လစ်ဗျားနိုင်ငံတွင် စစ်ရေးအရ ကြားဝင်မည်ဆိုသော အီဂျစ်အစိုးရ၏ သတိပေးချက်ကို ကုလသမဂ္ဂ အသိအမှတ်ပြု လစ်ဗျားညီညွတ်ရေးအစိုးရ GNA က ရှုတ်ချခဲ့ပြီး အီဂျစ်သည် စစ်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့သည်။
“ဒါက ရန်လိုတဲ့လုပ်ရပ်၊ တိုက်ရိုက်ကြားဝင်မှုနဲ့ စစ်ပွဲကြေညာချက် ထုတ်ပြန်တဲ့သဘော သက်ရောက်တယ်” ဟု GNA က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
GNA က ပါဝင်ရန် ငြင်းဆိုခဲ့သည့် လစ်ဗျားနှင့်ပတ်သက်သည့် အာရပ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းအစည်းဝေး မတိုင်မီ စစ်ပွဲစကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မူလက ဇွန် ၂၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ယင်းအစည်းဝေးကို ဇွန် ၂၃ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။
ထရီပိုလီ အရှေ့ပိုင်း ၄၅၀ ကီလိုမီတာ (မိုင် ၂၈၀) အကွာတွင်ရှိသည့် မဟာဗျူဟာကျသော ဆာတေမြို့သို့ GNA ထောက်ခံသည့် တပ်ဖွဲ့ဝင်များ ချီတက်လာမည်ဆိုပါက ယင်းသည် အီဂျစ်က တိုက်ရိုက်ကြားဝင်ရန် တွန်းပို့ပေးမှု ဖြစ်လာနိုင်သည်ဟု အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာအယ်လ်စီစီက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
“အီဂျစ်သမ္မတလိုမျိုး ထုတ်ပြန်ကြေညာချက်မျိုးဖြစ်စေ အစိုးရကို အင်အားသုံး ဖြုတ်ချဖို့ကြိုးပမ်းမှု၊ ပြည်သူ့စစ်နဲ့ ကြေးစားစစ်သားကို ထောက်ခံတာမျိုးကိုဖြစ်စေ လစ်ဗျားနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာ၊ နိုင်ငံရဲ့အချုပ်အခြာအာဏာကို တိုက်ခိုက်တာကို ခွင့်မပြုနိုင်ပါဘူး” ဟု GNA က ထုတ်ပြန်ခဲ့သည်။
GNA သည် ကုလသမဂ္ဂ လမ်းညွှန်မှုအောက်တွင် သမာသမတ်ကျသော ကြားဝင်စေ့စပ်မှုအားလုံးကို လမ်းဖွင့်ပေးခဲ့သော်လည်း တစ်ဖက်သတ် (သို့မဟုတ်) ဥပဒေကိုကျော်လွန်သည့် အစီအစဉ်အားလုံးကို ပယ်ချခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ကာလကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့သည့် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြု ၂၀၁၁ ခုနှစ် တော်လှန်ရေးအပြီး လစ်ဗျားတွင် မျိုးနွယ်စုအလိုက်စုဖွဲ့သည့် ပြည်သူ့စစ်များ၊ ဂျီဟတ်ဝါဒီများနှင့် ကြေးစားစစ်သားများ ပါဝင်သည့် အကြမ်းဖက်မှုကြောင့် ဖွတ်ဖွတ်ကြေခဲ့သည်။
၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ထရီပိုလီအခြေစိုက် GNA နှင့် လစ်ဗျားအရှေ့ပိုင်း အခြေစိုက် ရွေးချယ်တင်မြှောက်ခံထားရသော ပါလီမန်ကသာ တရားဝင်ဖြစ်သည်ဟုဆိုသည့် အာဏာရှင်ဆန်သော ခေါင်းဆောင် ခါလီဖာဟက်ဖ်တာတို့အကြား အာဏာယှဉ်ပြိုင်မှု ဖြစ်ပေါ်ခဲ့သည်။
ဟက်ဖ်တာသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အီဂျစ်၊ ရုရှားနှင့် ယူအေအီးနိုင်ငံတို့မှ ပ့့ံပိုးပေးမှုတို့နှင့်အတူ ၂၀၁၉ ခုနှစ် ဧပြီမှစပြီး မြို့တော်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
ဇွန်အစောပိုင်းမှစပြီး လစ်ဗျားအနောက်မြောက်ပိုင်းကို ထိန်းချုပ်ရန် GNA ထောက်ခံသည့် တပ်ဖွဲ့ဝင်များအား တူရကီက ပံ့ပိုးပေးမှုများ တိုးမြှင့်ခဲ့ပြီးနောက် ဟက်ဖ်တာက ထရီပိုလီကို တိုက်ခိုက်မှု အဆုံးသတ်ခဲ့သည်။
လက်ရှိတွင်ွ GNA ၏ ထိုးစစ်သည် ဟက်ဖ်တာ၏ ထိန်းချုပ်မှုအောက်ရှိနေဆဲဖြစ်သည့် လစ်ဗျား၏ အဓိက ရေနံတွင်းများသို့ ဝင်ရောက်ရန်အတွက် မဟာဗျူဟာကျသော ပင်လယ်ကမ်းရိုးတန်းမြို့ ဆာတေအစွန်တွင် တန့်နေသည်။
ဆာတေနှင့် အယ်လ်ဂျူဖရာသည် တောင်ပိုင်းအတွက် အနီရောင်မျဉ်းတစ်ခုအဖြစ် ကိုယ်စားပြုသည်ဟု အီဂျစ်သမ္မတ စီစီက ဇွန် ၂၀ ရက်တွင် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး အီဂျစ်၏ စိမ့်ဝင်သော နယ်စပ်အတွက် ကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမျဉ်းကို ဖြတ်ကျော်ပါက အီဂျစ်တပ်ဖွဲ့ဝင်များသည် လစ်ဗျားတွင် တိုက်ရိုက်ကြားဝင်မည်ဟု စီစီက ပြောကြားခဲ့သည်။
“လစ်ဗျားတစ်နိုင်ငံလုံးက အနီရောင်မျဉ်းပဲ။ လစ်ဗျားနိုင်ငံသားတွေကြားမှာ အငြင်းပွားမှုဖြစ်တိုင်း နိုင်ငံသားတွေကို စော်ကားတာ ဒါမှမဟုတ် ခြိမ်းခြောက်တာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု GNA က တုံ့ပြန်ခဲ့သည်။
လစ်ဗျားတွင် အီဂျစ်ကြားဝင်ပေးရန် ပြီးခဲ့သည့် ဇန်နဝါရီတွင် အီဂျစ်ပါလီမန်သို့ တောင်းဆိုခဲ့မှုကို သမ္မတ စီစီက တု့ံပြန်ပေးခဲ့ခြင်းဖြစ်သည်ဟု လစ်ဗျားအရှေ့ပိုင်းအခြေစိုက် ပါလီမန်၏ ဥက္ကဋ္ဌ Aguila Saleh က ခုခံပြောကြားခဲ့သည်။















