AI ရင်းနှီးမြှုပ်နှံမှုများကြောင့် Meta ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို အလုပ်ထုတ်မည်

AI ရင်းနှီးမြှုပ်နှံမှုများကြောင့် Meta ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကို အလုပ်ထုတ်မည်
Published 25 April 2026

Meta ကုမ္ပဏီက စုစုပေါင်းဝန်ထမ်းဦးရေ၏ ၁၀ ရာခိုင်နှုန်း (လူ ၈,၀၀၀ ခန့်) ကို အလုပ်မှရပ်စဲရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့သည်။ ထို့ပြင် အလုပ်ခေါ်ယူရန် လျာထားသည့် ဝန်ထမ်းနေရာ ၆,၀၀၀ ခန့်ကိုလည်း ပိတ်သိမ်းသွားမည်ဟု Meta ၏ HR အရာရှိချုပ် ဂျနဲယ်လ်ဂေးက ပြောသည်။

ယခု ဝန်ထမ်းလျှော့ချမှုများသည် လာမည့် မေ ၂၀ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။

Meta အပါအဝင် နည်းပညာထိပ်သီးကုမ္ပဏီကြီးများသည် AI ကဏ္ဍတွင် ငွေများပုံအောပြီး ရင်းနှီးမြှုပ်နှံလာကြသည်။ Meta သည် ၂၀၂၅ ခုနှစ်အတွင်း Data Center များနှင့် AI အခြေခံအဆောက်အအုံများအတွက် အရင်းအနှီးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၂ ဘီလီယံအထိ သုံးစွဲခဲ့သည်။ ယင်းပမာဏသည် ၂၀၂၆ ခုနှစ်တွင် အနည်းဆုံးဒေါ်လာ ၁၁၅ ဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း ကုမ္ပဏီ၏ ဇန်နဝါရီလအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

AI နည်းပညာကြောင့် ကုမ္ပဏီ၏ လုပ်ငန်းခွင်ဖွဲ့စည်းပုံ ပြောင်းလဲလာနိုင်ကြောင်း Meta စီအီးအို မက်ဇူကာဘာ့ဂ်က ယခုနှစ်အစပိုင်းတွင် အရိပ်အမြွက်ပြောခဲ့ဖူးသည်။ ၂၀၂၆ ခုနှစ်ကို AI နည်းပညာကြောင့် အလုပ်လုပ်ပုံနည်းစနစ်များ သိသိသာသာ ပြောင်းလဲသွားမည့်နှစ်ဟု ဇူကာဘာ့ဂ်က တင်စားပြောခဲ့သည်။

"အရင်က အဖွဲ့နဲ့လုပ်ခဲ့ရတဲ့ ပရောဂျက်တွေကို အခုဆိုရင် အရည်အချင်းရှိတဲ့ လူတစ်ယောက်တည်းက AI အကူအညီနဲ့ ပြီးမြောက်အောင် လုပ်နိုင်လာတာကို စမြင်နေရပြီ" ဟု ၎င်းက ဆိုသည်။

အလုပ်ထုတ်ခံရသည့် အမေရိကန်ရှိဝန်ထမ်းများအတွက် အခြေခံလစာ ၁၆ ပတ်စာနှင့် လုပ်သက်တစ်နှစ်လျှင် နှစ်ပတ်စာနှုန်းဖြင့် နစ်နာကြေးများပေးမည်ဖြစ်ပြီး နိုင်ငံတကာရှိ ဝန်ထမ်းများကိုလည်း အလားတူခံစားခွင့်များပေးမည်ဟု Meta က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကုမ္ပဏီအများအပြား AI နည်းပညာကြောင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုကောင်းလာသည်ဟုဆိုကာ ဝန်ထမ်းလျှော့ချမှုများ ဆက်တိုက်ပြုလုပ်လာကြသည်။ Amazon ကုမ္ပဏီလည်း သုံးလအတွင်း ဒုတိယအကြိမ် အကြီးအကျယ် လူလျှော့မှုအဖြစ် ဝန်ထမ်းပေါင်း ၁၆,၀၀၀ ကို ဇန်နဝါရီတွင် အလုပ်ထုတ်ပစ်ခဲ့သည်။

Ref:CNN

Most Read

Most Recent