၂၀၂၀ ရွေးကောက်ပွဲကနေ ညွန့်ပေါင်းအစိုးရ ဘာကြောင့်လိုအပ်သလဲ

၂၀၂၀ ရွေးကောက်ပွဲကနေ ညွန့်ပေါင်းအစိုးရ ဘာကြောင့်လိုအပ်သလဲ
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လဲချားမြို့၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သာ)
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လဲချားမြို့၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သာ)
Published 28 June 2020
စိုင်းထွန်းအောင်လွင်

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လဲချားမြို့၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သာ)

ယေဘုယျအားဖြင့် ညွန့်ပေါင်းအစိုးရဆိုသည့် ကိစ္စမျိုးက ပါလီမန် ဒီမိုကရေစီစနစ်တွင်သာ များသောအားဖြင့် ပေါ်ထွန်းလေ့ရှိသည်။ သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် သမ္မတစနစ်တွင်မူ နိုင်သူအကုန်ယူ First Past the Post (Pluralities-Majorities) ရွေးကောက်ပွဲစနစ်ဖြင့် ရွေးချယ်သည့်အတွက် ညွန့်ပေါင်းအစိုးရ ဖြစ်ပေါ်ရန် အလွန်ခဲယဉ်းပေသည်။

သို့သော် တစ်ပိုင်းတစ်စသမ္မတစနစ် Semi-Presidential စနစ်+စပ် ကြား (သမ္မတကို လူထုက တိုက်ရိုက် မရွေးချယ်ဘဲ လွှတ်တော် ရွေးကောက်ခံများမှတစ်ဆင့် ပြန်လည်ရွေးချယ်မှုနှင့် ယင်းသို့ ရွေးချယ်မှုတွင် ရွေးကောက်ခံ မဟုတ်သည့် အချိုးအစား အစုအဖွဲ့ပါဝင်နေမှု (ဥပမာ မြန်မာပြည်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များ) စနစ်ကြောင့် မဂျော်ရတီ အနိုင်ရပါတီမှ ကိုယ်စားလှယ်များ မဲသာမက အခြားပါတီငယ်များ၏ အချိုးအစားအလိုက် လွှတ်တော်နေရာရရှိမှုမှာ အရေးပါနေပြီး ယင်းအချက်မှာ တစ်ပါတီတည်းမဟုတ်သည့် အစိုးရဖွဲ့ရန် အခွင့်အရေးရှိနေသည်ဟု ဆိုနိုင်ပါသည်။

သို့ပေလင့်ကစား ညွန့်ပေါင်းအစိုးရ Coalition Government ဆိုသည့် ဖွင့်ဆိုချက်တွင်မူ ယင်းအနေအထားထက် များစွာပိုပါသည်။ ဥပမာအားဖြင့် အုပ်ချုပ်မည့် ပါတီ အစုအဖွဲ့မဟာမိတ် အခြေခံအစိုးရအနေဖြင့် ပါဝင်သောပါတီ အစုအဖွဲ့အကြား ဘုံလုပ်ငန်းစဉ် ရပ်တည်ချက်များ ချမှတ်ခြင်း၊ အများသဘောတူ မူဝါဒများရရှိရန် ကြိုးပမ်းခြင်း ၊ ယင်းမူဝါဒ လုပ်ငန်းများအား အစိုးရအဖွဲ့အတွင်း လုပ်ဆောင်ခြင်းတို့မှာ ပဓာနကျသည့် လုပ်ငန်းစဉ်များဖြစ်သည်။

၂၀၀၈ အခြေခံ ဥပဒေကို ပြန်ကြည့်လျှင် တပ်မတော်က ခန့်အပ်ခွင့်ရှိသည့် ဝန်ကြီးဌာန သုံးခုမှလွဲ၍ ကျန်အစိုးရအဖွဲ့ဝန်ကြီးများ၊ စာရင်းစစ်ချုပ်ကအစ တရားသူကြီးချုပ်အလယ် ရှေ့နေချုပ်အဆုံး သမ္မတကပင် ခန့်အပ်ခွင့်ရပေရာ သမ္မတ လုပ်ပိုင်ခွင့်မှာ အတော်အတန်များသည်ဟု ယျေဘုယျ ကောက်ချက်ချနိုင်ပါသည်။

ညွန့်ပေါင်းအစိုးရဆိုသည်ထက် အကျပ်အတည်းတွေ့နေသည့် နိုင်ငံများတွင် တစ်ပါတီတည်း အုပ်ချုပ်မှုမှာ အကျပ်အတည်းများကို မဖြေရှင်းပေးနိုင်ဟု ယူဆလျှင် စုပေါင်းအုပ်ချုပ်သည့် အလေ့အထ အခြေခံ အကျပ်အတည်းကာလ အစိုးရ (သို့မဟုတ်) အင်အားစုပေါင်းစုံပါဝင်သည့် အကျပ်အတည်းကာလ သင့်မြတ်ရေး အစိုးရ (သို့မဟုတ်) အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရဆိုသည်ကို ရံဖန်ရံခါ တွေ့မြင်ရလေ့ရှိပါသည်။ (ဥပမာ ဒုတိယ ကမ္ဘာစစ်အတွင်းကာလ ချာချီ ဦးဆောင်သည့် ဗြိတိသျှအစိုးရ၊ တောင်အာဖရိက အသွင်ကူးပြောင်းရေးကာလ မင်ဒဲလားဦးဆောင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရကဲ့သို့) ယခု ဆောင်းပါးတွင်မူ ညွန့်ပေါင်းကဲ့သို့ အစိုးရကို ယခုကဲ့သို့ အချိန်တွင် ဘာကြောင့်လိုအပ်သည်၊ မည်သည့် အခြေခံမူဖြင့် စဉ်းစားသင့်သည်ကို အဓိကထား ဖော်ပြပါမည်။

 

(က) ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်တွင် တိုင်းရင်းသားအသံများ ပျောက်သွားမှု

ဒီမိုကရေစီစနစ်နှင့် ရွေးကောက်ပွဲဆိုသည်မှာ ခွဲခြားမရနိုင်သည့်နည်းတူ အာဏာရှင်ခေတ်လွန် လူ့အဖွဲ့အစည်းများတွင် ရွေးကောက်ပွဲများ ကျင်းပလိုက်ခြင်းကြောင့် ဒီမိုကရေစီ အပြောင်းအလဲကို အကျိုးပြုသည်ကို ကမ္ဘာတစ်လွှား တွေ့ရှိခဲ့ရပြီး ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲရှိတိုင်း နိုင်ငံသားများဘဝ သာယာဝပြောမည်၊ ဖွံ့ဖြိုးမည်၊ လွတ်လပ်ခွင့်ရှိမည်၊ ကိုယ်စားပြု ဒီမိုကရေစီစနစ်အား ကောင်းမည်ဟု တစ်ထစ်ချပြော၍ မရပါချေ။

အချို့ရွေးကောက်ပွဲစနစ်များက နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာခြင်းကို အားပေးပြီး အချို့စနစ်များက ကိုယ်စားလှယ်လောင်းတစ်ဦးချင်းကို စဉ်းစားစေကာ ဖြစ်ပေါ်လာသည့် ပါတီစနစ်သည် ရွေးကောက်ပွဲစနစ်အပေါ်တွင် မူတည်နေပါသည်။ တချို့စနစ်များက အသံတစ်သံတည်းထွက်ရေးကို အားပေးသလို အချို့စနစ်များက လူ့အဖွဲ့အစည်းအတွင်း တင်းမာမှုပဋိပက္ခများကို ပိုမိုဆိုးရွားစေပါသည်။ တစ်ခါတစ်ရံတွင်လည်း ရွေးကောက်ပွဲစနစ်က အမျိုးသားညီညွတ်ရေး သင့်မြတ်ရေးအတွက် ကိရိယာတစ်ခုလည်း ဖြစ်နေတတ်သည်။

ဥပမာ တောင်အာဖရိက၏ လူမျိုးရေးခွဲခြားမှု ခေတ်လွန် ပထမအကြိမ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင် လူမည်း ၅၂ ရာခိုင်နှုန်းရှိသည့်အနက် (ဇူးလူး ၁၁ ရာခိုင်နှုန်း၊ ဇိုဆာ၊ ဆော်သို၊ ဗင်ဒါ၊ ဆွာနာ၊ ပီဒီ၊ ဆွာဇီ၊ ရှန်ဂန်နှင့် အန်ဒက်ဘီလီ စသဖြင့် ပါဝင်ကာ) ယခင်ကာလရှည် အာဏာဆုပ်ကိုင်ခဲ့သည့် လူဖြူ ၃၂  ရာခိုင်နှုန်းပါဝင်ကာ အရောင်အသွေးစုံ ခုနစ်ရာခိုင်နှုန်းနှင့် အိန္ဒိယ ရှစ်ရာခိုင်နှုန်းမှာ တောင်အာဖရိက လွှတ်တော်တွင် ပါဝင်လာခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲကိုကြည့်လျှင် ပြည်ထောင်စုပါတီဟု ဟစ်ကြွေးပြီး ၂၀၁၅ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်မတွင် နေရာအများစု အနိုင်ရကာ ပြည်နယ်ဒေသများအတွက် ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီးနောက် အာဏာရှင်ခေတ်လွန် ဒုတိယသက်တမ်းအစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်ရခဲ့ပါသည်။

၂၀၁၅ ရလဒ်အရ ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှာ ၅၈ ရရှိခဲ့ပြီး ရခိုင်ပါတီ ၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းပါတီ SNLD ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ပအိုဝ်း၊ တအန်း၊ ဇိုမီးတို့က သုည ဒသမ ၆ ရာခိုင်နှုန်း ၊ ကချင် ၊ မွန် ၊ ၀ နှင့် ကိုးကန့် ပါတီတို့က စုစုပေါင်း သုည ဒသမ ၂ ရာခိုင်နှုန်းသာ ရှိပါသည်။

လူမျိုးဘာသာပါဝင်မှုအရ ကြည့်မည်ဆိုလျှင် ရွေးကောက်ခံကိုယ်စားလှယ် ၄၉၁ ဦးအနက် ၃၁၄ ဦးမှာ ဗမာ (သို့မဟုတ်) ဗမာကပြားများ ဖြစ်သည်။ အခြားလူမျိုးများအဖြစ် ရှမ်းလူမျိုး ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ရခိုင် ၅ ဒသမ ၇ ၊ ချင်းနှင့် ဇိုမီးနှစ်မျိုးပေါင်း ၄ ဒသမ ၇ ၊ ကရင် ၄ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။

NLD ပါတီအနေဖြင့် ပြည်ထောင်စုပါတီဟု ကိုယ့်ကိုယ်ကိုယ်ညွှန်းဆိုကာ ပါတီဝင်တိုင်းရင်းသားများအား ရာထူးပေးမှုများ ရှိသော်လည်း လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုခွင့်ဆိုင်ရာ သုတေသနမှတ်တမ်းများအရ တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခွင့်မှာ မဆိုစလောက်သာ ရှိခဲ့ပါသည်။

ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ထက် တိုင်းရင်းသားလူမျိုး ပါဝင်မှုပိုများသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်း အကြောင်းအရာအလိုက် မေးခွန်းမေးမြန်းခွင့်ရမှု သုတေသနဖော်ပြချက်ကို ကြည့်ကြပါစို့။

(ပွင့်လင်းမြန်မာ့ရှေ့ဆောင် လွှတ်တော် စောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ဝေသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှ နဝမ ပုံမှန်အစည်းအဝေးအထိ အမျိုးသားလွှတ်တော်တွင် အကြောင်းအရာလိုက် မေးခွန်းမေးမြန်းခဲ့မှု ဖော်ပြချက်  ဇယားသုံးခုအရ ။ အဆိုပါ သုတေသန ဇယားများကို အောက်တွင် ကြည့်ရှုပါရန်)

ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေးမှ နဝမ ပုံမှန်အစည်းအဝေးအထိ သုံးကြိမ်ဆက်ကာလအတွင်း တိုင်းရင်းသား အရေးနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းခွင့်မှာ သုံးကြိမ်သာရှိခဲ့ပြီး ယင်းသုံးကြိမ်စလုံးမှာ သတ္တမ ပုံမှန်အစည်းအဝေး တစ်ကြိမ်တည်းတွင်သာ ခွင့်ပြုခဲ့ခြင်းဖြစ်ရာ တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြေရှင်းရမည့် ပြဿနာဟူ၍ မရှိ၍ပင်လော စသဖြင့် မေးခွန်းထုတ်စရာ ဖြစ်စေသည်။

ဒီချုပ်မဟုတ်သည့် ပါတီများမှ အမတ်များအနေဖြင့် ဆွေးနွေးမေးမြန်းခွင့်တွင် အလွန်အမင်း ဘေးဖယ်ထားခြင်းခံရသကဲ့သို့ ခံစားရသည်ဟု လွှတ်တော်ဆိုင်ရာ သုတေသန စာတမ်းအချို့ကလည်း ဖော်ပြနေပါသည်။

အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများမှာ ကဏ္ဍအလိုက်ခေါင်းစဉ်တွင် ထိပ်ရောက်နေသော်လည်း တစ်နိုင်ငံလုံးက စိတ်ဝင်စားသည်က တိုင်းရင်းသားဒေသများအတွက် ကြီးမားစွာ အကျိုးသက်ရောက်စေမည့် တရုတ်စီမံကိန်း BRI ကဲ့သို့ ကိစ္စများ ၊ မြစ်ဆုံ ၊ သံလွင်မြစ်ပေါ်မှ စီမံကိန်းများကဲ့သို့ ကိစ္စများ မပါဝင်ခဲ့ပါ။

ရှမ်းကဲ့သို့ ပြည်နယ်တွင် ပြည်နယ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုး၊ NLD ၊ SNLD အချိုးအစားမကွာလှဘဲ အခြားတိုင်းရင်းသားများလည်း ရှိနေသည်။ သို့သော် ရှမ်းပြည်နယ်အစိုးရနှင့် ယူနန်ပြည်နယ်အစိုးရတို့အကြား တရုတ်စီမံကိန်းများနှင့်ပတ်သက်ပြီး MoU စာချွန်လွှာထိုးသည့် ကိစ္စများကအစ ပြည်နယ်လွှတ်တော်မှပင် မသိရချေ။

ပြည်ထောင်စုလွှတ်တော်တွင် တစ်ပါတီတည်း ထင်တိုင်းကြဲနိုင်သည့် အခြေအနေဖြစ်ခဲ့ကာ လွတ်လပ်ရေးရပြီးစကာလ ပါလီမန်ခေတ်ဦးက ဖဆပလမှာ တစ်ဖက်သတ်လွှမ်းမိုးနိုင်ခဲ့သည့် ကာလအတိုင်း ပါတီစုံအာဏာရှင်စနစ်ဟု အမည်ပေးခံရမှုရှိသည်။ ယင်းကဲ့သို့ အမည်ပေးခဲ့သူမှာ နာမည်ကျော် အမေရိကန် ဂျာနယ်လစ် သောမတ်ဖရီးမင်းပင် ဖြစ်သည်။ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး တစ်ဖက်သတ်လွှမ်းမိုးနိုင်ခဲ့သည့် ပါလီမန်ခေတ် ၁၉၅၁-၁၉၅၂ တစ်ဝိုက်ကိုလည်း အမေရိကန် သတင်းစာဆရာပင်ဖြစ်သည့် ရစ်ချတ်ဗတ်ဝဲလ်က ပါတီစုံအာဏာရှင်စနစ်ဟု အမည်ပေးခဲ့ဖူးသည်။

လွတ်လပ်ရေးရပြီးစ မြန်မာပြည်သမိုင်းကို ကြည့်ပါက အစိုးရတွင်ရော ပါလီမန်တွင်ပါ ဖဆပလမှ တစ်ဖက်သတ် လွှမ်းမိုးနိုင်ခဲ့ပြီး ထင်တိုင်းကြဲနိုင်ခဲ့မှုကို ဦးနုဟာ တစ်ဗိုလ်တစ်မင်းဝါဒစွဲကိုင် ထင်တိုင်းကြဲခဲ့သူအဖြစ် ဝန်ကြီးဟောင်း ဦးထွန်းဖေက ဝေဖန်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော် အချိုးအစားအရ ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ ယနေ့ခေတ်တွင်ရှိ နေရာ ယင်းတို့မှာ ၎င်းတို့အရေးဖြစ်သည့် အခြေခံဥပဒေအရေး၊ လုံခြုံရေးတပ်ကိစ္စတို့တွင်သာ အဓိကထားခဲ့ကြသည်ဖြစ်ရာ လူထု၏ ဒီမိုကရေစီ ရပိုင်ခွင့်များနှင့် လူမျိုးစု တိုင်းရင်းသားများ၏ လူမျိုးစုတိုင်းရင်းသား အရေးအတွက် လွှတ်တော်အတွင်း အတိုက်အခံမှာ လစ်ဟာသလို ဖြစ်နေသည်ဟု လွှတ်တော် အကြံပေးဟောင်းတစ်ဦးကလည်း ထောက်ပြထားသည်။

တကယ်လည်း NLD ပါတီမှာ ဒီမိုကရက်တိုက်ဇေးရှင်းကာလ လိုအပ်သည့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုအကြား စုဖွဲ့ရမည့် တပ်ပေါင်းစုမူကို ဆန့်ကျင်ခဲ့ရုံမျှမက လွှတ်တော်အသုံးချကာ တံတား နာမည်ပေးခြင်း၊ ရုပ်တုများ စိုက်ခြင်းဖြင့်ပင် အချိန်ကုန်နေခဲ့သည်ဟု ၎င်းကပင် ၂၀၁၉ ခုနစ်က ရေးသားသည့် ဆောင်းပါးတွင် ထည့်သွင်းဝေဖန်ထားပါသည်။

တစ်ပါတီကြီးစိုးမှုများဖြင့် ခေတ်အဆက်ဆက် မြန်မာ့လွှတ်တော်နှင့် ပါလီမန် အခင်းအကျင်းကို အမြဲဖွဲ့စည်းခဲ့ရလေ့ရှိရာ ပဋိပက္ခများကို ဒီမိုကရေစီအရ လွှမ်းခြုံဖြေရှင်းနိုင်မှု ရှုထောင့်ကကြည့်လျှင် ယင်းသို့ တစ်ပါတီ ကြီးစိုးမှုများမှာ တစ်ကြိမ်တစ်ခါမျှ တိုင်းရင်းသားအရေး ပြဿနာများကို ဖြေရှင်းနိုင်မှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများသို့ တိမ်းညွတ်မှုကိုသာ ပိုမိုအလေးကဲစေခဲ့သည်ကို ခေတ်အဆက်ဆက် သမိုင်းစာမျက်နှာများက ဖော်ပြနေပါသည်။

အနီးစပ်ဆုံး လွှတ်တော်နိုင်ငံရေး အုပ်ချုပ်ရေး တစ်ပါတီကြီးစိုးမှုကြောင့် ပိုမိုဆိုးရွားလာစေခဲ့သည့် ဥပမာကိုပြရလျှင် ယခုလက်ရှိ ရခိုင်ပြည်နယ်ကို ပြရမည်ပင်ဖြစ်ပေသည်။ ယင်းသို့ဖော်ပြပါ အကြောင်းများကြောင့် ဒေသအခြေပြု ပါတီများ ၊ တိုင်းရင်းသားပါတီများအနေဖြင့် ချက်ချင်းဖက်ဒရယ် တန်းတူရေး အခွင့်အရေးမရနိုင်ရင်တောင် အခြေခံဥပဒေအရရှိပြီးသား အာဏာမဏ္ဍိုင်အခြေပြု ဆုံးဖြတ် ကာကွယ်ခွင့်ဆိုင်ရာ ကိစ္စရပ်များတွင် အချိုးအစားတစ်ရပ်ဖြင့် ပါဝင်ခွင့်ရရန် လိုအပ်နေပြီဖြစ်သည်။

(ခ) အာဏာပြိုင်စနစ်အကြားက ရပ်တန့်နေတဲ့ မြန်မာ့ဒီမိုကရေစီ

ယေဘုယျအားဖြင့် အရပ်သားနှင့် စစ်တပ် (သို့မဟုတ်) ပဒေသရာဇ် အလွှာများဖြစ်စေ၊ အစဉ်အလာ ရွေးကောက်ခံမဟုတ်သည့် အုပ်ချုပ်သူအလွှာ၏ နိုင်ငံရေးအခန်းကဏ္ဍ သီးခြားပါဝင်သည့် စနစ်ကို စပ်ကြားဒီမိုကရေစီဟု ခေါ်တွင်ကြသည်။ ယင်းစပ်ကြား Hybrid စနစ်တွင်ပင် ရွေးကောက်ပွဲများ တစ်စုံတစ်ရာလွတ်လပ်နေမှု၊ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီးဖွဲ့စည်းသည့် အစိုးရ၊ လွှတ်တော် ရှိနေမှု၊ မဲပေးခွင့်၊ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတိုင်းအတာ တစ်ရပ်ရှိနေမှု၊ သင်းပင်းဖွဲ့စည်းခွင့်များ ရှိနေတတ်ပါသည်။ ယင်းအခြေအနေသို့ ရှိနေပြီဆိုလျှင် ဒီမိုကရေစီသို့ ဦးတည်နေပြီ။ တစ်နည်းအားဖြင့် ဒီမိုကရက်တိုက်ဇေးရှင်းစနေပြီဟု ဆိုနိုင်ပါသည်။

ယင်းအခြေအနေရှိတိုင်း စိတ်ချရပြီဟု မဆိုလိုနိုင်ပါ။ မက္ကစီကို၊ တိုင်ဝမ်၊ ဆီနီဂေါတို့ကဲ့သို့ နိုင်ငံများမှာ ဒီမိုကရေစီ အကူးအပြောင်းနှင့် ကြုံခဲ့ရသော်လည်း အဇာဘိုင်ဂျန်၊ ဘေလာရုစ် စသည့်နိုင်ငံများမှာ Authoritarian အာဏာရှင်ဆန်သည့်စနစ်ဖြင့် ကြုံခဲ့ရသည်။

အချို့နိုင်ငံများမှာ ကူးပြောင်းရုံအစတွင်ပင် တစ်စုထက်မကသည့် အာဏာရှင်ဆန်သည့် အာဏာပြိုင်စနစ်ဖြင့် ကြုံတွေ့ခဲ့ရပါသည်။ ဒီမိုကရက်တစ် အာဏာပိုင်စနစ်နှင့် အာဏာပိုင်တစ်စုထက်မက ရှိနေသည့် အာဏာရှင်ဆန်သည့် အာဏာပြိုင်စနစ် ကွာခြားမှုကို ခွဲခြားနိုင်ပါသည်။

အာဏာရှင်အငွေ့သမ်းနေသည့် ဒီမိုကရက်တစ် အာဏာပိုင်စနစ်တွင် (၁) အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမှာ လွတ်လပ်သည့် ရွေးကောက်ပွဲများဖြင့် တင်မြှောက်လေ့ရှိခြင်း၊ အရွယ်ရောက်သူ စင်စစ်အားလုံးနီးပါး မဲပေးခွင့်ရသယောင်ရှိခြင်း၊ လွတ်လပ်စွာထုတ်ဖော်ခွင့် သတင်းဖော်ပြခွင့် အတန်သင့်ရှိခြင်း၊ အစိုးရကို ဝေဖန်ခွင့်ရှိခြင်းများနှင့် လွတ်လပ်ခွင့်အချို့ ရှိနေသော်လည်း ယင်းလွတ်လပ်ဝေဖန်ပြောဆို ပညာပေးဟောပြောခွင့်မှာ စစ်တပ်ကိုသော်လည်းကောင်း၊ နိုင်ငံတော် အထက်တွင်ရှိနေသည့် ဘာသာရေး ခေါင်းဆောင်ကိုသော်လည်းကောင်း ဝေဖန်ခွင့် ပညာပေးခွင့် မရှိပါချေ။

အပြည့်အဝ ဒီမိုကရက်တစ် အာဏာပိုင်စနစ် Fully Democratic Regime တွင်မူ အထက်ဖော်ပြပါ အချက်များထဲမှာ အချက်များကို ချိုးဖောက်နေလေ့ရှိပြီး ချိုးဖောက်မှုမှာ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သော်လည်း စနစ်တကျဖြင့် ဒီမိုကရက်တစ် အပြောင်းအလဲကို ကြန့် ကြာစေသည့် ကိစ္စရပ်များ ဖြစ်စေပါသည်။ အထူးသဖြင့် မဲဖြင့်တက်ထားပြီး လူထုသဘောဆန္ဒအရ တက်လာသည့်အစိုးရ တရားဝင်မှု မြင့်သည့်အစိုးရများ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဒီမိုကရက်တစ်မူဘောင် စပေ့ပိုမချဲ့နိုင်ရန် ရည်ရွယ်ခြင်းမျိုးဖြစ်သည်။

(ကိုးကား ။ The Rise of Competitive Authoritariamism, Steven Levitsky and Lucan A Way)

အာဏာပြိုင်စနစ်တွင်မူ အထက်တွင် ဖော်ပြခဲ့သည့် လွတ်လပ်ခွင့် ဖော်ပြဖော်ထုတ်ခွင့်၊ မဲပေးခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်၊ ရွေးကောက်ပွဲကျင်းပခွင့်များကို မကြာခဏ အပြန်အလှန် အပြိုင်အဆိုင်ဆိုသလို ချိုးဖောက်လေ့ရှိပြီး ရွေးကောက်ပွဲ အခင်းအကျင်း ကစားပွဲနှင့်ပတ်သက်၍ အာဏာရပါတီနှင့် အခြားပါတီများအကြား မညီမျှသည့် ကစားပွဲမျိုးကို ဖန်တီးလေ့ရှိပါသည်။

အာဏာပိုင် အပြိုင်စနစ်မှာ အာဏာကိုင်စွဲခွင့်ရှိသူ အုပ်စုများအနေဖြင့် ရှိနေသည့် ဒီမိုကရက်တစ်မူဘောင် စည်းမျဉ်းများကို နိုင်ငံရေး အကျိုးစီးပွားအတွက် အပြန်အလှန်အသုံးချရန် ကြိုးပမ်းလေ့ရှိပြီး တစ်ဖက်နှင့် တစ်ဖက်လည်း ဖယ်ထုတ်နိုင်မှု (သို့တည်းမဟုတ်) အနေအထား လျော့ပါးသွားအောင် သုတ်သင်ရှင်းလင်းနိုင်မှု မရှိကြပါ။ ဒီမိုကရက်တစ်မူဘောင်များ ကျုံ့စေခြင်း၊ ဥပဒေပြုရေး တရားရေး မဏ္ဍိုင်များ၏ အခန်းကဏ္ဍကို အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင် ထားရှိစေခြင်း၊ ဟန့်တားခြင်းတို့ကို ပြုလုပ်ရာတွင် သတင်းမီဒီယာများ၏ သတင်းရယူပိုင်ခွင့်ကို တင်းကျပ်ခြင်း၊ သတင်းမီဒီယာများအား ပိတ်ပင်ခြင်း၊ သြဇာခံ မီဒီယာများဝါဒဖြန့် မီဒီယာများ အပြိုင်အဆိုင် လက်သပ်မွေးခြင်း၊ ငွေကြေး သြဇာအာဏာ အသုံးချပြီး ကိုယ်မနှစ်သက်သည့် အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ မီဒီယာသမားတို့အား နှိပ်ကွပ်ခြင်း၊ တရားစွဲခြင်း၊ လုပ်ငန်းမရပ်တည်နိုင်အောင် သွယ်ဝိုက်ဖိအားပေးခြင်းတို့အား လုပ်ဆောင်လေ့ရှိသည်။

တစ်ခါတစ်ရံတွင် ဗီတိုပါ၀ါ ကိုင်ထားသူ အာဏာပိုင်၊ လုံခြုံရေး တပ်၊ ဘာသာရေးခေါင်းဆောင် စသဖြင့် အုပ်စုများက တစ်စု၊ ဒီမိုကရက်တစ် အင်စတီကျုးများ ရှိသော်လည်း လူတစ်ဦးချင်းနှင့် နိုင်ငံသား လွတ်လပ်မှု အခွင့်အရေးများ ကန့်သတ်ခံထားရသည့် ဥပဒေမူဘောင်ပေါ် အခြေခံကာ အာဏာရသူ ကိုယ်တိုင်လည်း စင်ကာပူ၊ အီဂျစ်၊ ဥဇဘကစ္စတန် စသည့် နိုင်ငံများမှ ခေါင်းဆောင်များသဖွယ် ကျင့်ကြံနေသူများက တစ်စု စသဖြင့် ရှိနေတတ်မှုမှာလည်း အာဏာပိုင် အပြိုင်စနစ်တွင် အကျုံးဝင်ပါသည်။ ယင်းကဲ့သို့ အခြေအနေ ရှိနေသည့်အတွက် ထွက်ပေါက်မရှိဟု မဆိုလိုပါ။

ဒီမိုကရက်တစ် အင်စတီကျုူးရှင်းများ ပြန်လည်သက်ဝင်ရေး၊ အားကောင်းရေးအတွက် ကစားကွင်းလေး နေရာရှိနေသည်ဟု Steven Levitsky က ဆိုပါသည်။

(၁) ရွေးကောက်ပွဲ အခင်းအကျင်းဆိုင်ရာ ကစားကွင်း

(၂) ဥပဒေပြုရေး ကစားကွင်း

(၃) တရားရေး မဏ္ဍိုင်

(၄) မီဒီယာ ကဏ္ဍ

တို့မှတစ်ဆင့် အခင်းအကျင်းကို ပြန်လည်တည့်မတ်လာနိုင်စေရန် အားထုတ်နိုင်သည်ဟု ထောက်ပြ ထားပါသည်။

မြန်မာနိုင်ငံ၏ လက်ငင်း လိုအပ်ချက်အရမူ လွှတ်တော်အတွင်း ဒီမိုကရက်တစ် အယူအဆရှိသည့် အင်အားစုများ၊ ပါတီ လူပုဂ္ဂိုလ်ထက် ဒီမိုကရက်တစ်အယူအဆနှင့် လူထုကို သစ္စာရှိသူများ အရေအတွက် များများဖြင့် ဝင်ရောက်လာရေးမှာ အခရာကျပါသည်။ ယင်းအခင်းအကျင်းမှတစ်ဆင့် ဥပဒေပြုရေးရော အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဆုံးဖြတ်ညှိနှိုင်းပိုင်ခွင့် အခြေအနေရှိလာပါက ဒီမိုကရက်တစ် အကူးအပြောင်းအတွက် အထောက်အပံ့ဖြစ်စေမည့် လွတ်လပ်စွာ ဖော်ပြခွင့်အတွက်  မီဒီယာကဏ္ဍ မြင့်တင်ပေးခြင်း၊ မတရားသည့် ဥပဒေများဖျက်သိမ်းခြင်း၊ အစားထိုးရေးဆွဲခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ အခန်းကဏ္ဍကို မြှင့်တင်ခြင်း၊ ဒီမိုကရေစီခေတ်သစ်အတွက် ကြိုတင်ပြင်ဆင် ပျိုးထောင်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ဒီမိုကရက်တစ် အကူးအပြောင်းကံကြမ္မာသည် ဥပဒေပြုရေး မဏ္ဍိုင်နှင့် ဆက်စပ်နေသည်ဆိုသည့် သုတေသနအထောက်အထားများလည်း အခိုင်အမာ ရှိနေပါသည်။

ရယ်ဒီကယ် အစွဲသန် လူအုပ်စုများ အားကောင်းခြင်း ၊ ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံခြားတိုင်းပြည်မှ ဝင်စွက်မှု (အထူးသဖြင့် ဖင်လန်နိုက်ဇေးရှင်းခေါ်) အိမ်နီးချင်း ဒီမိုကရက်တစ်မဟုတ်သည့် အင်အားကြီးနိုင်ငံ ရှိနေမှုနှင့် ယင်းနိုင်ငံ၏ သြဇာလွှမ်းမိုးချယ်လှယ် စွက်ဖက်မှု၊ စစ်တပ်နှင့် လုံခြုံရေးတပ်ပါ၀ါ ကြီးစိုးမှု၊ လက်နက်ကိုင် ပုန်ကန်မှု (Insurgency)၊ အစိုးရ အကြီးအကဲ၏ ထင်ရာစိုင်းမှုများပါဝင်နေရာ လွှတ်တော်တွင်း နိုင်ငံရေး အားကောင်းစေမှုများ၊ ဒီမိုကရက်တစ် အလေ့အထထွန်းကားစေပြီး ရယ်ဒီကယ်အစွဲသန်သည့် နိုင်ငံရေး တိမ်းညွတ်မှု အားလျော့စေမှု၊ အစိုးရ အကြီးအကဲအား ထိန်းထေနိုင်မှု၊ Legitamate တရားဝင်မှုအပေါ် အခြေခံပြီး ဒီမိုကရက်တစ်နည်းကျ လုံခြုံရေးတပ်များကို ထိန်းညှိနှိုင်းစွမ်း၊ အသွင်ကူးပြောင်းမှုကာလ လူမှုဘဝလုံခြုံမှုနှင့် စီးပွားရေးကဏ္ဍများအတွက် ဥပဒေပြုခွင့် ထိန်းညှိခွင့်ရှိသည့် မဏ္ဍိုင်မှာ ဥပဒေပြုရေး မဏ္ဍိုင်ပင် ဖြစ်သည်။

(ကိုးကား- M.Steven.Fish, Failed Democratizations; T.Cartothers (2002), The End of Tansition Paradigm; Fukuyama 2015, The Origin of Political Order)

မြန်မာနိုင်ငံ၏ ယခုလွှတ်တော်သက်တမ်း အခြေအနေအရမူ လွှတ်တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင် ရောက်နေသည်ဟု အကဲဖြတ်သည့် လွှတ်တော်သုတေသနဆိုင်ရာ အကဲဖြတ်ချက်များလည်း ရှိနေပါသည်။

ယင်းသင်ခန်းစာအရ ၂၀၂၀ အလွန်လွှတ်တော်တွင် ထိန်းထေမည့် အင်အားစုများ ဝင်ရောက်လာရန် လိုအပ်နေရာ နိုင်ငံရေးအခင်းအကျင်းအရ  ဖြစ်နိုင်ခြေအရှိဆုံးမှ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ အလားအလာအရှိဆုံးဟု ကောက်ချက်ချ ခန့်မှန်းလိုပါသည်။

(ဂ) အကျပ်အတည်းကာလ၊ အမျိုးသားညီညွှတ်ရေး တည်ဆောက်မှုနှင့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးရှုထောင့်

ညွန့်ပေါင်း အစိုးရ သဘောအရဖြစ်စေ၊ ညီညွတ်ရေး အစိုးရ သဘောအရဖြစ်စေ အနိမ့်ဆုံးကြုံတွေ့နေသည့် အာဏာမဏ္ဍိုင် တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းမှသည် အခြားကျယ်ပြန့်သည့် လူမှုစီးပွားနိုင်ငံ့ရေးရာ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရေးအထိ ဦးတည်လေ့ရှိရရာ အင်အားစု ပေါင်းစုံပါသည့် အမျိုးသားညီညွတ်ရေး ရှုထောင့်ကလည်း စဉ်းစားရမည့်အချက် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနစ်မှ လစ်ဘရယ်လိုက်ဇေးရှင်း ဖွင့်လိုက်ကတည်းက ဒီမိုကရေစီ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရေး၊ တပ်နိုင်ငံရေးမှ ဆုတ်ခွာရေးနှင့် ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်ရေး၊ ငြိမ်းချမ်းရေးတို့မှာ တစ်ပြိုင်နက်တည်း မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စ (သို့မဟုတ်) ဆောင်ရွက်နေရသည့် ကိစ္စများဖြစ်သည်။

“ တိုင်းရင်းသားလူမျိုးစု အများအပြားရှိတဲ့ နိုင်ငံတွေအဖို့ ပဋိပက္ခမှာ တိမ်းညွတ်မှုများပြီး ပြည်တွင်းစစ်ဖြစ်ပွားခြင်းမှာ သိပ်အဆန်းတော့ မဟုတ်လှ။ ယင်းကဲ့သို့ မျိုးနွယ်စုများသော တိုင်းပြည်တွေမှာ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ရတာခက်လည်း ခက်တတ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီ အဓိကလား၊ ညီညွတ်ရေး အဓိကလားဆိုတဲ့ပြဿနာက အမြဲပေါ်လေ့ရှိသည်။ အမျိုးသား ညီညွတ်ရေးအခြေခံ မရှိသည့်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ခွဲထွက်ခွင့်အထိ တောင်းဆိုမှုများ ရှိတတ်ခြင်းကြောင့်လည်း ဒီမိုကရေစီ အဓိကဆိုခြင်းထက် အဆိုပါအခြေအနေတွင် ညီညွတ်ရေးကို အရင်ဦးစားပေးသင့်တယ်လို့ ဘာသာရေး၊ ယဉ်ကျေးမှုအခြေခံတဲ့ ပဋိပက္ခတွေ အတွင်းကမ္ဘာကြီး ကျရောက်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့သူ ဖြစ်ပြီး အကူးအပြောင်းဆိုင်ရာ တတိယလှိုင်းကျမ်းကို ရေးသားခဲ့သူ ပါမောက္ခ ဟန်တင်တန်က ပြောကြားသည်။

“ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ဒီမိုကရေစီကျသည့် နိုင်ငံရေးကျင့်ထုံးများနှင့်အတူ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုများကို ဖန်တီးဖို့ အကြံပေးပါသည်။ ပြီးမှသာ ဘာသာရေး လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများကို လိုက်ပါဆောင်ရွက်ရမည်” လို့ ဟန်တင်တန်က ဆိုပါသည်။ ပညာရှင် Rustow ကလည်း ထိုနည်းလည်းကောင်းပင် အကြံပေးပါသည်။ ညီညွတ်ရေးအရင် လုပ်ပြီးမှ ထိန်းပြီး အပြောင်းအလဲလုပ်ဆိုသည့် သဘောပင်။

မြန်မာနိုင်ငံအနေဖြင့်မူ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရ ဖွဲ့စည်းမှုကတည်းက ပဋိပက္ခတင်းမာမှုများ၊ နိုင်ငံရေးအရ လွန်ဆွဲမှုများ မပေါ်ပေါက်စေရန် ညှိနှိုင်းဖြေရှင်းသည့် အလေ့အထထွန်းကားရန် ဒီမိုကရက်တိုက်ဇေးရှင်း ချောမွေ့စေရန် လူဖြူလူမည်းခွဲခြားမှု ခေတ်လွန် တောင်အာဖရိကကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရန် တိုက်တွန်းမှုများ ရှိသော်လည်း အရာမထင်ခဲ့ပါ။ အာဏာအလွှဲအပြောင်း စလုပ်ကတည်းက ရခိုင်နှင့် ရှမ်းပြည်နယ်ဘက်မှ မကျေနပ်သံများ စတင်ပေါ်ပေါက်လာသလို ရခိုင်ပြည်နယ်မှာ လွန်ခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း အဆိုးရွားဆုံးအခြေအနေတစ်ရပ်သို့ အလျင်အမြန် ပြောင်းလဲရောက်ရှိကုန်ပါသည်။

NLD ပါတီဝင်မဟုတ်သည့် တိုင်းရင်းသားအချို့ကို လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း နေရာပေးခဲ့သော်လည်း ယင်းတိုင်းရင်းသားများမှာ ဆိုင်ရာ မျိုးနွယ်စုတိုင်းရင်းသား နိုင်ငံရေးပရဝုဏ်တွင် သြဇာအလွန်အမင်း ကျဆင်းသွားမှုနှင့်ပါ ရင်ဆိုင်ခဲ့ရပါသည်။ ရှိသည့်ဘောင်အတွင်းမှ ကိုယ်စားပြု တာဝန်ပေးခြင်း Power Delegation ပင် ပေးအပ်နိုင်သည့် အခြေအနေ မဟုတ်ခဲ့ရာ ယင်းကဲ့သို့ ဖြစ်ရပ်မျိုး ကြုံတွေ့ရခြင်းမှာ မဆန်းဟု ကောက်ချက်ချရပေမည်။

၂၀၁၆ ခုနှစ်လောက်က အာဏာရစ ကာလအခြေအနေကို ပြန်ကြည့်လျှင် နိုင်ငံရေးနှင့် စစ်ရေး အိလိနှစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ခေါင်းဆောင်တို့အကြား အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ကောင်းမွန်နေခဲ့သော်လည်း ယင်းဆက်ဆံရေးမှာ ကျယ်ပြန့်သည့် ဒီမိုကရက်တစ် မူဘောင်များ ပြုပြင်ပြောင်းလဲခြင်း၊ လူထုအခြေပြု အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ တိုင်းရင်းသားများနှင့် သင့်မြတ်ရေး ဆိုသည့်အဆင့်အထိ မရောက်ခဲ့ပါချေ။

၂၀၁၇ နောက်ပိုင်းတွင် နိုင်ငံတကာဖိအားများကပါ ရှိရင်းစွဲ အကွဲအပြဲများကို ပိုပြဲစေသည့် အနေထားအထိ သက်ရောက်စေခဲ့ပါသည်။

လူမှုစီးပွားကျဆင်းမှု ဒွန်တွဲပြဿနာများ ဖြစ်လာစေမည့် COVID-19 လို ကာလမျိုးအထိ ညီညွတ်ရေးမှာ တည်ဆောက်နိုင်ခြင်း မရှိပါ။

အုပ်ချုပ်ရေး ယန္တရားညံ့ဖျင်းမှု၊ ပြည်တွင်း လက်နက်ကိုင် ပုန်ကန်မှု ပြဿနာများအပေါ် တပ်မတော်၏ နိုင်ငံရေးတွင် တည်ရှိနေမှု အိုင်ဒီယိုလိုဂျီ တည်ဆောက်ထားမှုမှာလည်း ယခုတိုင် ခိုင်မြဲနေဆဲပင်။ အချို့ဒေသများတွင် နိုင်ငံတော်ဝန်ဆောင်နိုင်မှု တည်ရှိမှု Statehood မှာ ပျက်ယွင်းလာနေပြီဖြစ်သည့်အတွက် စိုးရိမ်မှုအချို့ကိုလည်း အဆိုးမဆိုရက်ပါချေ။ သို့သော်  ပကတိအတိုင်းရှုမြင်ရမည်ဆိုပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် အရေးပါသည့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးတွင် ခေါင်းဆောင် နှစ်ဦးမျှ (ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ခေါင်းဆောင်) ဆက်ဆံရေးသက်သက်ဖြင့် မလုံလောက်သည့် အခြေအနေသို့ တိုင်းပြည်မှာ ဆင်းသက်ရောက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။

တတိယလှိုင်း ဆိုသည့် ကမ္ဘာကျော် ဒီမိုကရေစီအပြောင်းအလဲဆိုင်ရာကျမ်းကို ပြုစုသူ ဆရာကြီး ဟန်တင်တန်အဆိုအရ ဒီမိုကရေစီနိုင်ငံများတွင် အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ ဓမ္မဓိဋ္ဌာန်ကျသည့် အရပ်သားအုပ်ချုပ်မှုဟာ ဖွင့်ဆိုပါသည်။

(၁) စစ်တပ်၏ ပရိုဖက်ရှင်နယ် အရည်အသွေးမြင့်မားခြင်းနှင့် လုပ်ပိုင်ခွင့်အကန့်အသတ်များ ရှိမှုအပေါ် စစ်သားများက လက်ခံမှု

(၂) နိုင်ငံရေးသမားများက စစ်တပ်အပေါ် ထိထိရောက်ရောက် ထိန်းချုပ်ခွင့်ရရှိထားပြီး အခြေခံ စစ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများ ချမှတ်ခွင့်ရှိခြင်း

(၃) စစ်တပ်၏ စစ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပေါ် နိုင်ငံရေးခေါင်းဆောင်များ၏ အသိအမှတ်ပြုမှု

(၄) အကျိုးဆက်အနေဖြင့် နိုင်ငံရေးမှာ စစ်တပ်ပါဝင်စွက်ဖက်မှု အနည်းဆုံးဖြစ်အောင် လုပ်ထားနိုင်ခြင်း စသည့် လက္ခဏာ လေးရပ်ရှိရမည်ဟု ဆိုပါသည်။

သို့သော် အာဏာရှင်နိုင်ငံများ နှင့် ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံများ၏ အခြေအနေမှာ ယင်းအခြေအနေမျိုး မဟုတ်ဟုပင် တိတိလင်းလင်း ဆိုထားသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ရေးအတွက် ယေဘုယျအားဖြင့် နိုင်ငံရေးအရ ဦးဆောင်ခွင့်ရနေသည့် အရပ်သားခေါင်းဆောင်နှင့် စစ်တပ်အကြီးအကဲအကြား ဆက်ဆံရေး ယင်းဆက်ဆံရေးမှတစ်ဆင့် ရယူသည့် နိုင်ငံရေးအပေးအယူမှာ ကျယ်ပြန့်သည့် ဒီမိုကရက်တစ်မူဘောင်သို့ ဦးတည်သလော၊ ပြည်သူထံဆင်းသက်ကြမည်လော သို့တည်းမဟုတ် အိလိနှစ်ဦး၏ အကျိုးစီးပွား သက်သက်သာလော ဆိုသည့်ကိစ္စများလည်း ရှိနေပါသည်။ အကယ်၍ ယင်းဆက်ဆံရေးမှာ အိလိနှစ်ဦး၏ အကျိုးစီးပွားသက်သက်သာဆိုလျှင်လည်း ဒီမိုကရေစီအောင်မြင်ရေးတွင် ရေရှည်ခက်ခဲနိုင်မည်ဟု ၎င်းက ဆိုသည်။

လူမျိုးစု တိုင်းရင်းသားအနွယ်များ များပြားသည့် တိုင်းပြည် (သို့မဟုတ်) ဘာသာရေးအရ အမှတ်သရုပ် လက္ခဏာကွဲပြားမှု ခြားနားသည့် အုပ်စုများရှိမှုနှင့် ယင်းကွဲပြားမှုများအပေါ်တွင် နိုင်ငံရေးအရ သက်ဝင်မှုရှိနေသည့် နိုင်ငံများအတွက်မူ ဒီမိုကရေစီ အားကောင်းစေရန်အတွက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို တည်ဆောက်မည်ဆိုပါက နိုင်ငံရေး စစ်ရေးခေါင်းဆောင် နှစ်ဦးလောက်ဖြင့် မလုံလောက်သည့် အခြေအနေမျိုး မကြာခဏကြုံတွေ့ရလေ့ ရှိပါသည်။ ယင်းအခြေအနေများတွင် ကွဲပြားအုပ်စုအလိုက် မျိုးနွယ်စု ခေါင်းဆောင်များနှင့် အဓိကကျသည့် နိုင်ငံရေး စစ်ရေးခေါင်းဆောင်များအကြား ဆက်ဆံရေး ထုံကူးပေါင်းဖက်နိုင်စွမ်းကလည်း အရေးပါလာသည်ဟု ပါမောက္ခ Constaine.P Danopolous က အခိုင်အမာ ဆိုပါသည်။

၎င်းလေ့လာခဲ့သည့် စစ်အေးအလွန် အရှေ့ဥရောပနိုင်ငံများ ကူးပြောင်းမှုများ၊ ပြိုကွဲမှုများတွင် အရပ်ဘက် အိလိနှင့် စစ်ဘက် အိလိ နှစ်ဦးမျှ ဆက်ဆံရေး ကောင်းမွန်ရုံသက်သက်ဖြင့် အခြားကွဲပြားခြားနားသည့် အမှတ်သရုပ်လက္ခဏာရှိ မျိုးနွယ်စုများအား မဆွဲဆောင်နိုင်ခဲ့သည့် ဖြစ်စဉ်အများအပြား တွေ့ခဲ့ရသည်ဟု ၎င်းရေးသားသည့် Civil- Military Relations, Nation-Building and National Indentity ဆိုသည့် စာအုပ်တွင် ဖော်ပြထားပါသည်။

ဆိုခဲ့ပါ အခြေအနေများအရ ၂၀၂၀ အလွန် အစိုးရအဖွဲ့မှာ အင်အားစုအစုအဖွဲ့ သုံးစုဖြစ်သည့် ဒီမိုကရေစီအရ ကိုယ်စားပြုမှုများသည့် အုပ်စု၊ တိုင်းရင်းသား အင်အားစု၊ တပ်မတော်တို့ကို ကိုယ်စားပြုနိုင်သည့် (သုံးပွင့်ဆိုင်) အစိုးရမျိုးဆိုလျှင် ၂၀၀၈ အခြေခံဥပဒေ ပေးထားချက်အရ တည်ရှိနေသည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး မူဘောင်ထဲမှ နိုင်ငံရေးမျှခြေတစ်ရပ်ကို ဖန်တီးပေးနိုင်ဖွယ် ရှိပါသည်။ တိုင်းရင်းသားများအနေဖြင့်လည်း ပြည်ထောင်စုအဆင့်တွင် ၎င်းတို့၏ ပါဝင်ဆုံးဖြတ်ခွင့်အခန်းကဏ္ဍ ပိုမိုရရှိလာပါလိမ့်မည်။

အခြေခံဥပဒေတည်ရှိမှုအရ အစိုးရအဖွဲ့အတွင်း မကြာခဏအထစ်အငေါ့များ ကြုံနိုင်သော်လည်း စုပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ညီညွတ်မှုအားနည်းသည့်နိုင်ငံတွင် ယင်းကဲ့သို့ ပူးပေါင်းဖြေရှင်းသည့် စနစ်ထက် နိုင်ငံရေးအရ တင်းကြမ်းမပြည့်ဘဲ သက်သက်သာသာသွားနိုင်မည့် အခြေအနေမျိုး လတ်တလော မမြင်သေးပါချေ။ အနိမ့်ဆုံးအားဖြင့် ညွှန့်ပေါင်း သဘောမျိုးအစိုးရမှတစ်ဆင့် ပေးထားချက် အခြေခံဥပဒေဆိုင်ရာ မူဘောင်ကို အသုံးချ၍ ညီညွတ်ရေးအစိုးရ တည်ဆောက်ခြင်းမှာ လက်ရှိ အာဏာရပါတီအနေဖြင့် မည်မျှပင် ငြင်းဆန်နေစေသေးကာမူ တိုင်းပြည်၏ လိုအပ်ချက်အရ မဖြစ်မနေ စဉ်းစားရမည့် အနေအထားတစ်ရပ်သို့ ရောက်ရှိနေပါသည်။

ယင်းသို့ ဖွဲ့စည်းမှုတွင် ဒီမိုကရက်တစ်နည်းကျ ရွေးကောက်တင်မြှောက်သည့် အရပ်ဘက် Civilan အခန်းကဏ္ဍမှာ အရေးကြီးပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ အစိုးရက အဖွဲ့ကို ဦးဆောင်နိုင်ရန်လည်း လိုအပ်လှမည် ဖြစ်သည်။

( ဃ ) ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ပဋိပက္ခ ဖြေရှင်းရေး

Crook and Sverrisson  (2003) အဆိုအရ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဆိုသည်မှာ အာဏာနှင့် အရင်းအမြစ်များအား ဗဟိုမှ ခြားနားသည့် အခြားအဆင့်တွင် ရှိနေသည့် အကျိုးစီးပွား ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအပေါ် စိတ်ဝင်စားမှုရှိနေသော လူအုပ်စုများနှင့် နယ်မြေများထံ ဖြန့်ဖြူးခွဲဝေပေးခြင်းဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။

နိုင်ငံရေး ဗဟိုချုပ်ကိုင်မှု၊ အုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှုဆိုပြီး နှစ်မျိုးရှိသည့်အနက် နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုမှာ ဒေသအလိုက် ကိုယ်စားလှယ်များအနေဖြင့် ဆုံးဖြတ်ချက်ချနိုင်သည့် အခွင့်အာဏာမျိုးဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ ပိုမိုတိုးတက်စေခြင်း၊ လူထုဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုကောင်းမွန်လာရေး၊ ဒေသဆိုင်ရာ ဘဏ္ဍာရေးအခြေအနေ ပိုမိုကောင်းမွန်လာစေရေး၊ အစိုးရနှစ်ရပ်အကြား တစ်ဆင့်လွှဲပြောင်းပေးအပ်မှုများ ပိုကောင်းလာစေရေးအပြင် အခြားကိစ္စရပ်များလည်း ပါဝင်ပါသည်။

တောင်အာဖရိကတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဖြစ်စဉ်သည် အမျိုးသားညီညွတ်ရေးအဖြစ်ပင် ပုံဖော်ပေးနိုင်ခဲ့ပြီး အမျိုးမျိုးသော အတိုက်အခံအင်အားစုများအား အုပ်ချုပ်သူအဖြစ် ပြောင်းလဲပုံဖော်ပေးနိုင်ခဲ့ကာ ကန့်သတ်ခံလူအုပ်စုများ၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး အစိုးရဝန်ဆောင်မှု ပိုမိုရရှိစေရေးတို့ကို တွန်းအားဖြစ်စေခဲ့သည်။

အမှန်တကယ်တော့ ရှိရင်းစွဲ အခြေခံဥပဒေပြောင်းလဲရုံ သက်သက်ဖြင့် နိုင်ငံရေးဗဟိုချုပ်ကိုင်မှုကို ထိရောက်စွာလုပ်ဆောင်ရန်ပင် မလွယ်ကူချေ။ နိုင်ငံရေး ဗဟိုချုပ်ကိုင်မှု လျှော့ချမှုအတွက် အောင်မြင်ရန် မရှိမဖြစ် စနစ်မှာ ပါတီစုံစနစ် ပေါ်ပေါက်ခြင်း၊ လွှတ်တော်များ အားကောင်းခြင်း၊ နယ်မြေအလိုက် နိုင်ငံရေးအဖွဲ့အစည်းများ လှုပ်ရှားဆောင်ရွက်မှုမှာ ထိရောက်မှုရှိခြင်း၊ ယင်းဆောင်ရွက်ချက်များမှာ အများပြည်သူဆိုင်ရာ အကျိုးစီးပွား ဦးတည်စေခြင်းတို့ဖြစ်သည်။

ဖြန့်ကြက်လုပ်ဆောင်ခြင်း Deconcentation ၊ တာဝန်ပေးခြင်း Delegation ၊ Devolution တာဝန်လုပ်ပိုင်ခွင့် လွှဲအပ်ခြင်း စသည့်ပုံစံ သုံးမျိုးမှာ ဗဟိုချုပ်ကိုုင်မှု လျှော့ချခြင်းတွင် တွေ့ရလေ့ရှိသည့် ပုံစံသုံးမျိုးလည်း ဖြစ်ပါသည်။

အကယ်၍ ၂၀၂၀ အလွန် အစိုးရအဖွဲ့သစ်အနေဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ပြီး ယင်းစုဖွဲ့မှုအောက်တွင် တိုင်းရင်းသားပါတီများ ပါဝင်ခွင့်ရှိပြီ ဆိုပါစို့။

ပြည်နယ်ဒေသများတွင် ဒေသတွင်းအနိုင်ရပါတီအနေဖြင့် ပြည်နယ်အုပ်ချုပ်ခွင့်ကဲ့သို့ ဗဟိုအစိုးရက တာဝန်ပေး အုပ်ချုပ်စေမှု Delegation ကို စတင်ရရှိနိုင်ပြီး ယင်းပါတီမှာ ဗဟိုအဆင့်အတွက်ပါ ညှိနှိုင်းနိုင်မှုများရှိပါက ဗဟိုအဆင့်တွင်လည်း နေရာရရှိနိုင်ပါသေးသည်။

တိုင်းရင်းသားပါတီများကို နေရာပေးခြင်းနှင့် ပဋိပက္ခဖြေရှင်းရေး မည်သို့ ဆက်စပ်သနည်းဆိုသည့် မေးခွန်းများလည်း ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ရှေ့ပိုင်းမှ ရခိုင်ပြည်နယ် အခြေအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေသတွင်း အနိုင်ရ ရခိုင်ပါတီအားပေးအပ်ရန် ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်သည့် နိုင်ငံရေးတိမ်းညွတ်မှုများအပေါ် ရခိုင်လူငယ်များ ယိမ်းယိုင်ခဲ့မှုမှာ ဥပမာကောင်းပင်ဖြစ်သည်။

တိုင်းရင်းသားပါတီများကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးမပေးသည့်အပေါ် ထင်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်အချို့က ဝေဖန်မှုများလည်း ရှိခဲ့ပါသည်။

ယင်းကိစ္စမှာ တိုင်းရင်းသားများနှင့် ပြည်မ အစိုးရများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးကြီးသတိမူရမည့်အချက်ဟု ထင်ပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်လျှင် NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်များနှင့် ဆွေးနွေးနေသည့် နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံနှင့် အပစ်မရပ်အဖွဲ့များနှင့် ဆွေးနွေးမှုများ ဆိုပြီးတွေ့မြင်ရမည်ဖြစ်ပါသည်။

နိုင်ငံရေးအရ နှစ်ဖက်လိုက်လျောနိုင်မှုကိုကြည့်လျှင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တောင်းဆိုမှုက နိုင်ငံတကာ ဖက်ဒရယ်နိုင်ငံများတွင် ကျင့်သုံးနေသည့် ပုံစံလောက်အထိ တောင်းဆိုနေပြီး တပ်မတော်ဘက်မှ ပေးနေသည့်အလျှော့ပေးမှုအရကမူ ရှိရင်းစွဲ အခြေခံဥပဒေပုဒ်မအချို့ကို စတင်ပြင်ဆင်ရန်လောက်သာ ဖြစ်ပါသည်။ ယင်းနှစ်ချက်မှာ အစွန်းနှစ်စွန်းကဲ့သို့ ကွာလှမ်းသည်ဟု ယူဆမိပါသည်။

ကြားဝင် သမာသမတ်ကျကျ ညှိနှိုင်းပေးရမည့် NLD အစိုးရကလည်း သူ့တာဝန်ကို သူနိုင်နိုင်နင်းနင်း ယူနိုင်ခဲ့မှု မရှိပါ။

တစ်ဖက်တွင်လည်း အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များသည်ပင်လျှင် နေရာ နယ်မြေသတ်မှတ်ပိုင်းခြားမှု မလုပ်နိုင်မှု၊ ကြားကာလအတွင်း ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ပါဝင်စီမံဆောင်ရွက်ခွင့်များ ဆောင်ရွက်နိုင်မှုမရှိပေ။

ယုံကြည်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ရှေ့တိုးစေလိုသည့် ရှုထောင့်မှ ကြည့်မည်ဆိုပါက ရွေးကောက်ပွဲတွင် အချိုးအစားအရ အတန်အသင့်အနိုင်ရ၊ ကိုယ်စားပြုမှုအရ တစ်စုံတစ်ရာမြင့်သည့် တိုင်းရင်းသားပါတီများအား ပြည်နယ်အစိုးရအား စီမံခန့်ခွဲနိုင်သည့် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ပေးအပ်ခြင်းသည် နိုင်ငံရေးလမ်း ပေါက်ဖွင့်ပေးခြင်းပင် ဖြစ်နေပေသည်။ တစ်ပြိုင်နက်တည်းတွင်လည်း အပစ်ရပ်တိုင်းရင်းသား တပ်ဖွဲ့များနှင့် ဆက်ဆွေးနွေးနေပြီး သူတို့ရပ်တည်ရေးနှင့် ဒေသစီမံခန့်ခွဲခွင့်အတွက် ပူးတွဲတာဝန်ထမ်း လုပ်ပိုင်ခွင့်များပေးခြင်းတို့မှာ နိုင်ငံရေးအရ အလျှော့အတင်း လုပ်ရန်ခက်သည့် ရပ်တည်ချက် နှစ်ရပ်အကြားတွင် ကြားအဖြေတွေ့ရေးအတွက် ပိုမိုစေ့ဆော်ပေးနိုင်သည့် အခင်းအကျင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။ NCA အပစ်မရပ်သည့် ဒေသများတွင်ပင်လျှင် ယင်းကဲ့သို့ နိုင်ငံရေးအရ ထွက်ပေါက်ပေးခြင်းမှာ ပဋိပက္ခဖြေရှင်းရေး ရှုထောင့်အရသော်လည်းကောင်း၊ ဒေသခံများနှင့် ယုံကြည်မှု တည်ဆောက်ရေးအရသော်လည်းကောင်း ထိရောက်မှုရှိနိုင်သည့် အခြေအနေတစ်ရပ်တွင် ရှိနေပါကြောင်း။

Most Read

Most Recent