ကပ်ရောဂါကြောင့် ရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာ နေရပ်နိုင်ငံများသို့ ပြန်နေကြသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်

ကပ်ရောဂါကြောင့် ရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာ နေရပ်နိုင်ငံများသို့ ပြန်နေကြသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်
  အီရန်တွင် သောင်တင်နေသော အိန္ဒိယနိုင်ငံသားများ ရေတပ်သင်္ဘောဖြင့် အာမက်ဒါဘတ်မှ ကီလိုမီတာ ၄၀၀ ခန့်အကွာရှိ Porbanda သို့ ဇွန် ၁၁ တွင် ရောက်ရှိလာစဉ်
အီရန်တွင် သောင်တင်နေသော အိန္ဒိယနိုင်ငံသားများ ရေတပ်သင်္ဘောဖြင့် အာမက်ဒါဘတ်မှ ကီလိုမီတာ ၄၀၀ ခန့်အကွာရှိ Porbanda သို့ ဇွန် ၁၁ တွင် ရောက်ရှိလာစဉ်
Published 25 June 2020
Ref:  AFP

ကပ်ရောဂါကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသော ရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာသည် ဝန်ပိနေပြီဖြစ်သော အလုပ်သမားစျေးကွက်များရှိသည့် ၎င်းတို့၏ နေရပ်များသို့ ပြန်လာနေကြကြောင်း ကုလသမဂ္ဂ၏ အလုပ်သမားအဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ဇွန် ၂၄ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသည် အကျပ်အတည်းတစ်ခုအတွင်း အလားအလာရှိသော နောက်ထပ် အကျပ်အတည်း တစ်ခုဖြစ်ကြောင်း ILO ၏ အလုပ်အကိုင်နှင့် သာတူညီမျှမှုအခြေအနေများဆိုင်ရာ ညွှန်ကြားရေးမှူး မန်နျူရယ်လာတမ်အီက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာသည် ၎င်းတို့သွားရောက်လုပ်ကိုင်နေသော နိုင်ငံများတွင် ကပ်ရောဂါကြောင့် Lockdown စီမံချက်များ ချမှတ်ထားစဉ် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် ၎င်းတို့သည် ယခုအခါ စီးပွားရေးအားနည်းမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်နေသော ၎င်းတို့၏နေရပ် နိုင်ငံများသို့ ပြန်လာကြတော့မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းအလုပ်သမား ၁၆၄ သန်းရှိသည်ဟု ILO က ခန့်မှန်းခဲ့ပြီး ထက်ဝက်နီးပါးမှာ အမျိုးသမီးများဖြစ်ကြကြောင်း၊ ထိုရွှေ့ပြောင်းလုပ်သားထုသည် ကမ္ဘာ့လုပ်သားထု၏ ၄.၇ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ILO က ထုတ်ပြန်ခဲ့သည်။

COVID-19 ကပ်ရောဂါကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအများအပြားသည် ၎င်းတို့အလုပ်လုပ်နေသည့် နိုင်ငံများတွင် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းကြောင့် နေရပ်နိုင်ငံများသို့ ပြန်သွားနိုင်ခြင်းမရှိဘဲ သောင်တင်နေခဲ့ကြသည်။

သို့သော်လည်း နီပေါသည် ပြည်ပနိုင်ငံများ၌  အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် မလေးရှားတို့၌ အလုပ်အကိုင်ဆုံးရှုံးခဲ့သော ၎င်းတို့၏ နိုင်ငံသား ၅၀၀၀၀၀ ခန့်ကို နေရပ်ပြန်လာရန်အတွက် မျှော်လင့်နေသည်။

အိန္ဒိယသည် ပင်လယ်ကွေ့နိုင်ငံများတွင် လုပ်ကိုင်နေသူအများစုပါဝင်သော ၎င်းတို့၏ ရွှေ့ပြောင်းအလုပ်သမား ၂၂၀၀၀၀ ကျော်ကို နေရပ်ပြန်ခေါ်ခဲ့ပြီးဖြစ်သည်။ ယင်းအချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ခဲ့သူ ၂၅၀၀၀၀ ခန့်၊ အင်ဒိုနီးရှားသို့ ပြန်ခဲ့သူ ၁၃၀၀၀၀ ကျော် နှင့် မြန်မာသို့ ပြန်ခဲ့သူ ၁၀၀၀၀၀ ကျော် ရှိခဲ့ကြကြောင်း ILO ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဌာနအကြီးအကဲ မစ်ချယ်လီလေတန်က ပြောကြားခဲ့သည်။

အီသီယိုးပီးယားက ပြည်ပရောက် ၎င်းတို့၏နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀၀၀ နှင့် ၅၀၀၀၀၀ အကြား ယခုနှစ်ကုန် မတိုင်မီ ပြန်လာရန် မျှော်လင့်ထားသည်။

ကမ္ဘာ၏နေရာအများအပြားတွင် ကပ်ရောဂါကြောင့် Lockdown ချမှတ်ထားစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်မှု၊ ဝန်ဆောင်မှုများ၊ အိမ်အကူနှင့် စိုက်ပျိုးရေးတို့ကဲ့သို့ မရှိမဖြစ် အရေးပါသည်ဟု ယူဆရသောကဏ္ဍများတွင် လုပ်ကိုင်ခဲ့ကြကြောင်း ILO က ထုတ်ပြန်ခဲ့သည်။ သို့သော် စီးပွားရေးအကျပ်အတည်းကာလအတွင်း ၎င်းတို့သည်လည်း အလုပ်အကိုင်နှင့် ဝင်ငွေများ ဆုံးရှုံးမှုကို ခုခံနိုင်စွမ်းနည်းပါးခဲ့သည်။

နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများသည် COVID-19 ကာလအလွန်တွင် ၎င်းတို့၏နေရပ်နိုင်ငံများ၏ စီးပွားရေးပြန်လည်တည်ဆောက်မှုတွင် ကူညီနိုင်ရန် ကျွမ်းကျင်မှုများကို ယူဆောင်လာသင့်ကြောင်း မန်နျူရယ်လာတမ်အီက ပြောကြားခဲ့သည်။

 

Most Read

Most Recent