နောက်ထပ် သမ္မတသက်တမ်းအား ယှဉ်ပြိုင်ရန် လမ်းဖွင့်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြည်သူများက အတည်ပြုပါက နောက်ထပ်သက်တမ်းအတွက် ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၂၁ တွင် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့ကြသည်။
၂၀၂၄ ခုနှစ်တွင် လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးချိန်၌ ပူတင်အား သမ္မတအဖြစ် ၆ နှစ်သက်တမ်း နောက်ထပ်နှစ်ကြိမ် ထမ်းဆောင်ခွင့်ပြုမည့် ပြင်ဆင်ချက်တစ်ခုအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဆိုပြုပြင်ဆင်ချက်များအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဇွန် ၂၅ မှ ဇူလိုင် ၁ အထိ ကျင်းပမည် ဖြစ်သည်။
ထို့ပြင်ဆင်ချက်များသည် ပူတင်အား ၂၀၃၆ ခုနှစ်အထိ အာဏာဆက်လက်ချုပ်ကိုင်နိုင်ရန် ရေးဆွဲထားခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာသိမ်းမှုမြောက်ကြောင်း ၎င်း၏အတိုက်အခံများက ပြောကြားခဲ့ကြသည်။ ယင်းသည် ပါလီမန်၏အခန်းကဏ္ဍခိုင်မာစေရန်၊ လူမှုဆိုင်ရာမူဝါဒနှင့် အများပြည်သူဆိုင်ရာ စီမံအုပ်ချုပ်မှုတို့ တိုးတက်စေရန် လိုအပ်သည့် ပြင်ဆင်ချက်များဖြစ်ကြောင်း ကရင်မလင်က ကာကွယ်ပြောကြားခဲ့သည်။
ယင်းရွေးချယ်စရာနည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထွက်ပေါ်လာချိန်၌ သမ္မတသက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်နိုင်ခြေကို မိမိက မပယ်ချဘဲ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပူတင်က ရုရှားအရှေ့ဘက်စွန်းတွင် ပြသခဲ့သော အစိုးရရုပ်သံနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
မိမိသည် ကိုယ်တိုင်အတွက် မည်သည့်အရာမျှ မဆုံးဖြတ်ရသေးကြောင်း ထိုအင်တာဗျူးတွင် ပူတင်က ပြောကြားခဲ့သည်။
ပါလီမန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတို့က အတည်ပြုခဲ့ပြီးဖြစ်သည့် ထိုပြင်ဆင်ပြောင်းလဲမှုများသည် ပူတင်၏ သမ္မတသက်တမ်းအား သုညအဖြစ် ပြန်လည်သတ်မှတ်မည် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်အရ ပူတင်သည် နောက်ထပ်သမ္မတသက်တမ်းကို ယှဉ်ပြိုင်ခွင့်မရှိပေ။ ယခု ပြင်ဆင်ဖြည့်စွက်ချက်များအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အတည်ပြုလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန် မျှော်လင့်ထားကြသည်။
ယခုအခါ အသက် ၆၇ နှစ် ရှိပြီဖြစ်သော ပူတင်က ၎င်းသည် သမ္မတသက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်ခြင်းမပြုလျှင် ၎င်း၏နေရာအား ဆက်ခံမည့်သူကို ရှာဖွေရခြင်းသည် အာရုံအနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
သမ္မတသက်တမ်းကို ထပ်မံမယှဉ်ပြိုင် ဖြစ်ခဲ့လျှင် ၎င်း၏ကိုယ်တိုင်အတွေ့အကြုံအရ အစိုးရအဖွဲ့၏ အစိတ်အပိုင်း အများအပြားတွင် ပုံမှန်လည်ပတ်နေမှုများသည် ဖြစ်နိုင်ခြေရှိသော ဆက်ခံသူများအား ရှာဖွေရသည့် အလုပ်များဖြင့် အစားထိုးသွားလိမ့်မည်ဖြစ်ပြီး အချိန်နှစ်နှစ်ခန့် ယူရနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်ဟု Interfax သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။ မိမိတို့သည် အလုပ်လုပ်ရမည်ဖြစ်ပြီး ဆက်ခံမည့်သူများကို ရှာဖွေရမည်မဟုတ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအား အစောပိုင်းတွင် ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ပူတင်အား လူထုထောက်ခံမှုနှုန်းသည် ပြီးခဲ့သော မတ်၌ ၆၃ ရာခိုင်နှုန်းရှိရာမှ ဧပြီတွင် ၅၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း Levada-Center က မေ ၆ တွင် ထုတ်ပြန်ခဲ့ သော လူထုသဘောထား စစ်တမ်းတစ်ခု၌ ဖော်ပြခဲ့သည်။ ယင်းသည် ၁၀ စုနှစ် နှစ်ခုကျော်အတွင်း ပူတင်အား လူထုထောက်ခံမှု အနိမ့်ဆုံးသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကပ်ရောဂါနှင့်ဆက်နွှယ်၍ lockdown ချထားသည့်အချိန်က ထိုစစ်တမ်းကို ကောက်ယူရာတွင် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုထက် ဖုန်းဖြင့်သာ မေးမြန်းခဲ့ခြင်းကြောင့် ပူတင်အား ထောက်ခံမှုနှုန်းသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ဖွယ်ရှိကြောင်း Levada ၏ ဒုတိယညွှန်ကြားရေးမှူး ဒင်းနစ်ဗိုကော့ဗ်က ပြောကြားခဲ့သည်။
သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အဖြစ် အာဏာကို နှစ် ၂၀ ကျော်ကြာ ချုပ်ကိုင်ခဲ့ပြီး ရုရှားနိုင်ငံရေးကို လွှမ်းမိုးခဲ့သော ပူတင်သည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ဖြစ်ပွားသော စီးပွားရေးအထိနာမှုက ၎င်းအတွက် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်နေခဲ့သည်။















