သံဖြူဇရပ် ပငဒေသထွက်နေလှန်းဆားကို စင်ကာပူနိုင်ငံသို့ ပထမဆုံးတင်ပို့ရောင်းချနိုင်ရန် လုပ်ငန်းစဉ်များ စတင်

သံဖြူဇရပ် ပငဒေသထွက်နေလှန်းဆားကို စင်ကာပူနိုင်ငံသို့ ပထမဆုံးတင်ပို့ရောင်းချနိုင်ရန် လုပ်ငန်းစဉ်များ စတင်
သံဖြူဇရပ်မြို့နယ်ရှိ ဆားလုပ်ငန်းခွင်ကို တွေ့ရစဉ်
သံဖြူဇရပ်မြို့နယ်ရှိ ဆားလုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 27 June 2020
မောင်မောင်ရွှေမြိုင်

မွန်ပြည်နယ် နေလှန်းဆားလုပ်ငန်းရှင် အဖွဲ့ဝင်တစ်ဦးက ပြည်ပထုတ်ကုန်အဖြစ် သံဖြူဇရပ်မြို့နယ် ပငဒေသထွက် နေလှန်းဆားကို စင်ကာပူနိုင်ငံသို့ ပထမဆုံး တင်ပို့ရောင်းချနိုင်ရန်၊ စျေးကွက်၊ သယ်ယူပို့ဆောင်မှု၊ အခွန်ကိစ္စ စသည်တို့ကို ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

“ တစ်ပိဿာထုတ်လုပ်စရိတ်က ကျပ် ၅၀၊ ၆၀၊ အကျိုးအမြတ် ကျပ် ၁၀၊ ၁၅လောက် လိုချင်တယ်ဆိုရင် ကျပ် ၇၀ လောက်နဲ့ ရောင်းဖို့ရှိတယ်။ ဒါက ဆားကွင်းစျေးပဲ ရှိသေးတယ်။ သင်္ဘောတင်စရိတ်၊ ထုပ်ပိုးပစ္စည်းအတွင်း/ အပြင်အတွက် ကုန်ဖို့ရှိသေးတယ်။ အဲဒါတွေပါ ပြန်ပေါင်းရင် တစ်ပိဿာကျပ် ၁၀၀ လောက် ရှိသွားနိုင်တယ်။ အဲဒီစျေးကလည်း ကမ္ဘာပေါ်မှာ ဆားထုတ်လုပ်စရိတ်မှာ အမြင့်ဆုံးဖြစ်နေပြီ။ ဟိုဘက်စင်ကာပူက ဝယ်စရာရွေးချယ်စရာအများကြီး၊ အိန္ဒိယရှိတယ်။ တန်ငါးသောင်း၊ သုံးသောင်း ဝယ်လို့ရတယ်။ ပို့လို့လည်း လွယ်တယ်။ ပို့နေကျဆိုတော့ လမ်းကြောင်းက ချောနေမယ်။ ကျွန်တော်တို့မှာ ထုတ်လုပ်မှုစရိတ် ကြီးတယ်။ တင်ပို့မယ့်ပထမနှစ်မှာ အခွန်ကင်းလွတ်ရင် ပိုအဆင်ပြေမှာပေါ့။ အကြိုညှိနှိုင်းတာ သူတို့က တန်ငါးထောင်လောက် ယူမယ်။ ကျွန်တော်တို့က ပထမခြေနိုင်လက်နိုင်တန် တစ်ထောင်လောက် စပို့နိုင်ပို့လုပ်နေပါတယ်။ တကယ်လို့ သူတို့ယူဖြစ်မယ်၊ စျေးနည်းနည်း လျှော့ဆိုရင်လည်း ကျွန်တော်တို့ ရောင်းနိုင်အောင် ကြိုးစားမယ်။ စျေးကိုမကြောက်ဘူး။ ပို့ဖြစ်ဖို့ပဲလိုပါတယ်။ ဒီနေ့ပဲ မွန်ပြည်နယ် စားသုံးသူရေးရာဌာနကို တင်ပြတော့ ရန်ကုန် ကုန်သွယ်ဦးစီးမှာ စုံစမ်းဖို့လမ်းညွှန်တယ်” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းထိန်က ဆိုသည်။

“ ကျွန်တော်တို့က ပြည်တွင်းစျေးကွက်ကို ဒီအတိုင်းမှေးထိုင်နေလို့ မရတော့ဘူး။ ကျွန်တော်တို့မှာ ပိုလျှံနေတာကို သူများထက် စျေးလျှော့မယ်။ ပါကင်တွေ သူများထက်ပိုကောင်းအောင် အရည်သွေးကောင်းအောင် လုပ်မယ်။ အဲဒါဆိုရင် နိုင်ငံတကာပို့လို့ရမှာပေါ့။ အရည်အသွေးကောင်းမယ်။ စျေးက တစ်ဖက်က ယူနိုင်တဲ့စျေးမျိုးဆိုရင် အဆင်ပြေဖို့များမှာပါ” ဟု မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောကြားသည်။

မွန်ပြည်နယ်နေလှန်းဆားများသည် ရာသီဥတုဖောက်ပြန်မှုနည်း၍ ဆားရာသီကုန် မေလအထိ ကျုံးနိုင်သည့်အတွက် ဆားမက် ထရစ်တန်ချိန် ငါးသောင်းခန့်ထွက်ရှိပြီး ဒေသတွင်း စားသုံးမှုအနေဖြင့် တန်တစ်သောင်းသာလိုကာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ အထက် မြန်မာနိုင်ငံအရပ်ရပ်သို့ တင်ပို့ရောင်းချကြောင်း မွန်ပြည်နယ် ဆားကုန်သည်များထံမှ သိရသည်။

Most Read

Most Recent