အတ္တအတွက် ပေးသောကတိများ

အတ္တအတွက် ပေးသောကတိများ
Published 24 June 2020

၂၀၂၀ သို့ နီးကပ်လာခြင်းနှင့်အတူ လူအများအကြားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသံများထွက်လာသည်ကို တွေ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ၏ လူကိုမကြည့်ဘဲ ပါတီကိုကြည့်၍ မဲပေးပါဆိုခြင်းမှာ အလုပ်ဖြစ်ခဲ့သည်။ သို့သော် လက်ရှိအခြေအနေတွင် ယင်းအပေါ်ဝေဖန်သံများ ထွက်ပေါ်လာပြန်သည်။ လာမည့်ရွေးကောက်ပွဲတွင် လူကို သေချာစိစစ်၍ လူကိုအဓိကထားသည့် အခြေအနေဖြင့် ယှဉ်ပြိုင်မည်ဆိုသည့် ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ပြန်သည်။ မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲတစ်ရပ်သည် လူထုအတွက်များစွာအရေးကြီးသည်။ ရွေးကောက်ပွဲမဲဆွယ်ကာလများတွင် ပါတီများအနေဖြင့် မိမိတို့ကို မဲပေးရန် လူထုထံမဲဆွယ်ကြလိမ့်မည်။ ထိုအခါ မိမိတို့ပါတီအနေဖြင့် မည်သို့သော စွမ်းဆောင်ရည်များပြသမည်။ ပြည်သူလူထုဘဝတိုးတက်အောင် မည်သို့လုပ်ဆောင်ပေးမည် စသဖြင့် ကတိများပေးကြလိမ့်မည်။ ထိုအခါ ၎င်းတို့၏ ရွေးကောက်ပွဲကတိများကို လူထုက ဂရုပြုမှတ်သားပြီး အစိုးရဖြစ်သောအခါ၌ ၎င်းတို့၏ ကတိများ ဖြစ်မလာလျှင်ဖြစ်စေ၊ ကတိပေးပြီး မတည်သည့်အခါ လူထုကနှာခေါင်းရှုံ့ကြလိမ့်မည်။ ဝေဖန်ကဲ့ရဲ့​ ကြ​ပေလိမ့်မည်။

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရန် ပြည်သူတို့နှင့် တွေ့ဆုံရာ၌ ၎င်းတို့တိုင်းပြည်အတွက် လုပ်ဆောင်မည့်အရာများ၊ ချမှတ်မည့်မူဝါဒများ၊ ပြည်သူ့ဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ကတိပြုပြောကြားလေ့ရှိသည်။ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့ ရွေးချယ်မည့် ပါတီတစ်ရပ်သည် အစိုးရဖြစ်လာမည့်အခါ ၎င်းတို့ပေးသော ကတိများ မည်မျှတည်နိုင်ကြသည်ကို အကဲဖြတ်လေ့ရှိသည်။ နိုင်ငံရေးသုတေသီများသာ ဆန်းစစ်အကဲဖြတ်ကြသည်မဟုတ်။ အခြေခံပြည်သူများကလည်း မိမိတို့ပေးလိုက်သော မဲတစ်ပြားဖြင့် တက်လာသောအစိုးရ၏ ကတိကဝတ်များကို စိတ်ဝင်တစားရှိကြသည်။ မင်းမှာသစ္စာ လူမှာကတိဖြစ်သဖြင့် အုပ်ချုပ်ရေးတာဝန်ကို ရယူကြမည့်သူများအနေဖြင့် မိမိတို့ကတိများကို မလွဲမသွေတည်နိုင်ရန် ကြိုးစားသင့်သည်မှာ အမှန်ပင်ဖြစ်သည်။

လက်ရှိအစိုးရအနေဖြင့်လည်း သက်တမ်း​လေးနှစ်ပြည့်မြောက်ပြီး ရွေးကောက်ပွဲကာလသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ မိမိတို့အုပ်ချုပ်ရေးအာဏာမရမီက လူထုကိုပေးခဲ့သော ကတိများကို ပြန်လည်၍ သုံးသပ်ချင့်တွက်ရန် လိုပေသည်။ ကတိပြုခဲ့၍ တည်အောင်ဆောင်ရွက်နိုင်ခဲ့သော အကြောင်းအရာများကို ပြည်သူထံအသိပေးပြောကြား၍ မတည်သေးသော ကတိများကိုလည်း ရိုးသားစွာချပြနိုင်ရန်လိုပေသည်။ အုပ်ချုပ်ရေးစနစ်တွင် ကဏ္ဍများကို ခွဲခြမ်းစိတ်ဖြာပါကများစွာရှိပြီး အခြေခံလူထုအကြား အပြောများသော စီးပွားရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေးအခြေအနေ၊ လာဘ်ပေးလာဘ်ယူမှု အခြေအနေတို့အပြင် မြစ်ဆုံကဲ့သို့သော ပြည်သူများ စိတ်ဝင်စားသည့် စီမံကိန်းနှင့် အခြားသော စီမံကိန်းများနှင့်ပတ်သက်၍ ယခင်က ပြောကြားခဲ့ဖူးသော စကားများ၊ ကတိများအပေါ် မှန်ကန်စွာ ဆန်းစစ်သင့်ပေသည်။ ထို့နောက်ပြည်သူထံသို့ ရဲရဲဝံ့ဝံ့ပြန်လည်ချပြ၍ မည်သည့်အချက်အပေါ် မိမိတို့အစိုးရသည် ကတိအတိုင်း လုပ်ဆောင်ခဲ့သည်။ မည်သည့်အချက်ကို ဆောင်ရွက်ရန် မည်သို့သော အခက်အခဲများရှိသည်။ သို့မဟုတ် မည်သည့် အခြေအနေတွင်မဆို မိမိတို့ကတိကို အကောင်းဆုံးတည်နိုင်အောင် လုပ်ဆောင်ပြမည်ဆိုသည်တို့ကို တာဝန်ရှိသူများက ပွင့်လင်းစွာ ချပြသင့်သည်။ ထိုသို့ချပြနိုင်သော ရဲရင့်မှုသည်လည်း နိုင်ငံရေးသမားကောင်း၊ အစိုးရကောင်းတို့အတွက် သမိုင်းမှတ်ကျောက်ပင်ဖြစ်လိမ့်မည်။

နိုင်ငံရေးသမားဟူသည် အာဏာရသောအခါ ၎င်းတို့၏ မဲဆွယ်ကတိများကို ထိန်းသိမ်းဆောက်တည်ရန် အခက်အခဲတွေ့သည့်အခါများလည်း ရှိတတ်သည်။ သို့သော်လည်း မိမိတို့သည် အာဏာမရမီ ကိုယ်စားလှယ်လောင်းများဖြစ်နေချိန်မှာပင် ပြည်သူတို့နှင့် တွေ့ဆုံချိန်၌ နှုတ်ထွက်ကတိများကို အလေးထားထိန်းသိမ်းသင့်ပေသည်။ ကတိများဖောင်းပွခြင်း မိမိတို့အနိုင်ရရေးအတွက်သာ မစားရဝခမန်း ကတိစကားများ ပြောကြားခဲ့လျှင် တစ်ချိန်တွင် ထိုအရာများသည် မိမိတို့၏နိုင်ငံရေးသမိုင်းတွင် အစွန်းအထင်း ဖြစ်စေနိုင်သည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်အာဏာရသည့်အခါ ပြည်သူသည် ပို၍ မျက်စိဒေါက်ထောက်ကြည့်ကာ ဝေဖန်ခြင်းကို ပြုလုပ်​​​လေ့ရှိကြသည်။ ထို့ကြောင့်နိုင်ငံရေးသမားများကို ဒုက္ခပေးစေနိုင်သော အကြောင်းအရာများတွင် ၎င်းတို့၏ အတ္တကြီးသော ကတိများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုနိုင်ပေသည်။

 သို့ဖြစ်ရာ အစိုးရတစ်ရပ်အနေ​​နှင့်ဖြစ်​စေ နိုင်ငံရေးသမားတစ်ဦးအနေနှင့်ဖြစ်စေ ပြည်သူထံသို့ ပြောကြားသော ကတိစကားများသည် များစွာအရေးကြီးပြီး ယင်းကတိများအား အများပြည်သူအကျိုးစီးပွားအတွက် တည်နိုင်ရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent