အင်စတီကျူးရှင်းများနှင့် ပြည်သူတို့၏ယုံကြည်မှု

အင်စတီကျူးရှင်းများနှင့် ပြည်သူတို့၏ယုံကြည်မှု
Published 25 June 2020

နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများအပေါ် နိုင်ငံသားများ၏ ယုံကြည်မှုဟု အကြမ်းဖျင်း ခေါ်ဆိုနိုင်သော နိုင်ငံရေးဆိုုင်ရာ ယုံကြည်မှုသည် နိုင်ငံရေးဆိုင်ရာ တရားဝင်ဖြစ်မှုနှင့် ပတ်သက်သော အရေးကြီးသည့် အညွှန်းတစ်ရပ်ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ၏ မှန်ကန်မှုနှင့် ယင်းအင်စတီကျူးရှင်းများ ပါဝင်သည့် အစိုးရစနစ်အပေါ် ယုံကြည်မှုဟု ဆိုနိုင်သည်။ OECD နိုင်ငံများအကြား၌ပင် အစိုးရအပေါ် ယုံကြည်မှုသည် ၂၀၁၆ ခုနှစ် စစ်တမ်းအရ အမျိုးမျိုးကွာခြားနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ဆွစ်ဇာလန်သည် ရာခိုင်နှုန်း ၈၀ ဖြင့် အမြင့်ဆုံးဖြစ်နေပြီး ဂရိသည် ၁၃ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံး ဖြစ်နေသည်။ နိုင်ငံများအားလုံး၏ ပျမ်းမျှယုံကြည်မှုသည် ၁၀ နှစ်အတွင်း တဖြည်းဖြည်း ကျဆင်း၍လာခဲ့ရာ ယခုအခါ ၄၃ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ယုံကြည်မှု ကျဆင်းလာခြင်းနှင့် ပတ်သက်၍ လူအများက အမေရိကန်၊ ဗြိတိန်နှင့် အရှေ့ဥရောပနိုင်ငံများစွာတို့အပြင် ဖိလစ်ပိုင်ကဲ့သို့သော အရှေ့တောင်အာရှ နိုင်ငံ၌ပင်လျှင် ရေပန်းစား၍လာခဲ့သည့် လူကြိုက်များရေးဝါဒကို အပြစ်တင်ကြသည်။ ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ်မှ ပြန်လည်နိုးထစဉ် ဝင်ငွေနိမ့်ပါးသူများနှင့် လူလတ်တန်းလွှာ မဲဆန္ဒရှင်တို့သည် အလုပ်အကိုင်များ၊ နေအိမ်များနှင့် စုဆောင်းထားမှုများ ဆုံးရှုံးကာ အကြွေးနှင့် နပန်းလုံးနေရကြောင်း မိမိတို့ကိုယ်ကိုယ် မိမိတို့ အလန့်တကြား တွေ့ရှိခဲ့ကြသည်။ ယင်းနောက် ၎င်းတို့သည် အစိုးရက မရိုးသားကြောင်းနှင့် အဂတိလိုက်စားကြောင်း စတင်ရှုမြင် တတ်လာကြသည်။

အစိုးရအပေါ် ယုံကြည်မှု ဆုံးရှုံးခြင်းသည် ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများကို မဲပေးပုံနှင့် ရှုမြင်ပုံတို့အပေါ်သာ သက်ရောက်သည်မဟုတ်၊ ပြည်သူအချင်းချင်း အပြန်အလှန် တုံ့ပြန်ပုံနည်းလမ်းအပေါ်ကိုပါ သက်ရောက်မှုရှိသည်။ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများကို ယုံကြည်မှုဆုံးရှုံးခြင်းက လူမှုရေးဆိုင်ရာ အရင်းအနှီးဆုံးရှုံးခြင်း သဘောပင်ဖြစ်သည်။ လူမှုရေးဆိုင်ရာ အရင်းအနှီးဟူသည် လူအဖွဲ့အစည်းတစ်ရပ်၏ စည်းမျဉ်းများအပေါ် နိုင်ငံသားတို့အနေဖြင့် သဘောတူညီနိုင်မှု အတိုင်းအတာဖြစ်သည်။ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ပုဂ္ဂိုလ်များသည် ပြည်သူအားလုံးလိုက်နာရသည့် စည်းမျဉ်းစည်းကမ်းများကို အများကဲ့သို့ လိုက်နာခြင်းမရှိဟု တွေးမိသည့်အခါ ၎င်းတို့သည်လည်း အစိုးရစနစ်ကို “လည်သူ စားစတမ်း” ဆိုသကဲ့သို့ ကစားရန် စိတ်ကူးပေါ်လာတော့သည်။ နိုင်ငံသားတို့၏  စိတ်နေသဘောထား ယင်းကဲ့သို့ ယိုယွင်းလာသောအခါ လူ့အဖွဲ့အစည်း၏ စည်းမျဉ်းများ ပျက်စီးခြင်း စတင်တော့သည်။ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ အစိုးရကို အဂတိလိုက်စားသည်ဟု ရှုမြင်သည့်အခါ ၎င်းတို့သည်လည်း ဖြတ်လမ်းနည်းလိုက်ရန်သာ စိတ်ကူးကြတော့သည်။

ပြည်သူများအနေဖြင့် ၎င်းတို့က ရွေးကောက်တင်မြှောက်လိုက်သည့် ပုဂ္ဂိုလ်များအပေါ် ယုံကြည်မှုရှိသည့်အခါ စီးပွားရေး၌ ပို၍ရင်းနှီးမြှုပ်နှံခြင်း၊ တရားဥပဒေများကို လေးစားလိုက်နာခြင်း၊ အခွန်များ မြင့်မားစွာ ပေးဆောင်ခြင်းကဲ့သို့ နိုင်ငံတော်အပေါ် ပေးဆပ်မှု ပြုလုပ်ခြင်းတို့ ပိုမိုဖြစ်နိုင်ခြေများသည်။ နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုသည် လူမှုရေးဆိုင်ရာ အရင်းအနှီးကို မြင့်တက်စေသောကြောင့် ကလေးများကို ကာကွယ်ဆေး ထိုးနှံစေခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို လေးစားရိုသေခြင်းကဲ့သို့သော လူမှုရေးဆိုင်ရာ စံနှုန်းများအတိုင်း နေထိုင်ကြနိုင်ခြေ ပို၍များသည်။ အစိုးရအဖွဲ့များအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကိုရရှိနိုင်သည့် နည်းလမ်းများအား အတိအကျပြောဆိုရန် ခက်ခဲသော်လည်း လူပြောများသည့် အချက်လေးချက်ရှိသည်။ ၎င်းတို့မှာ အချက်အလက်များကို အဆင်သင့်ရရှိစေခြင်း၊ မူဝါဒရေးရာ၌ နိုင်ငံသားများကို ပါဝင်စေခြင်း၊ အစိုးရဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် ရရှိနိုင်စေခြင်းနှင့် မူဝါဒရေးရာ ချမှတ်ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများအပေါ် နိုင်ငံသားများ၏ ယုံကြည်မှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၌ အလွန်အရေးပါသည့် အကြောင်းခြင်းရာတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent