မြန်မာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ထိခိုက်မှု၊ COVID-19 ကာလမှာ ပိတ်သိမ်းလိုက်ရတဲ့ လုပ်ငန်း ၅၆၀၀ ကျော်နဲ့ တိုးပေးဖို့အခက်ကြုံလာတဲ့ အနည်းဆုံးအခကြေးငွေဂယက်

မြန်မာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ထိခိုက်မှု၊ COVID-19 ကာလမှာ ပိတ်သိမ်းလိုက်ရတဲ့ လုပ်ငန်း ၅၆၀၀ ကျော်နဲ့ တိုးပေးဖို့အခက်ကြုံလာတဲ့ အနည်းဆုံးအခကြေးငွေဂယက်
လှို်င်သာယာစက်မှုဇုန် (၂) ရှိ အထည်ချုပ်စက်ရုံတစ်ရုံ ပိတ်သိမ်းသဖြင့် အလုပ်သမားများအား နစ်နာကြေးပေးနေသည်ကို မေလအတွင်းက တွေ့ရစဉ်
လှို်င်သာယာစက်မှုဇုန် (၂) ရှိ အထည်ချုပ်စက်ရုံတစ်ရုံ ပိတ်သိမ်းသဖြင့် အလုပ်သမားများအား နစ်နာကြေးပေးနေသည်ကို မေလအတွင်းက တွေ့ရစဉ်
Published 28 June 2020
ဖြိုးဝေ

COVID-19 ကူးစက်ကပ်ရောဂါဟာ ဘာဆက်ဖြစ်ဦးမယ်လို့ တိကျတဲ့အဖြေ မထွက်လာသေးပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက်တော့ ကျပ်ဘီလျံ ၅၀ ခန့် အသုံးပြုသွားမယ်ဆိုတဲ့အသံ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စတဲ့ကဏ္ဍအားလုံးကို ရပ်တန့်သွားစေတဲ့ ဒီကူးစက်ကပ်ရောဂါဆိုးကြောင့် နာလန်ပြန်မထူခင်မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် NLD အစိုးရ လက်ကျန်သက်တမ်းကိုးလကျော်ဟာ မဲဆွယ်မှုတွေ၊ အာဏာလွှဲပြောင်းရေးတွေ အဓိက တွေ့မြင်ရတော့မှာဖြစ်လို့ ဒီကာလအတွင်းမှာတော့ ပြည်သူလူထုဟာ ပိုမိုကျပ်တည်းမှုဒဏ်ကို ခံစားရနိုင်မလား တွေးထင်စရာပါ။

တစ်ဖက်မှာဆိုရင်လည်း ရွေးကောက်ပွဲမတိုင်ခင် ရှုပ်ထွေးမှုတွေအဖြစ် ငွေကျပ်သိန်းပေါင်းများစွာ သုံးစွဲပြီးတော့ သတင်းအမှားတွေကို ၀ါဒဖြန့်ချိမှုတွေ ရှိလာနေတာတွေကလည်း နိုင်ငံ့အတွက် မကောင်းသလို NLD အစိုးရသက်တမ်းအတွင်းမှာ ကျဆင်းခဲ့တဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့် အားနည်းမှုတွေကြောင့်များ ဒီလိုမျိုး အကောင့်တုတွေကနေ ၀ါဒဖြန့်ချိဖို့ ငွေသုံးလာကြသလား တွေးစရာဖြစ်ပေမဲ့ ဒီလိုဝါဒဖြန့်ချိတဲ့အကောင့်တွေ၊ သတင်းအမှားတွေ ထုတ်လွှင့်နေတဲ့အကောင့်တွေဟာ မြန်မာနိုင်ငံမှာ အခွန်ဆောင်မှုမရှိတဲ့ Facebook ကို ငွေပေးပြီးတော့ လူအများကြည့်ရှုအောင် လုပ်နေတဲ့သဘောဖြစ်နိုင်လို့ ထိထိရောက်ရောက်သာ အရေးယူမယ်ဆိုရင် Facebook နဲ့ ပူးပေါင်းဆောင်ရွက်ရုံနဲ့ အရေးယူနိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဂယက်ကြောင့် ရှုပ်ထွေးမှုတွေ စတင်လာချိန် ကမ္ဘာမှာဆိုရင်လည်း တောင်၊ မြောက်ကိုရီးယားနိုင်ငံတွေရဲ့ စစ်ရေးဆိုင်ရာ တင်းမာမှုတွေအပြင် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်အကြားမှာလည်း စစ်ရေးအရ ရှုပ်ထွေးမှုတွေအပေါ် အိန္ဒိယက တရုတ်ကုန်စည်တွေ မဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဟာ တရုတ်စျေးကွက် လက်လွှတ်လိုက်တဲ့ အိန္ဒိယနိုင်ငံရဲ့ စျေးကွက်ကိုသာ ပို့ကုန်တွေ တင်ပို့နိုင်မယ့် မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် COVID-19 ကြောင့် ထိခိုက်မှုတွေရှိခဲ့တဲ့ ပို့ကုန်ကဏ္ဍတွေ စျေးကွက်အသစ် ရှာဖွေပေးနိုင်တဲ့အခြေအနေကို ရရှိမယ့် အလားအလာကောင်းပါ။

ဒီလိုမျိူးအခြေအနေတွေ ရှိနေတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် COVID-19 ကာလမှာ ပိတ်လိုက်ရတဲ့ လုပ်ငန်း ၅၆၀၀ ကျော်အကြောင်း၊ မြန်မာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ထိခိုက်မှုနဲ့ ရင်ဆိုင်လာနေရတဲ့ အခြေအနေတွေနဲ့ တိုးမြှင့်ပေးဖို့အတွက် အခက်ကြုံလာတဲ့ အနည်းဆုံးအခကြေးငွေ ဂယက်တွေအကြောင်း တင်ပြချင်ပါတယ်။

 

မြန်မာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ ထိခိုက်မှု

COVID-19 ကူးစက်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေး သိသိသာသာဆုတ်ယုတ်မှု မရှိသေးဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်ဆွေးနွေးပွဲမှာ ပြောခဲ့ပေမဲ့လည်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းအရ မြန်မာ့စီးပွားရေး ပြန်ပြီးနာလန်ထူဖို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ဖြစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။

မြန်မာ့စီးပွားရေးဆုတ်ယုတ်မှု မရှိသေးဘူးလို့ ထင်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ပြောပေမယ့်လည်း နိုင်ငံမှာတော့ ပြည်သူပြည်သားအများစုက အလုပ်လက်မဲ့တွေ ဖြစ်လာနေသလို တစ်ဖက်မှာလည်း ခရီးသွားကဏ္ဍတစ်ခုလုံး ရပ်ဆိုင်းသွားတာကြောင့် ထိခိုက်မှုကြီးကြီးမားမား ကြုံလာရချိန်မှာ ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်ကပဲ မှန်ကန်နိုင်မယ်ဆိုတာ မြင်နေရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်အရ COVID-19 က မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုရှိစေမှာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှပဲ ပြန်ပြီးနာလန်ထူလာမယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်းအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ယေဘုယျခန့်မှန်းအခြေအနေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ့စီးပွားရေးနှုန်းက ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သုံးသပ်ခဲ့ရာက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၀ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းသွားမယ်လို့ ခန့်မှန်းခဲ့တာပါ။

“ အခုအချိန်မှာ မြန်မာ့စီးပွားရေး ကာလလတ်မျှော်မှန်းချက်များက အကောင်းဘက်ဦးတည်နေပေမယ့် ကြိုတင်မခန့်မှန်းနိုင်တဲ့ ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ခိုင်မာအားကောင်းသော မူဝါဒလုပ်ဆောင်မှုများ အရေးတကြီး လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့အသုံးစရိတ် မျှော်မှန်းချက်တွေကို လိုအပ်သလိုပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းငယ် အများအပြားသို့ တိုးချဲ့အထောက်အပ့ံပေးခြင်းနဲ့ နွမ်းပါးတဲ့အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် CERP ကို ပိုမိုထိရောက် အောင်မြင်စေနိုင်ပါလိမ့်မယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ဆိုပါတယ်။

သေချာတာကတော့ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက ၆ ဒသမ ၈ ရာခိုင်နှုန်းကနေ တစ်ရာခိုင်နှုန်းတောင် မပြည့်တဲ့အထိ ကျဆင်းသွားနိုင်တယ်ဆိုတဲ့အခြေအနေက မြန်မာနိုင်ငံအတွက် အလွန်ဆိုးရွားတဲ့ အခြေအနေတစ်ခုဆီကို ရောက်နိုင်လို့ အခုအခြေအနေထက် ပိုလွန်တဲ့အားထုတ်မှုနဲ့ မြန်မာ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုးဖို့ ကြိုးပမ်းပေးချိန်ပါ။

 

COVID-19 ကာလမှာ ပိတ်သိမ်းလိုက်ရတဲ့ လုပ်ငန်း ၅၆၀၀ ကျော်

 COVID-19 ကာလအတွင်းမှာ မြန်မာ့စီးပွားရေး သိသိသာသာ ဆုတ်ယုတ်မှုမရှိဘူးလို့ ဘယ်လိုအချက်အလက်မျိုးကို ကိုးကားပြီးပြောတယ်ဆိုတာ နားမလည်ပေမဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သေချာမှုရှိတဲ့ အချက်အလက်တွေအရတော့ COVID-19 ကာလအတွင်း စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းပေါင်း ၅၆၀၀ ကျော်ပိတ်ခဲ့ရပြီး ပြည်ပနိုင်ငံတွေက ပြန်လာတဲ့ အလုပ်သမားတွေအပါအဝင် အလုပ်လက်မဲ့ဦးရေက နှစ်သိန်းခွဲခန့်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဆိုပါတယ်။

“COVID-19 ကာလမှာ ပြည်ပကဝင်လာတဲ့အလုပ်သမားက တစ်သိန်းကျော်ရှိတယ်။ အဲဒီလိုပဲ ပိတ်သွားတဲ့ စက်ရုံ၊ အလုပ်ရုံဆိုတာ လူမှုဖူလုံရေးဝင်တာက အလုပ်သမားငါးဦးရှိရင် လူမှုဖူလုံရေးဝင်တယ်ဆိုတော့ တချို့စားသောက်ဆိုင်လေးတွေ ဘာလေးတွေကအစ အသေးလေးတွေပါတယ်။ အဲဒီမှာ စက်ရုံ၊ အလုပ်ရုံကြီးတွေက ၂၇၀ လောက်ရှိတယ်။ အဲဒီအသေးလေးတွေအပါ ပေါင်းလိုက်မယ်ဆိုရင် စက်ရုံပေါင်း ၅၆၅၈ ခု ပိတ်သွားတယ်။ အဲဒီအတွက် အလုပ်လက်မဲ့က ၁၄၀၀၀၀ ကျော်ထွက်လာတယ်။ ဟိုကပြန်လာတာက တစ်သိန်းကျော်။ ပြည်တွင်းမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်အသေးလေးတွေအစက ၁၄၀၀၀၀ ကျော်ဆိုရင် စုစုပေါင်း ၂၄၀၀၀၀ ကျော်လောက် ဖြစ်သွားတယ်” လို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဆိုပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံက လုပ်ငန်းခွင်တွေဟာ လူမှုဖူလုံရေးမှာ အားလုံးဝင်မထားသလို စာရင်းကောက်ခံတဲ့အထဲ ပါဝင်မှုမရှိသေးတဲ့ လုပ်ငန်းတွေလည်း အများကြီးရှိနေပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရသလိုမျိုးပဲ ပိတ်သိမ်းရလုနီးနီး အခက်ကြုံနေတဲ့ လုပ်ငန်းတွေ၊ လုပ်ငန်းလည်ပတ်ဖို့ ငွေရှာမရလို့ ရပ်တန့်နေတဲ့ လုပ်ငန်းတွေ၊ အလုပ်ရှိနေသေးတယ်ဆိုရုံပဲ ရှိနေပြီး တစ်ဖက်မှာ အခြေခံလစာနဲ့ လုပ်ငန်းခွင်က ကာလတို ထုတ်ခံထားရတဲ့ဝန်ထမ်းတွေ၊ လုပ်ငန်းတွေကလည်း အများအပြားရှိနေပါတယ်။ ဒီလိုမျိုးကြုံလာနေတဲ့အခြေအနေကို အစိုးရကနေ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝနဲ့ လုပ်ပေး၊ ထောက်ပ့ံပေးနိုင်မှ နာလန်ပြန်ထူလာမှာ ဖြစ်ပါတယ်။ စီးပွားရေးပြန်လည် ကယ်တင်ရေးအစီအစဉ်ဟာ ကောင်းမွန်တယ်လို့ ရှုမြင်ခံရမှုတချို့ ရှိနေပေမဲ့လည်း အကောင်အထည် ဖော်ဆောင်နိုင်မှုက နှေးကွေးနေပြီး အားရစရာမကောင်းပါဘူး။ ဒီလိုမျိုး အားရစရာမကောင်းတဲ့ အခြေအနေကိုသာ မြန်ဆန်အောင်ထိန်းကျောင်းနိုင်မှု မရှိခဲ့ဘူးဆိုရင်တော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၀-၂၀၂၁ မှာလည်း နာလန်ပြန်ထူနိုင်မှာ မဟုတ်ပါဘူး။

 

တိုးပေးဖို့အခက်ကြုံလာတဲ့ အနည်းဆုံးအခကြေးငွေဂယက်

လက်ရှိအချိန်မှာ အလုပ်လက်မဲ့ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာနေသလို လုပ်ငန်းတွေ ပိတ်သိမ်းနေရတာက မြန်မာတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ဒီလိုမျိုးအခက်အခဲတွေက လုပ်ငန်းရှင်တွေရော၊ အလုပ်သမားတွေပါ ကြုံလာရတယ်ဆိုပေမဲ့ ပိုပြီးအထိနာတာကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမားပါ။ မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေဟာ ကမ္ဘာ့တစ်နေ့လုပ်ခအနည်းဆုံးထဲ ပါဝင်နေဆဲဖြစ်ပြီး နှစ်နှစ်တစ်ကြိမ် တိုးမြှင့်ဖို့ ဥပဒေရေးဆွဲထားပေမယ့် လက်ရှိအချိန်မှာတော့ COVID-19 ဂယက်ကြောင့် တိုးမြှင့်ပေးချိန် တန်တာကိုတောင် တိုးမပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ အင်္ဂါနေ့က သုံးပွင့်ဆိုင် အစည်းအဝေး လုပ်ပါတယ်။ အလုပ်သမားတွေက တောင်းဆိုတယ်။ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေး ကျင်းပပြီးသတ်မှတ်ပေးဖို့ အမျိုးသားကော်မတီကို အမြန်ဆုံးခေါ်ပေးဖို့ တောင်းဆိုတယ်။ အလုပ်သမားအဖွဲ့ချုပ် နှစ်ခုက တောင်းဆိုပါတယ်။ အလုပ်ရှင်ကလည်း ပြောပြတာက ဒီအချိန်မှာ အချိန်မကျဘူး။ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ အလုပ်အကိုင်အားလုံး ရှင်သန်ဖို့လိုတယ်။ ဒီအတိုင်းလေးရှိနေတာကို ဒါကိုလုပ်လိုက်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန့်သွားတာနဲ့ ကျန်တဲ့အလုပ်အကိုင်တွေ ထိခိုက်မှာ၊ စီးပွားရေးတွေ၊ လူမှုဘဝတွေထိခိုက်မှာ ဖြစ်တဲ့အတွက် အလုပ်ရှင်က ဒါကို ပြန်ချေပတယ်” လို့ ဦးမျိုးအောင်က ပြောကြားပါတယ်။

ကုန်စျေးနှုန်းမြင့်တက်မှုတွေကို အစိုးရကထိန်းကျောင်းပေးနိုင်မှု မရှိတာကြောင့် တိုးပေးလာတဲ့ ငွေကြေးတိုင်းဟာ ကုန်စျေးနှုန်းအောက်မှာ လုံးပါးပါးနေတာနဲ့ လူနေမှုကုန်ကျစရိတ် မြင့်မားမှုပြဿနာတွေ ရှိနေတဲ့အတွက် အလုပ်သမားတွေက ဥပဒေအတိုင်း နှစ်နှစ်တစ်ကြိမ် လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတာ သဘာဝကျပေမဲ့လည်း COVID-19 ကြောင့် လုပ်ငန်းထောင်ချီ ပိတ်သိမ်းပြီး လုပ်ငန်းပေါင်းများစွာ ဆိုင်းငံ့နေရတဲ့အချိန်မှာတော့ တိုးမြှင့်ချိန် မတန်သေးဘူးဆိုတာ အမှန်ပါ။

တိုးမြှင့်ချိန်မတန်သေးဘူးဆိုတာ တိုးမပေးပါနဲ့လို့ ပြောလိုတာမဟုတ်ဘဲ နိုင်ငံ့စီးပွား ပုံမှန်ပြန်လည်ပတ်နိုင်တဲ့ အဆင့်တစ်ခုပြန်ရောက်အောင် စောင့်ပြီးမှ တိုးပေးဖို့တောင်းဆိုတာက ပိုသင့်လျော်တယ်လို့ ယူဆမိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent