တရားဥပဒေစိုးမိုးရေးနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း

တရားဥပဒေစိုးမိုးရေးနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း
Published 23 June 2020

Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး (Rule of Law) အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) ဟု သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များအပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဟူသည့် စကားရပ်သည် နိုင်ငံရေးအနေအထားတစ်ရပ်ကို ရည်ညွှန်းပြီး မည်သည့်သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတစ်ရပ်ကိုမျှ ရည်ညွှန်းခြင်းမဟုတ်ပေ။

တရားဥပဒေစိုးမိုးရေးသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို မယဉ်ကျေးသော လူ့အဖွဲ့အစည်းမှနေ၍ ခွဲခြားပေးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်လည်း မရှိမဖြစ် အရေးကြီးသည်။ မယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် အားကြီးသူတို့၏ အခွင့်အရေးကသာ လွှမ်းမိုးသော တောတွင်းဥပဒေကိုသာ တွေ့ရမည်ဖြစ်သည်။ ယင်းကဲ့သို့သော လူ့အဖွဲ့အစည်းတွင် အားနည်းသူများနှင့် ဆင်းရဲသူများအတွက် ဘေးကင်းလုံခြုံမှုမရှိဘဲ ကျားသနားမှ နွားချမ်းသာဆိုသကဲ့သို့ အားကြီးသူတို့နှင့် ချမ်းသာကြွယ်ဝသူတို့၏ ဂရုဏာအောက်၌သာ နေထိုင်နေရသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူပုဂ္ဂိုလ်အချင်းချင်းကြား ဆက်ဆံရေးသာမက လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် နိုင်ငံတော်တို့အကြား ဆက်ဆံရေးများကို ဘက်အသီးသီးတို့အတွက် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ပြဋ္ဌာန်းထားသည့် ဥပဒေများက လွှမ်းမိုးချုပ်ကိုင်ထားသည်။ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ အာဏာနှင့် ရင်းမြစ်များကို အလွဲသုံးစားလုပ်သော အဂတိလိုက်စားမှုသည် နိုင်ငံ၏ တရားဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် တရားဥပဒေစိုးမိုးရေးသည် တရားဥပဒေရှေ့မှောက်၌ နိုင်ငံသားများ တန်းတူညီမျှမှုကို ပြဋ္ဌာန်းပေးပြီး ရာဇဝတ်မှုစွဲဆိုချက်များနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံသားတို့၏ အခွင့်အရေးနှင့် ဝတ္တရားတို့ကို ဆုံးဖြတ်ရန်အတွက်လည်းကောင်း မျှတသော တရားစီရင်မှုများ ရှိသည်။

တရားမျှတရေးနှင့် လူမှုရေးသဟဇာတဖြစ်မှုတို့အတွက် တရားဥပဒေများသည် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများကို ရောင်ပြန်ဟပ်ပြလျက် ညီမျှမှုနှင့် တန်းတူမှုရှိရမည် ဖြစ်သည်။ အီလစ်များအား ၎င်းတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ ရင်းမြစ်များကို လုယူခွင့်ပြုသည့် တရားမျှတမှုမရှိသည့် ဥပဒေများအောက်၌လည်း အဂတိလိုက်စားမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းကဲ့သို့သော ဥပဒေများကြောင့် ဥပဒေပြုထားသည့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်သည်။ ဥပမာအားဖြင့် လူနေအိမ်မြေများ၊ စီးပွားရေး လုပ်ကွက်များနှင့် စိုက်ပျိုးမြေယာများအား အစိုးရမှသည် အရပ်ဘက်အရာရှိများနှင့် တပ်မတော် အရာရှိများက မောင်ပိုင်စီးခြင်းမျိုးဖြစ်သည်။ ယင်းသည် နိုင်ငံတော်ရင်းမြစ်များ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထု၏ အိတ်ကပ်များအတွင်းမှ ငွေများကို လုယူခြင်းဖြစ်ပြီး အခွင့်ထူးခံ လူတန်းစားတစ်ရပ် ပေါ်ပေါက်စေကာ ၎င်းတို့ကို ချမ်းသာကြွယ်ဝသူများနှင့် အင်အားကြီးသူများ ဖြစ်လာစေသည်။ ခေတ်သစ် လူမှုဖူလုံရေး နိုင်ငံတော်တစ်ရပ်သည် ဆင်းရဲမွဲတေသူများကို ဦးစားပေးလျက် ချမ်းသာကြွယ်ဝမှုများကို ပြန်လည်ခွဲဝေချထားသင့်သည်။ နိုင်ငံတော်၏ ယန္တရားများနှင့် ဥပဒေများကို လူ့အဖွဲ့အစည်း၏ အင်အားကြီးသော အစိတ်အပိုင်းများကသာ အသာစီးရယူ ထိန်းချုပ်ထားပြီး ဆင်းရဲသူများကို ချနင်း ခြင်းဖြင့် ၎င်းင်းတို့သည်သာ အားကောင်းသည်ထက် အားကောင်းလာခြင်းမျိုးကို ဒီမိုကရေစီ ကျသော လူ့အဖွဲ့အစည်းဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။  အဂတိလိုက်စားမှုသည် ချမ်းသာ ကြွယ်ဝပြီး အင်အားကြီးသူများကို ကွဲပြားခြားနားစွာ သီးခြားဆက်ဆံပြီး ဆင်းရဲပြီး အား နည်းသူများအပေါ်သို့သာ ကျင့်သုံးသော ဥပဒေများရှိသည့် လူမှုဝန်းကျင်တစ်ရပ်ကို ဖြစ်ပေါ်အားကောင်းလာစေသည်။ ယင်းကဲ့သို့သော ဝန်းကျင်၌ ချမ်းသာသူများနှင့် အင်အားကြီးသူများသည် ကြီးလေးသော ဥပဒေချိုးဖောက်မှုများကို အပြစ်ပေးမခံရဘဲ ပြုလုပ်နိုင်ကြသည်။

ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ တရားမျှတမှုကို ရှေးရှုသည့် ဥပဒေများနှင့်အတူ တရားဥပဒေစိုးမိုးရေးက မရှိမဖြစ် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent