၂၀၂၀ ပြည့်နှစ် မေလကုန်အထိ နိုင်ငံပေါင်း ၅၁ နိုင်ငံက မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ၁၂ ခု၌ ဒေါ်လာ ၈၇ ဒသမ ၈၇ ဘီလျံကျော် မြှုပ်နှံထားပြီး လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်

၂၀၂၀ ပြည့်နှစ် မေလကုန်အထိ နိုင်ငံပေါင်း ၅၁ နိုင်ငံက မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ၁၂ ခု၌ ဒေါ်လာ ၈၇ ဒသမ ၈၇ ဘီလျံကျော် မြှုပ်နှံထားပြီး လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်
၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို တွေ့ရစဉ်
Published 21 June 2020
နီလာ

၂၀၂၀ ပြည့်နှစ် မေလကုန်အထိ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ဒေါ်လာ ၈၇ ဒသမ ၈၇ ဘီလျံကျော် မြှုပ်နှံထားပြီး လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံပေါင်း ၅၁ နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၇ ဒသမ ၈၇ ဘီလျံကျော် မြှုပ်နှံထားပြီး ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၂၂ ဒသမ ၈၄၉ ဘီလျံရှိကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၂ ဒသမ ၇၇၃ ဘီလျံမြှုပ်နှံထားပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၂ ဒသမ ၁၁၈ ဘီလျံဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၁၁ ရာခိုင်နှုန်း ရှိသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၁ ဒသမ ၁၂၀ ဘီလျံဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၂ ဒသမ ၉၄ ရာခိုင်နှုန်းရှိသည်။

အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၆ ဒသမ ၃၆၃ ဘီလျံဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၇ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၁၅၀ ဘီလျံဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၆၇ ရာခိုင်နှုန်း၊ သတ္တုကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၉၀၄ ဘီလျံဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၇၈၈ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၉၂ ရာ ခိုင်နှုန်း၊ လယ်ယာကဏ္ဍတွင် ဒေါ်လာ ၄၂၇ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၅၀ ရာခိုင်နှုန်း၊ Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၃၆၂ ဒသမ ၉၇၂ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၄၂ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ ၃၇ ဒသမ ၇၆၇ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၀၄ သန်းနှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၃၀၁၇ ဒသမ ၂၀၃ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည်။ အဆိုပါလုပ်ငန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းများ ဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုခဲ့သည့်လုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းအားလုံးပေါင်း ဒေါ်လာ ၈၇၈၇၀ ဒသမ ၆၆၆ သန်းအထိ ဝင်ရောက်မြှုပ်နှံထားသည်။

COVID-19 အလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ်စီးဝင်လာမည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံကို သတ်မှတ်ကာလအတွင်း ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် ဒေါ်လာ ၄ ဒသမ ၁၅ ဘီလျံခွင့်ပြုခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလအထိ ရှစ်လတာကာလအတွင်း ဒေါ်လာ ၄ ဒသမ ၀၉ ဘီလျံခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ဦးမော့လာစေဖို့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ပိုမိုဝင်ရောက်စေဖို့ အရေးကြီးပါတယ်။ ဒီလိုဝင်ရောက်ဖို့လည်း တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိပါတယ်။ ဥပမာအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်တဲ့ စက်မှုဇုန်တွေ တည်ထောင်ဖို့ အဆိုပြုလာတဲ့ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။ စင်ကာပူနိုင်ငံက လုပ်ငန်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာတာလည်း ရှိပါတယ်။ ဒါတွေကိုလည်း MIC အနေနဲ့ စိစစ်ပြီးတော့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အစိုးရသစ်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Most Read

Most Recent