COVID-19 ၏အကျိုးဆက်ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေများ၊ အခြားရငွေများ လျော့နည်းနိုင်သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်နိုင်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များ သုံးစွဲသွားမည်ဟု နိုင်ငံတော်သမ္မတပြောကြား

COVID-19 ၏အကျိုးဆက်ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေများ၊ အခြားရငွေများ လျော့နည်းနိုင်သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်နိုင်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များ သုံးစွဲသွားမည်ဟု နိုင်ငံတော်သမ္မတပြောကြား
ဇွန် ၂၂ ရက်က ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)
ဇွန် ၂၂ ရက်က ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)
Published 23 June 2020
နီလာ

COVID-19 ၏ အကျိုးဆက်ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေများ၊ အခြားရငွေများ လျော့နည်းနိုင်သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်နိုင်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များကို သုံးစွဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ဇွန် ၂၂ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

အစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း ပြည်ထောင်စု၏ ရငွေသည် ကျပ် ၁၆၉၇၉ ဘီလျံမှ ကျပ်၂၇၈၅၂ ဘီလျံသို့ တိုးတက်ရရှိခဲ့ပြီး ပြည်ထောင်စု၏ အသုံးစရိတ်သည် ကျပ် ၂၀၂၆၇ ဘီလျံမှ ကျပ် ၃၄၆၅၂ ဘီလျံသို့ တိုးတက်လာခဲ့ကြောင်း၊ ကဏ္ဍအလိုက်၊ ဒေသအလိုက် ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ရုပ်သံလွှင့်ဌာနများ၊ သတင်းစာ၊ ရေဒီယိုတို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဌာနအလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တင်ပြခဲ့ကြပြီးဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်ခဲ့သည့်အတိုင်း အခြေခံ အဆောက်အဦများကိုလည်း များစွာတိုးတက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အသုံးစရိတ်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး အသုံးစရိတ်များကို သိသိသာသာ တိုးမြှင့်ပေးနိုင်ခဲ့ကြောင်းလည်း သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

COVID-19 ကပ်ရောဂါကြောင့် ကြီးမားသည့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်သည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း စီးပွားရေးထိခိုက်မှုများ ရှိလာကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယခြောက်လကဲ့သို့  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်လည်း အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအားလုံး ဝင်ငွေကျဆင်းနိုင်ကြောင်း၊ ပြည်ထောင်စု၏ ရငွေအခြေအနေအပေါ် မူတည်ပြီး အသုံးစရိတ်များကို ခွဲဝေရခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်းများအားလုံး ခွဲဝေရရှိသည့် အသုံးစရိတ်များကို အပြည့်အဝ သုံးစွဲကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်စေရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ အသုံးစရိတ်များထဲတွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် ကဏ္ဍများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေများအတွက် အသုံးစရိတ်များ၊ လျှပ်စစ်မီး၊ လမ်းတံတား၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးဆိုင်ရာ အသုံးစရိတ်များကို ခွဲဝေပေးထားသည့်အပြင် အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်၏ အသုံးစရိတ်များလည်း ပါဝင်သည်ကို တွေ့ရှိရကြောင်း သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်နှင့် ပြည်သူအတွက် ကဏ္ဍအလိုက် ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းတို့ မထပ်စေရန် စိစစ်ကြရန်လိုကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းမှု၊ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်းမှုများ ပြုလုပ်ကြပြီး ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်း၊ စီမံကိန်းများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြစေ လိုကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။

 

Most Read

Most Recent