မြန်မာနိုင်ငံအနေဖြင့် Transit Trade ဆောင်ရွက်မှုတွင် တိုးတက်မှုရှိပြီး ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုတည်းမှ ဒေါ်လာလေးဘီလျံနီးပါး ရရှိထားကြောင်း ဒုတိယဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအနေဖြင့် Transit Trade ဆောင်ရွက်မှုတွင် တိုးတက်မှုရှိပြီး ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုတည်းမှ ဒေါ်လာလေးဘီလျံနီးပါး ရရှိထားကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 25 June 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံအနေဖြင့် Transit Trade ဆောင်ရွက်မှုတွင် တိုးတက်မှုရှိပြီး ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုတည်းမှ ဒေါ်လာလေးဘီလျံနီးပါး ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဇွန် ၂၄ ရက်က ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပထဝီအနေအထားအပေါ် မူတည်ပြီးတော့ Transit Trade ကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ Transit Trade ဆောင်ရွက်မှုမှာလည်း Transit Trade တစ်ဆင့်ခံ ပို့ဆောင်မှုလုပ်ငန်းဟာ ဆိုလို့ရှိရင် တော်တော်တိုးတက် လာတာကိုလည်း တွေ့ရပါတယ်။ ဒီအထဲမှာတော့ ကျောက်ဖြူ- ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုပဲ ပြောမယ်ဆိုရင်တော့ Transit Trade ကနေပြီးတော့မှ ဒေါ်လာ ၃ ဒသမ ၉ ဘီလျံလောက် ရရှိခဲ့တယ် ဆိုတာကို တွေ့ရပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းမှ စတင်၍ လည်းကောင်း၊ ရေနံစိမ်းပိုက်လိုင်းသည် မဒဲကျွန်းမှစတင်၍လည်းကောင်း သွယ်တန်းထားကြောင်း သိရသည်။

ပိုက်လိုင်းများသည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ အသီးသီး ဝင်ရောက် သွယ်တန်းထားသည်။ ရေနံစိမ်း ပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာ ရှည်လျားပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာမူ စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကီလိုမီတာ ၁၄၂၀ ဝန်းကျင်ရှည်လျားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်တွင် ယင်းပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့တင်ပို့မှု စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေနံစိမ်းတင်ပို့မှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန် ၁၉ သန်းနှင့် သဘာဝဓာတ်ငွေ့ တန်ချိန် ၁၃ ဒသမ ၄၄ သန်းတင်ပို့ခဲ့ပြီး ဖြစ်သည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီး ရေနံစိမ်း ပိုက်လိုင်းကိုမူ SEAOP ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်၌ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၁၂၀ လျော့ကျခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ ရှစ်လခန့်၌ ပြည်ပသို့ သဘာဓာတ်ငွေ့ တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၂၅၀ ဘီလျံရရှိထားပြီး ယခင်နှစ် ကာလတူတွင် ဒေါ်လာ ၂ ဒသမ ၃၇၀ ဘီလျံ ရရှိထားသည်။

“ဒီနှစ်မှာက သဘာဝဓာတ်ငွေ့က ဒေါ်လာသန်း ၂၂၅၀ (၂ ဒသမ ၂၅၀ ဘီလျံ) ရရှိထားတာပေါ့။ ပြီးခဲ့တဲ့ ကာလတူမှာက ဒေါ်လာသန်း ၂၃၇၀ (၂ ဒသမ ၃၇၀ ဘီလျံ) အထိ ရရှိထားတာဆိုတော့ ဒီနှစ်မှာက မနှစ်ကထက် လျော့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၁၂၀ အထိ လျော့ကျခဲ့ခြင်း ဖြစ်သည်။

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်း အနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိတွင်းပေါင်း ၈၆ ခုမှ စုစုပေါင်း ရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၆၂၃,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent