မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မှုန်ဝါးနေဆဲ နေရပ်ပြန်ခရီး

မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မှုန်ဝါးနေဆဲ နေရပ်ပြန်ခရီး
မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်ရန် မလေးရှားနိုင်ငံ လေဆိပ်တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်ရန် မလေးရှားနိုင်ငံ လေဆိပ်တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
Published 29 June 2020
လွင်မျိုးသူ

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ COVID-19 ရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုကျော်စိုးနိုင်ရဲ့ လစာငွေဟာ တဖြည်းဖြည်း လျော့နည်းလာပါတယ်။

ပုံမှန်လတွေမှာ လစာနဲ့ အချိန်ပိုကြေး အပါအဝင် ဝင်ငွေဟာ မြန်မာငွေကျပ် ရှစ်သိန်းလောက် ရနေရာကနေ ယခု ကိုဗစ်ကာလတွေမှာ သုံးသိန်းလောက်သာ ရတော့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် မလေးရှားက စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားထားရတာကြောင့် အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာတွေ၊ လစာလျှော့ခံရတာတွေ ရှိလာပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ ကိုကျော်စိုးနိုင်တစ်ယောက် မလေးရှားကို ရောက်တာ တစ်နှစ်ရှိပါပြီ။

 အချိန်ပို မဆင်းရလို့ အချိန်ပိုကြေး မရတဲ့အပြင် လုပ်ခလစာ ထက်ဝက်ကျော် အဖြတ်ခံနေရတာ သုံးလကျော် လေးလထဲပင် ဝင်နေပါပြီ။

 ကိုဗစ် မဖြစ်ခင် ပုံမှန်လတွေမှာ မိသားစုကို တစ်လကို ကျပ် ငါးသိန်းကျော် ခြောက်သိန်း ထောက်ပံ့နိုင်တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ အခုရရှိတဲ့ လခ သုံးသိန်းဟာ အိမ်ခန်းခစရိတ်၊ ထမင်းစရိတ်၊ ကျန်းမာရေးစရိတ်နဲ့ အထွေထွေ ကုန်ကျစရိတ်တွေအတွက် လောက်ငှအောင် သုံးနေရလို့ အိမ်ကို မထောက်ပံ့နိုင်တဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့ သူကဆိုပါတယ်။

“ကိုယ်တစ်ယောက်တည်းဆို ပြဿနာ မရှိပါဘူး။ မိသားစုက ကိုယ့်ကို မှီနေရတာ။ အလုပ်လာလုပ်တာက ငွေရှာပြီး အိမ်ကိုပေးဖို့လေ” လို့ ကိုကျော်စိုးနိုင်က ဆိုပါတယ်။

ကိုဗစ်ရိုတ်ခတ်မှုတွေကို အလူးအလဲ ခံနေရတဲ့ ကိုကျော်စိုးနိုင် တစ်ယောက် လက်ရှိ အချိန်မှာတော့ အဖေနဲ့အမေ ကျန်းမာရေး မကောင်းတာကြောင့် ဆေးကုသဖို့ ထောက်ပံ့ ကြေးတောင် မပေးနိုင်ဘူးလို့လည်း ဆိုပါတယ်။

“ကိုယ်စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ”  လို့ သူက ညည်းညူတယ်။

ကိုကျော်စိုးနိုင်ဟာ ရခိုင်ပြည်နယ် ဇာတိဖြစ်ပြီး သူရဲ့ဒေသမှာ ပင်လယ်နဲ့ တောင်ယာအလုပ်သာ ရှိပါတယ်။

အဲဒီအလုပ်တွေက ထမင်းစားဖို့လောက်သာ ရတဲ့အတွက်ကြောင့် မလေးရှားကို သွားပြီး အလုပ်လုပ်ဖို့ ဖြစ်လာခဲ့တာပါ။

“အရင်းအနှီး လိုချင်လို့ပါ။ ရတဲ့ အရင်းအနှီးလေးနဲ့ အလုပ်တစ်ခုခု လုပ်နိုင်အောင်ပေါ့” လို့ သူ့ရဲ့မလေးရှားအိပ်မက်ကို ပြောပါတယ်။

မလေးရှားသို့ ရောက်တော့လည်း မြန်မာပြည်မှာ ပြောထားတဲ့ ဆီဘူး ပါကင်ပိတ်တဲ့အလုပ်နဲ့ တခြားစီဖြစ်နေပြီး တကယ်တမ်းမှာတော့ ဓာတုအငွေ့တွေ ထုတ်လုပ်တဲ့ဘက်ခြမ်းမှာ လုပ်နေရပါတယ်။ လုပ်ငန်းခွင်အတွင်း သူဌေးရဲ့ မညှာမတာခိုင်းစေမှုအပြင် လုပ်ဖော်ကိုင်ဖက် မလေးနိုင်ငံသားတွေ ရဲ့အနိုင်ကျင့်မှုတွေကိုပါ ခံနေရတယ်လို့ သူက ရင်ဖွင့်တယ်။

ဒီလိုဒုက္ခတွေ ကြုံနေရတဲ့ ကိုကျော်စိုးနိုင် တစ်ယောက် သူ့ရဲ့ မလေးရှားအိပ်မက် ခြေလှမ်း တစ်နှစ်လောက်မှာပဲ ကိုဗစ်ကထပ်ဆင့် နှိပ်စက်နေတယ်လို့ ဆိုရမှာပါ။

မိသားစုအတွက် ရည်မှန်းချက်၊ ဘဝ နောင်ရေး ရည်မှန်းချက်တွေနဲ့ ထွက်လာခဲ့ပေမဲ့ အခုတော့ မိသားစုကို ပြန်မထောက်ပ့ံနိုင်တဲ့အပြင် မိမိတစ်ကိုယ်တည်း စားဖို့သောက်ဖို့ ကျပ်တည်းလာတာကြောင့် မြန်မာပြည် ပြန်ဖို့ ပြင်ဆင်နေပါပြီ။

“အိမ်ပဲ ပြန်တော့မယ်ဗျာ။ ရတဲ့ပိုက်ဆံက အိမ်ကိုလည်း မထောက်ပံ့နိုင်ဘူး။ အမေ့ ကျန်းမာရေးကလည်း မကောင်းဘူးဆိုတော့ အိမ်ပြန်တာပဲ ကောင်းတယ်” လို့ ကိုကျော်စိုးနိုင်က စိတ်ပျက်လက်ပျက် ဆိုတယ်။

ပြန်မယ်ဆိုပေမဲ့ သူ့အတွက် ခေါင်းနပန်း ကြီးစေမယ့် အရာတွေကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ သုံးနှစ်စာချုပ်နဲ့ လာရောက်လုပ်ကိုင်ပြီး အလုပ်လုပ်တာ တစ်နှစ်လောက်ပဲ ရှိသေးတဲ့အတွက် လျော်ကြေးပေးရမှာပါ။

အဲဒီအခြေအနေကို ရင်ဆိုင်မယ်ဆိုပေမဲ့ လတ်တလော မြန်မာနိုင်ငံ ပြန်ရောက်ဖို့ အတွက် သူ့ဆီမှာ နည်းလမ်း နှစ်ခု ရှိပါတယ်။

တစ်ခုက လစာလျှော့ခံရတဲ့ ကာလကြီးမှာ နေရပ်ပြန်မယ့် လေယာဉ်စရိတ်နဲ့ လမ်းခရီးစရိတ်ကို စုမလား။ ဒါမှမဟုတ် နယ်စပ်တွေက ခိုးပြန်ပြီး အဖမ်းခံမလား ဆိုတာပါပဲ။ 

ဒုတိယနည်းလမ်းဖြစ်တဲ့ အဖမ်းခံမလား ဆိုတာက အဖမ်းခံရပြီးရင်  မြန်မာပြည် ကို ပြန်ပို့မယ့် အစီအစဉ်ရှိနေတဲ့အတွက်ကြောင့် အဲဒီနည်းလမ်းကလည်း မြန်မာနိုင်ငံကို ပြန်ရောက်နိုင်ပါတယ်။

မလေးရှားကနေ မြန်မာပြည် ပြန်လာဖို့ တောင့်တနေတာ ကိုကျော်စိုးနိုင် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

ကိုကျော်စိုးနိုင်လိုမျိုး ဒုက္ခတွေဆိုတာ သူ့ထက်မသာရင်သာ နေမယ်၊ ပိုဆိုးတဲ့သူတွေလည်း ရှိနေပါတယ်။

၂၀၀၀ ပြည့်နှစ်အလွန်မှာ မြန်မာနိုင်ငံ ကနေ ပြည်ပကိုအလုပ်သွားတဲ့သူတော်တော် များပါတယ်။ အရင်တုန်းကတော့အိမ်နီးချင်း ထိုင်းနိုင်ငံဆိုတာ မြန်မာရွှေ့ပြောင်းလုပ်သား တွေအတွက် စားကျက်တစ်ခုဖြစ်ခဲ့ပေမဲ့               နောက်ပိုင်းမှာတော့ မလေးရှားနိုင်ငံကလည်း ဒုတိယနိုင်ငံဖြစ်လာပါတယ်။

ကိုဗစ်ရောဂါကတစ်ကမ္ဘာလုံးကိုရိုက် ခတ် နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် အာဆီယံနိုင်ငံတွေမှာ ချမ်းသာတဲ့နိုင်ငံဖြစ် တဲ့ မလေးရှားမှာလည်း စီးပွားရေးအတွက် ပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။

အလုပ်သမားတွေကို တချို့စက်ရုံတွေ က လစာအပြည့် မပေးနိုင်သော်လည်း ရာ ခိုင်နှုန်း အနည်းငယ်တော့ ပေးနိုင်ပါသေး တယ်။ အခြေအနေဆိုးတဲ့ စက်ရုံတွေကတော့ အလုပ်သမားလျှော့တာတွေရှိလာပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားလျှော့မယ်ဆို ရင် ပထမဆုံး ပစ်မှတ်တွေကတော့ တရားမ ဝင်လုပ်သားတွေပါပဲ။ 

အသက် ၃၂ နှစ်အရွယ် တရားမဝင် လုပ်သား မရွှေမာကတော့ အလုပ်မရှိတာ သုံးလပင်ရှိနေပါပြီ။

မလေးရှားကို အလည်ဗီဇာနဲ့လာပြီး အလုပ်လုပ်ဖို့ ပွဲစားနဲ့ ချိတ်ဆက်ပြီးလာခဲ့ တာပါ။

အလည်ဗီဇာနဲ့လာပြီး တစ်လ မြန်မာ ငွေကျပ်သုံးသိန်းကျော်သာရတဲ့ တရားမဝင် လုပ်ကိုင်ဖို့ဖြစ်ပေမဲ့လည်း ပွဲစားခက ကျပ် ၁၄ သိန်းတောင်ပေးရတယ်လို့ ဆိုပါတယ်။

သူမရဲ့ မလေးရှားအိပ်မက်ကတော့ သားသမီးတွေရဲ့ ပညာရေးကြောင့်ပါလို့ ခပ်ပြတ်ပြတ်ဆိုပါတယ်။

ကံဆိုးစွာနဲ့ပဲ မရွှေမာ ရောက်ပြီး အလုပ်လုပ်ကိုင်တာ နှစ်လပင် ရှိသေးခါမှ ကိုဗစ်ကြောင့် လုပ်ငန်းတွေရပ်နားထား လိုက်ရတာကြောင့် သူမမှာလည်း အလုပ် လက်မဲ့ဘဝကို ရောက်သွားပါတယ်။

“နှစ်လလုပ်တာ ပွဲစားခက နှစ်သိန်းပဲ ပေးရသေးတယ်။အလုပ်မရှိတာ သုံးလကျော် သွားပြီး ချေးငှားပြီးစားနေတာ” လို့ မရွှေမာ က ဆိုတယ်။

မြန်မာပြည်ပြန်ဖို့လည်း မဖြစ်နိုင်သေး တဲ့အတွက် မရွှေမာကတော့ မလေးရှားမှာ သောင်တင်နေဆဲပါ။

ကိုဗစ်ကြောင့် မလေးရှားမှာ စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားတဲ့အပြင် Lockdown ကြောင့် စစ်ဆေးတာတွေရှိသဖြင့် တရားမဝင် အလုပ်သမားတွေဖမ်းဆီးတာ တွေရှိပါ တယ်။ အလုပ်ရှင်တွေကတရားမဝင် လုပ် သားတွေကို လက်မခံရဲကြပါဘူး။

ဒါ့ကြောင့် မရွှေမာတို့လို တရားမဝင် လုပ်သားတွေ အလုပ်မရှိဖြစ်နေပါပြီ။ အလုပ် မရှိတဲ့အတွက်ကြောင့် နေအိမ်အခန်းခ၊စား သောက်စရိတ်၊ ကျန်းမာရေးစရိတ်တွေ အတွက် လက်ထဲငွေကြေးပမာဏဟာ သုည အထိ ထိုးဆင်းသွားပါတော့တယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုကိုပြန် ထောက်ပံ့နိုင်ဖို့ကတော့ အဝေးကြီးပါ။

အလုပ်လက်မဲ့ဖြစ်နေကြတဲ့ တရား မဝင်မြန်မာလုပ်သားတွေဟာ မလေးမှာ ရေရှည်  ဆက်နေရန် မဖြစ်တော့ပေမဲ့လည်း တရားမဝင်နယ်စပ်တွေကနေပြန်ဖို့လည်း မဖြစ်နိုင်တဲ့ အနေအထားတွေပါ။

 မလေးရှားအစိုးရကအသွားအလာတွေ ကန့်သတ်ထားတဲ့အပြင် ထိုင်းနဲ့မလေးရှား နယ်စပ်လမ်းကြောင်းတွေကို တင်းတင်းကျပ် ကျပ် တားမြစ်ထားပါတယ်။

ကိုဗစ်ကာလအတွင်းမှာ အလုပ်ပြုတ် ပြီး  စားစရာမရှိ နေစရာမရှိ မြန်မာပြည်ပြန် လို့လည်းမရတဲ့ အနေအထားတွေနဲ့ ကြုံ တွေ့နေရတာပါ။

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့ သူတွေအတွက်ကတော့ ဒီကာလက အရမ်း ကျပ်တည်းတဲ့အချိန်ဖြစ်ပြီးတော့ ဖေးကူသူမ ရှိတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုတွေရှိလာပါ ပြီ။

စိတ်ဖိစိးမှုတွေရဲ့ ထွက်ပေါက်တစ်ခု အဖြစ် မပြန်လမ်းကို ရွေးချယ်ခဲ့တာကြောင့် ကိုဗစ်ကာလအတွင်း မလေးရှားမှာအဆုံးစီ ရင်ခဲ့တဲ့ တရားမဝင် မြန်မာလုပ်သား ရှစ်ဦး အထိရှိလာတယ်လို့ မလေးရှားအခြေစိုက် မြန်မာလူမှုကူညီမှုအသင်းတွေထံက သိရပါ တယ်။ ရှစ်ဦးမြောက် အဆုံးစီရင်သူက တန င်္သာရီတိုင်း လောင်းလုံမြို့နယ် ဇာတိဖြစ်ပြီး တော့ ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ် ပါတယ်။

ခုနစ်ဦးမြောက်အဆုံးစီရင်သူဟာ အသက် ၂၂ နှစ်သာရှိသေးသည့် မွန်ပြည် နယ်ဇာတိအမျိုးသမီးတစ်ဦး ဖြစ်ပြီး သူနေ ထိုင်တဲ့ ငါးထပ်အမြင့် ပြတင်းပေါက်ကနေ ဆွဲကြိုးချ အဆုံးစီရင်ခဲ့ပါတယ်။

ခြောက်ဦးမြောက်ကတော့ ဧရာဝတီ တိုင်းမြောင်းမြဇာတိဘက်ကဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါ တယ်။ အဆုံးစီရင်တဲ့ တရားမဝင် မြန်မာ လုပ် သားတွေဟာ သုံးပတ်အတွင်းမှာပင်ရှစ်ဦး အထိ ရှိလာတာပါ။

“မြန်မာလုပ်သားတွေအလုပ်ပြုတ်ကုန် တော့ နေဖို့အတွက် အိမ်မငှားနိုင် စားဖို့ အတွက်မရှိဖြစ်နေကြတယ်။ အဲဒီတော့ ကြိုးတစ်ချောင်းရှိရင်ရတဲ့ ထွက်ပေါက်ကိုပဲ အသုံးပြုလိုက်ကြတာ” လို့  မြန်မာ လုပ်သား အရေးကို လိုက်ပါဆောင်ရွက်ပေးတဲ့ မြန်မာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ဦးစန်းဝင်းတို့ မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေး အသင်းက အဆုံးစီ ရင်ပြီး သေဆုံးသွားတဲ့ မလေးရောက် မြန်မာ တွေအတွက် သင်္ဂြိုဟ်တဲ့ ကိစ္စတွေ လိုက်ပါ ဆောင်ရွက်ပေးတာပါ။

မလေးရှားမှာ တရားမဝင် မြန်မာလုပ် သား သုံးသိန်းကျော်ရှိနေတယ်လို့ ဦးစန်းဝင်း က ခန့်မှန်းပါတယ်။

“တရားမဝင်တွေ တစ်ယောက်မှ အလုပ်မရကြဘူး။လုပ်တာတွေ့ရင် ဖမ်းမယ် ဆိုတော့ ဘယ်သူမှ အလုပ်မခန့်ရဲကြဘူး” လို့ ဦးစန်းဝင်းက ဆိုပါတယ်။

အဲဒီလို စားဖို့သောက်ဖို့ အခက်အခဲဖြစ် နေကြတဲ့ မြန်မာတွေအတွက် မြန်မာပရဟိတ အသင်းတွေက စားသောက်ပစ္စည်းတွေ လိုက်လံဝေငှနေကြတာတွေလည်းရှိပါ တယ်။ ဒီထဲမှာ ကွာလာလမ်ပူမှာရှိတဲ့ နှလုံး လှပရဟိလူငယ်များသွေးလှူရှင်အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။

နှလုံးလှ ပရဟိလူငယ်များ သွေးလှူရှင် အဖွဲ့က တစ်နေ့ကို ဒုက္ခဖြစ်နေတဲ့ မြန်မာ ၄၀ ကျော် ၅၀ လောက်ကို ဆန်၊ ဆီ၊ ကြက်ဥနဲ့ ခေါက်ဆွဲတွေ လှူဒါန်းတယ်လို့လည်း သိရပါ တယ်။

အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကိုသက်ခိုင် စိုးက “ကျွန်တော်တို့လက်လှမ်းမီသလောက် လိုက်လှူတာ သုံးလအတွင်းမှာ အလုပ်လက် မဲ့ဖြစ်နေတဲ့မြန်မာ နှစ်ထောင်ကျော်ကို လှူ ဒါန်းပြီးပြီ” လို့ ပြောပါတယ်။

နေရပ်ပြန်ချင်တဲ့ မြန်မာလုပ်သား တွေ အတွက်  အလွယ်တကူပြန်လာနိုင်ဖို့ အစိုးရ ဘက်ကလုပ်ဆောင်ပေးသင့်တယ်လို့မလေးရှား ရောက် မြန်မာလူမှုကူညီရေး အသင်းများ တညီတညွတ်တည်းတောင်းဆိုကြပါတယ်။

“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အိမ်ပြန်ရဖို့ပဲ မျှော်လင့်နေတယ်” လို မရွှေမာက ဆိုတယ်။

မလေးရှားမှာ ပိတ်မိနေပြီး မြန်မာပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာတွေအတွက် မြန်မာအစိုးရက ကယ်ဆယ်ရေး လေယာဉ် တွေနဲ့ သွားခေါ်ဆောင်နိုင်တဲ့သူ လေးရာဝန်း ကျင်ရှိခဲ့ပါပြီ။

ဒါ့ပြင် မလေးရှားက ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ ၃၉၁ ဦးကိုလည်း ကယ်ဆယ်ရေး လေယာဉ် နဲ့ ခေါ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီ ၃၉၁ ဦးထဲမှာတော့ တရားမဝင် အထောက်အထားမဲ့ မြန်မာလုပ်သားတွေ မပါဘဲ မလေးရှားမှာဆေးလာကုတဲ့သူတွေ၊ ကျောင်းသားတွေ၊ ပိတ်မိနေတဲ့ မြန်မာလုပ် သားတွေသာ အများစုပါကြောင်း ဦးစန်း ဝင်းက ဆိုပါတယ်။

ဇွန် ၂၂ ရက်က ရန်ကုန်မြို့မှာ နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ မဟာဗျူဟာ လေ့လာရေး နဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်နဲ့မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Datuk Zahairi Bin Baharim တို့တွေ့ဆုံပြီး မလေးရှား ရောက် တရားမဝင် မြန်မာလုပ်သား အရေး ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ  ကိုဗစ်ကပ်ရောဂါ ကြောင့် ကန့်သတ်မှုတွေ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲတွေကြောင့် မလေးရှားနိုင်ငံမှာ အခက်အခဲမျိုးစုံ ကြုံတွေ့ နေကြရတဲ့ မြန်မာနိုင်ငံသားများရှိနေ ကြောင်း၊ မြန်မာအစိုးရအနေဖြင့် တရားဝင် သွားရောက်သူများဖြစ်စေ၊ တရားမဝင်သွား ရောက်သူများဖြစ်စေ ကူညီပံ့ပိုးပေးရန် တာ ဝန်ရှိကြောင်း၊ ဒါ့ကြောင့် မလေးရှားနိုင်ငံမှာ ရောက်နေကြပြီး အခက်အခဲ ကြုံတွေ့နေကြ တဲ့အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ကို မြန်မာအစိုးရက မြန်မာနိုင်ငံကို ကယ် ဆယ်ရေးလေယာဉ်များနဲ့ ပြန် လည်ခေါ်ယူ နိုင်ရေးအတွက် မလေးရှားအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဆွေးနွေးခဲ့ကြပါ တယ်။

ဒါ့ပြင် မြန်မာအစိုးရအနေဖြင့် မြန်မာ နိုင်ငံသား စိစစ်ပြီးသူတွေကို မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - C of I) ထုတ်ပေးနိုင်တယ် လို့ အာမခံခဲ့ပြီး COV ID-19 ကာလအတွင်း အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား တွေကို မလေးရှားအစိုးရက ဒဏ်ကြေး ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပေးဖို့ မြန်မာအစိုးရဘက်က တောင်းဆိုခဲ့ပါတယ်။

မလေးရှား သံအမတ်ကြီးကလည်း မြန် မာအစိုးရဲ့တောင်းဆိုချက်တွေကို  သက်ဆိုင် ရာဝန်ကြီးဌာနတွေကို ဆက်လက်တင်ပြပြီး အကြောင်းပြန်ကြားသွားမယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးက လည်း မလေးမှာ ဆက်နေဖို့ အခက်အခဲရှိ ပြီး မြန်မာပြည်ကို ပြန်ချင်ကြတဲ့ အထောက် အထားမဲ့ မြန်မာတွေအတွက် စာရင်းကောက် နေပါပြီ။ စာရင်းစကောက်တဲ့ ဇွန် ၂၃ ရက်က နေ ၂၆ ရက်အထိက သုံးရက်အတွင်း တရား မဝင် နှစ်ထောင်ကျော်လောက်က နေရပ်ပြန် ဖို့ စာရင်းပေးသွင်းထားတယ်လို့ ကွာလာလမ် ပူမှာရှိတဲ့ မြန်မာသံရုံးမှ သံရုံးအုပ် ဦးနိုင်မင်း က ပြောပါတယ်။

မြန်မာသံရုံးက ထုတ်ပြန်ထားတဲ့ ကြေညာ စာမှာတော့ စာရင်းကောက်တဲ့ အကြောင်း သာပါပြီး ဘယ်တော့ပြန်ခေါ်မယ်ဆိုတာကို တိတိကျကျ ထည့်သွင်းဖော်ပြထားခြင်းမရှိ ပါဘူး။

“ဘယ်တော့လောက် ပြန်ခေါ်မယ် ဆိုတဲ့ ညွှန်ကြားချက်ကတော့ မလာသေးဘူး။ အမြန်ဆုံး ပြန်ခေါ်နိုင်အောင်လို့တော့ ကြိုး စားနေတယ်” လို့ သူကဆိုတယ်။

မလေးရှားနိုင်ငံသို့ သွားရောက်တဲ့ မြန်မာလုပ်သားအများစုဟာ ထုတ်လုပ်ရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အများစုလုပ် ကိုင်ကြရပါတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော် ပြထားပါတယ်။

 စစ်တမ်းရလဒ်အရ မလေးရှားရောက် ရွှေ့ပြောင်း မြန်မာလုပ်သားအများစုဟာ အဓိကအားဖြင့် စက်ရုံ လုပ်ငန်း (ကြက်သား၊ အအေးခန်း၊တိရစ္ဆာန်အစာ)တွေမှာ လုပ် ကိုင်ကြရပါတယ်။ မလေးရှားဟာ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားသုံးသိန်းကျော် ရှိပြီး မြန်မာတွေ ဒုတိယအများဆုံး သွား ရောက် လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

မလေးရှားမှာရောက်ရှိနေတဲ့တရားဝင်၊  တရားမဝင်မြန်မာလုပ်သားတွေအတွက်က တော့ အမိမြေကိုပြန်နိုင်ဖို့က အခုချိန်မှာအ ရေးကြီးနေပါတယ်။

ဆယ်လမွန်ငါးတွေဟာ နှစ်စဉ် ဥဥတဲ့ ရာသီရောက်တိုင်း ခရီးမိုင်ထောင်ပေါင်းများ စွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်း တွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ် ချောင်းဆီ အရောက်ပြန်ကြပါတယ်။

ရေတံခွန်တွေကို ဆန်တက်ရတဲ့ ဆယ် လမွန်ငါးတို့ရဲ့အိမ်ပြန်လမ်းဟာ ခက်ခဲကြမ်း တမ်းလွန်းလှပါတယ်။ ရေတံခွန်ကိုမဆန် တက်နိုင်တဲ့ဆယ်လမွန် ငါးတွေဟာ ဝက်ဝံ ညိုတွေရဲ့ အစာဖြစ်ရပါတယ်။ ရေတံခွန်ကို ဖြတ်ကျော်နိုင်တဲ့ ငါးတွေဟာလည်း လက် ပန်းကျနေပေမဲ့ လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီး တာကို ရင်ဆိုင်ရပါသေးတယ်။

ဒီအတူပဲ အဝေးရောက် မြန်မာလုပ် သားတွေထဲ တိုင်းတစ်ပါးမှာအခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို မလွန်နိုင်တဲ့လူတွေက ကြိုးတစ်ချောင်းနဲ့ လွတ်လမ်းကို ရွေးသွားတဲ့ သူတွေရှိသလို အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ရင်း သက်ဆိုင်ရာ အစိုးရရဲ့ ဖမ်း ဆီးမှုတွေ ခံနေရတဲ့ တရားမဝင်လုပ်သား တွေလည်း ရှိနေပါတယ်။

သူတို့အတွက်က မလေးရှားကနေပြန် လာနိုင်မယ်ဆိုရင်တောင် မြန်မာပြည်ပြန် ရောက်တဲ့အချိန်မှာ သူတို့အတွက် စိန်ခေါ်မှု တွေ ရှိနေပါသေးတယ်။ အလုပ်သွားလုပ်ဖို့ အတိုးနဲ့ ယူခဲ့ရတဲ့ ငွေကြေးတွေ၊ မိသားစုအ တွက် ထောက်ပံ့နိုင်ဖို့ ဘယ်အလုပ်တွေရှိမလဲ ဆိုတာက သူတို့အတွက် အဓိကစိန်ခေါ်မှုပါ ပဲ။ ဒီအခြေအနေတွေက နောင်ကြုံတွေ့ရ မယ့် အနေအထားတွေဖြစ်ပေမယ့် အခုချိန် မှာတော့ မြန်မာနိုင်ငံကို ပြန်နိုင်ဖို့က အဓိက ဖြစ်ပါတယ်။

မြန်မာသံရုံးကနေ တရားမဝင် လုပ်သားတွေကို စာရင်းကောက်နေတဲ့ အစီအစဉ်ကိုတော့ သူတို့ မျှော်လင့်နေကြပါတယ်။ ဘယ်အချိန်ပြန်ရမှန်း မသိသေးပေမဲ့ ဒီအစီအစဉ်ကတော့ သူတို့အတွက် မျှော်လင့်ချက် တစ်ခု ဖြစ်နေပါတယ်။ စာရင်းကောက်ပြီး ပြန်ခေါ်မယ်ဆိုပေမဲ့ လေယာဉ်လက်မှတ်ခက ပေးရမှာလား မပေးရဘူးလား။ ဘယ်အချိန်တွေ ပြန်လာရမှာလဲဆိုတာကတော့ သူတို့ လုံးဝမသိသေးပါဘူး။ အလုပ်မရှိတဲ့အတွက် စားဖို့သောက်ဖို့ကိုတောင် အနိုင်နိုင်ရှာနေရတဲ့အချိန်မှာ အိမ်အပြန် လေယာဉ်လက်မှတ် ဆိုတာကတော့ သူတို့အတွက် စိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပါ။

ဒါပေမဲ့ ကိုကျော်စိုးနိုင်ကတော့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး။ သူ့အတွက် အိမ်ပြန်ရဖို့ဆိုတာက ဦးစားပေး ဖြစ်နေတယ်ဆိုပေမဲ့ ဘယ်အချိန်ပြန်ရမလဲ ဆိုတာကတော့ မသိသေးပါဘူး။

Most Read

Most Recent