အရေးယူထားသည့် ရဲမှူးချုပ်အချို့မှာ အဂတိနှင့် ပတ်သက်၍ အရေးယူခံရခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် အားနည်းမှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် အရေးယူခံရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောကြား

အရေးယူထားသည့် ရဲမှူးချုပ်အချို့မှာ အဂတိနှင့် ပတ်သက်၍ အရေးယူခံရခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် အားနည်းမှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် အရေးယူခံရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောကြား
ဇွန် ၂၂ ရက်က ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဇွန် ၂၂ ရက်က ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 22 June 2020
ဇော်မင်းနိုင်

အရေးယူထားသည့် ရဲမှူးချုပ်အချို့မှာ အဂတိနှင့် ပတ်သက်၍ အရေးယူခံရခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် အားနည်းမှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် အရေးယူခံရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း ကပြောကြားသည်။

အရေးယူခံထားရသည့် အဆင့်မြင့်ရဲအရာရှိများမှာ နှစ်ဦးဖြစ်ကြောင်း၊ တစ်ဦးမှာ ရထားရဲတပ်ဖွဲ့မှူးဖြစ်ပြီး နောက်တစ်ဦးမှာ ရဲထောက်ချုပ်ဖြစ်ကြောင်း ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် အရေးယူခံရသည့် ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိ နှစ်ဦး၏ အမည်များနှင့် ပြစ်ဒဏ်ချမှတ်ခဲ့သည့ ်အကြောင်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း အရေးယူခံရခြင်းမှာ အဂတိလိုက်စားမှုကြောင့် မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် အရေးယူခံရခြင်းသာ ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

ရထားရဲတပ်ဖွဲ့မှူးမှာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှု မရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၏ ရန်ပုံငွေ တိုးပွားလာအောင် ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာမှုမရှိခဲ့ကြောင်း ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောကြားသည်။

“ သူက သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်အရ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၇ ညွန်ကြားထားတာ ရှိတယ်။ အလားတူပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ပုံငွေ တိုးပွားအောင် ဆောင်ရွက်တဲ့အခါမှာ ရင်းနှီးမြုပ်နှံခြင်း လုပ်ငန်းကိုသာ ဆောင်ရွက်ဖို့နဲ့ စိုက်ပျိုးရေး မွေးမြုရေး လုပ်ငန်းတွေနဲ့ အခြားလုပ်ငန်းတွေဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်ခြင်းမပြုဖို့ ညွှန်ကြားထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရထားရဲတပ်ဖွဲ့မှူးက ပြည်ထောင်စုအစိုးရအဖွဲ့ က ချမှတ်ထားတဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်မှု မရှိဘူး၊ ရဲတပ်ဖွဲ့က ညွှန်ကြားထားတဲ့ဟာကို လိုက်နာမှုမရှိဘဲနဲ့ သက်သာ ရန်ပုံငွေ သုံးစွဲရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဟု ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောကြားသည်။

အရေးယူခံရသည့် နောက်တစ်ဦးမှာ ရဲထောက်ချုပ်ဖြစ်ပြီး ၎င်းမှာ တင်ဒါကိစ္စများတွင် သမ္မတ၏ တင်ဒါညွှန်ကြားချက် ၁/၂၀၁၇ ကို လိုက်နာမှု မရှိခဲ့ကြောင်း၊ ယင်းအပြင် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရာတွင် လက်အောက်ကို ကြီးကြပ်ကွပ်ကဲရန် အားနည်းခြင်းနှင့် အထက်အဆင့်ကို တင်ပြရန် ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောကြားသည်။

“ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ  လက်အောက်ကို ကြီးကြပ်ကွပ်ကဲဖို့ အားနည်းခြင်းနဲ့ အထက်အဆင့်ကို တင်ပြရာမှာ ပျက်ကွက်ခဲ့ခြင်းကြောင့် ရဲစည်းကမ်းထိန်းသိမ်း ဥပဒေအရ စွဲချက်တင်ပြီးတော့မှ ပြစ်ဒဏ်ချထားတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအမှုများတွင် ဆက်စပ်အရေးယ ူခံရသူများ မရှိကြောင်း၊ ၎င်းတို့ နှစ်ဦးကိုသာ အရေးယူထားခြင်း ဖြစ်ကြောင်းသိရသည်။

အရေးယူခံသည့် ရဲထားရဲတပ်ဖွဲ့မှူးမှာ ယာယီရဲမှူးချုပ် မိုးသန်းအောင်ဖြစ်ပြီး ရဲထောက်ချုပ်မှာ ရဲမှူးချုပ် ဇော်ခင်အောင် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးမှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားသည်ဆိုသည့် စွဲချက်တစ်ခုဖြင့် ရင်ဆိုင်နေရပြီး ယင်းအမှုကို စစ်ဆေးဆောင်ရွက်နေဆဲ ဖြစ်သည်ဟု ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောကြားသည်။

“ တိုင်ကြားစာကို စစ်ဆေးဆဲ ဖြစ်ပါတယ်။ တကယ်လို့ ပေါ်ပေါက်လို့ရှိရင်တော့ ရဲတရားရုံးတို့မှာ အမှုဖွင့် စစ်ဆေး အရေးယူပါမယ်။ နောက်ဆုံးအခြေအနေကို ပြန်ပြောပေးပါ့မယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ အရေးယူခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းတွင် အကြီးမားဆုံး အရေးယူမှုများဟု ဆိုနိုင်သည်။ ယခင်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ မှ အဆင့်မြင့်အရာရှိများကို အရေးယူခြင်းများ ရှိခဲ့သည်။ ထို့ပြင် နေပြည်တော် ဗစ်တိုးရီးယားအမှုတွင်လည်း ရဲအရာရှိ သုံးဦးကို အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ဖော်ပြောကြားထားသည်။             

Most Read

Most Recent