အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်က တရုတ်ထက် လေးဆကျော်ပိုများ

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်က တရုတ်ထက် လေးဆကျော်ပိုများ
ချန်နိုင်းမြို့တွင် ဘီဟာပြည်နယ်သို့ ရထားဖြင့်ပြန်မည့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို မေ ၂၇ ၌ တွေ့ရစဉ် (Photo:AFP)
ချန်နိုင်းမြို့တွင် ဘီဟာပြည်နယ်သို့ ရထားဖြင့်ပြန်မည့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို မေ ၂၇ ၌ တွေ့ရစဉ် (Photo:AFP)
Published 20 June 2020
Ref: AFP

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံများထဲတွင် အိန္ဒိယသည် အမေရိကန်၊ ဘရာဇီးနှင့် ရုရှားပြီးပါက ကူးစက်မှုနှုန်း စတုတ္ထမြောက် အမြင့်ဆုံးနိုင်ငံဖြစ်နေပြီး အိန္ဒိယကဲ့သို့ လူဦးရေထူထပ်ကာ ပြီးခဲ့သည့် နှစ်နှောင်းပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားရာနိုင်ငံဖြစ်သော တရုတ်ထက် အိန္ဒိယရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်သည် လေးဆကျော်ပိုများကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့တွင် ဗိုင်းရပ်စ်ကူးစက်မှုသစ်များ ထွက်ပေါ်ခဲ့ပြီးနောက် Lockdown ပြန်လည်ချထားစဉ် ဇွန် ၁၉ ရက်တွင် အိန္ဒိယ၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

COVID-19 ကပ်ရောဂါကူးစက်ဖြစ်ပွားမှု ရှည်ကြာနေခြင်းက လူဦးရေထူထပ်သော အိန္ဒိယနိုင်ငံ၏ ဝန်ပိနေသည့် ကျန်းမာရေးစနစ်အပေါ် ဖိအားတိုးလာစေလိမ့်မည်ကို ပါရဂူများက စိုးရိမ်နေကြသည်။

တစ်နိုင်ငံလုံးအနှံ့ Lockdown ချမှုကို သုံးလနီးပါး လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်သော်လည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇွန် ၈ ရက်တွင် Lockdown ပိတ်ပင်ကန့်သတ်ချက် အများစုကို ဖြေလျှော့ပေးခဲ့သည်။

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃,၅၀၀ ဦး ထပ်တိုးလာပြီး ဗိုင်းရပ်စ်ကူးစက်သူ ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ဇွန် ၁၉ ရက်တွင် အိန္ဒိယဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်အရ သိရသည်။

ဇွန် ၁၉ ရက်တွင် အိန္ဒိယတောင်ပိုင်း တမီလ်နာဒူပြည်နယ်ရှိ ချန်နိုင်းမြို့နှင့်အနီး ဝန်းကျင်ဒေသများကို တင်းကျပ်သော ပိတ်ပင်ကန့်သတ်ချက်များနှင့်အတူ Lockdown စီမံချက်အား ဇွန် ၃၀ ရက်အထိ သတ်မှတ်ခဲ့သည်။

မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများ ရှိခြင်းကြောင့် အိန္ဒိယ၏ ဒက်ထရွိုက်ဟု တင်စားခံရသော ချန်နိုင်းမြို့ရှိ လမ်းမများတွင် ဇွန် ၁၉ ရက်၌ လူအသွား၊ အလာ ကင်းရှင်းနေပြီး စျေးဆိုင်အများစုကိုလည်း ပိတ်ထားသည်။ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ သေသေချာချာ လိုက်နာဆောင်ရွက်စေရန်အတွက် ယင်းမြို့ ၌ ရဲတပ်ဖွဲ့ဝင်အများအပြား လှည့်လည် စောင့်ကြပ်နေသည်။

“ ရဲတပ်ဖွဲ့ဝင်တွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်တွေက သင်တို့အတွက် တိုက်ပွဲဝင်နေကြပါတယ်။ ကျေးဇူးပြု၍ ပူးပေါင်းပါဝင်ပေးကြပါ။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဉ်းကို လိုက်နာပေးကြပါ။ သတိဖြင့် နေထိုင်ပါ။ ကပ်ရောဂါတိုက်ဖျက်ရေး တိုက်ပွဲမှာ အနိုင်ယူကြမယ်” ဟု တမီလ်နာဒူပြည်နယ် ကျန်းမာရေးဝန်ကြီး ဗီဂျာယာဘာစ်ကာက ဇွန် ၁၉ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။

COVID-19 အတည်ပြုလူနာ ၈၀၀,၀၀၀ ကျော်ရှိသော တမီလ်နာဒူပြည်နယ်သည် အိန္ဒိယနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူအရေအတွက် အမြင့်ဆုံးပြည်နယ်ဖြစ်ပြီး ယင်းပြည်နယ်တွင် ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုနှုန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာ၏ ပျမ်းမျှသုံးပုံတစ်ပုံနီးပါး ရှိသည်။

လူသေဆုံးမှုများကို သတင်းထုတ်ပြန်ရာတွင် နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် တမီလ်နာဒူပြည်နယ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ အများအားဖြင့် တမီလ်နာဒူပြည်နယ်တွင်းနှင့် ပြည်နယ်၏အနီး ဝန်းကျင်ဒေသများ၌ မကြာသေးမီရက်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်နှင့် သေဆုံးသူအရေအတွက်သည် တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။

ကျန်းမာရေးနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခွင့်အာဏာရရှိထားသည့် ပြည်နယ်များရှိရာ အိန္ဒိယတွင် အခြားသောနယ်မြေဒေသများ၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များကို အတော်အတန် ဖြေလျှော့ပေးထားပြီးဖြစ်သည်။

ပြည်နယ်ကျန်းမာရေးဝန်ကြီးအပါအဝင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံရေးသမား အများအပြားနေထိုင်ရာ မြို့တော်နယူးဒေလီ၌ လမ်းများနှင့် စီးပွားရေးလုပ်ငန်းအများအပြားကို ဇွန် ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

Most Read

Most Recent