄ ဒသမ ၈၅ ဘီလျံလောက်အထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာဆိုရင် လက်ရှိအစိုးရတက်လာတဲ့ ကာလနဲ့နှိုင်းယှဉ်ရင် ဆယ်ဆလောက် တက်လာတဲ့အနေအထားကို တွေ့ရပါတယ်။ တကယ်လို့ COVID-19 သာမဖြစ်ခဲ့ဘူးဆိုရင် CMP ကဏ္ဍဟာဆိုရင် ဒေါ်လာ ၁၀ ဘီလျံလောက်အထိ တိုးတက်ဖို့အတွက် ရည်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၅ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ဧပြီ ၂၄ ရက်အထိ အထည်ချုပ် တင်ပို့မှုကနေ ဒေါ်လာ ၂  ဒသမ ၅ ဘီလျံရှိတယ်။ ယခင်နှစ်ထက် ဒေါ်လာသန်း ၁၂၀ ပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ထို့ကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ် ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း CMP ပို့ကုန်များမှာ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက်တိုးတက်နေတယ်။ နှစ်စဉ်နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာရှိတယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

အထည်ချုပ် CMP ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ဆယ်ဆတိုးတက်လာခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

အစိုးရသစ်စတင် တာဝန်ယူချိန်၌ အထည်ချုပ် CMP ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်ကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်း CMP ထုတ်လုပ်မှုတန်ဖိုးသည် ဆယ်ဆတိုးတက်လာပြီး ယခုအစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေများရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီပေးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင် ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။                                          

 

Most Read

Most Recent