COVID-19 နှင့် အစိုးရအဖွဲ့များ

COVID-19 နှင့် အစိုးရအဖွဲ့များ
Published 19 June 2020

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ မည်သည့်နိုင်ငံ၏ အစိုးရအဖွဲ့ကိုမျှ အပြစ်မတင်နိုင်ပါ။ သို့သော် ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် တုံ့ပြန်မှုများကိုကား စိစစ်ကြည့်ရမည်သာ ဖြစ်သည်။ COVID-19 ကာကွယ်ဆေး ဖွံ့ဖြိုးလာပြီး ကျယ်ပြန့်စွာ မထုတ်လုပ်နိုင်မချင်း ပျက်စီးသွားသော စီးပွားရေးနှင့် ရောဂါ ကူးစက်ပျံ့နှံ့မှုတို့အပေါ် တုံ့ပြန်မှုများကို စောင့်ကြည့်ရမည်ဖြစ်သည်။ ကာလတိုအတွင်း စီးပွားရေးထိခိုက်မှုများ ရှိသော်လည်း ပြတ်သားသည့် အစိုးရအဖွဲ့များသည် ပြည်သူ့ကျန်းမာရေး စိစစ်မှုများနှင့် ထိတွေ့ခဲ့သူတို့အား ခြေရာခံမှုများအား ဆောင်ရွက်ကာ အန္တရာယ်ကို ရင်ဆိုင်လျက် နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာမှုများ၊ မရှိမဖြစ် မဟုတ်သည့် လုပ်ငန်းများကို ပိတ်ပစ်ခဲ့သည်။ အရှေ့တောင်အာရှတွင် ကပ်ရောဂါပထမလှိုင်းအတွင်း အသိသာဆုံး ဆောင်ရွက်ခဲ့သည်မှာ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့ ဖြစ်သည်။

ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆေးပညာဆိုင်ရာနှင့် သိပ္ပံပညာဆိုင်ရာ အထောက်အထားများကို အခြေခံလျက် ၎င်းတို့၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာနှင့် ဆေးကုသရေးဆိုင်ရာ အရာရှိများကို လိုက်လျောခဲ့ကြသော အစိုးရအဖွဲ့များ ရလဒ်ကောင်းခဲ့သည်။ ရေတို စီးပွားရေးနှင့် နိုင်ငံရေး တွက်ကိန်းများအပေါ်၌သာ အခြေခံသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာမူ ဖြစ်ပေါ်လာမည့်အနေအထားကို ကောင်းစွာ မထိန်းသိမ်းနိုင်ဖြစ်ရသည်။ အမှန်တကယ်၌ ယင်းအစိုးရအဖွဲ့များသည် အလွန်တန်ဖိုးရှိသော အချိန်များကို အဆုံးရှုံးခံခဲ့ပြီး နေ့စဉ် ရောဂါကူးစက်မှု အလွန်မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ရသည်။

မိမိတို့ အာဏာတည်မြဲရေးအတွက် COVID-19 ကို အသုံးချသော၊ မီဒီယာများအား ထိုးနှက်တိုက်ခိုက်သော၊ ဝေဖန်မှုများကို ပါးစပ်ပိတ်အောင် ပြုလုပ်သော အစိုးရအ ဖွဲ့များအနေဖြင့် ရလဒ်ကောင်း ရရှိခြင်း မရှိပေ။ ယင်းကဲ့သို့သော ပုံစံမျိုးဖြင့် အရေးပေါ် အာဏာများကို သုံးစွဲခြင်းသည် မယုံကြည်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းတို့ကိုသာ ဖြစ် စေခဲ့သည်။ အရှေ့တောင်အာရှတွင် ဟွန်ဆန်နှင့် ရိုဒရီဂိုဒူတာတေးတို့ ကဲ့သို့သော အာ ဏာရှင်ဆန်သော ခေါင်းဆောင်များအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပြည်သူ့ကျန်းမာ ရေးဆိုင်ရာအကျပ်အတည်းဟု ရှုမြင်ရမည့်အစား နိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဟု ရှုမြင်ခဲ့ပါက ၎င်းတို့၏ ဦးစားပေးလုပ်ငန်းများ အကြီးအကျယ် လွဲမှားမည်ဖြစ်ပြီး သေနှုန်း မြင့်မားပေလိမ့်မည်။ ကမ္ဘောဒီးယားပါလီမန်သည် နဂိုကတည်းက အာဏာရှင်ဆန်ပြီးသား ဟွန်ဆန်ကို အီလက်ထရွန်နစ်ဆိုင်ရာ အချက်အလက်များ ကြားဖြတ်ရယူ ခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့အား လျှော့ချနိုင်ခွင့်တို့အပါ အဝင် အာဏာအသစ်များစွာကို အာမခံပေးခဲ့သည်။ ဒူတာတေးသည်လည်း ပုဂ္ဂလိက ကုမ္ပဏီများအပေါ် ဝင်ရောက်လွှမ်းမိုး အသုံးချပိုင်ခွင့်ကဲ့သို့သော အာဏာသစ်များ ရရှိခဲ့သည်။

COVID-19 ကာလတွင် ပြတ်သားသော ခေါင်းဆောင်မှုသည်သာမက ဝန်ကြီး ဌာနများအကြားနှင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် နိုင်ငံအဆင့်၌ နိုင်ငံတော်အာဏာများကို ထိရောက်စွာ စုစည်းဆောင်ရွက်ခြင်း သည်လည်း အရေးကြီးသည်။ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိရောက်စွာ တုံ့ပြန်ရေး၌ အစိုးရ တစ်ရပ်လုံးအတိုင်းအတာဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ စားနပ်ရိက္ခာထောက်ပ့ံမှုနှင့် ပြည်သူ့ကျန်းမာရေးကိစ္စတို့ကို ကိုင်တွယ်ရန် လွှမ်းခြုံနိုင်သည့် မဟာဗျူဟာတစ်ရပ် ရှိ ထားသည့် အစိုးရအဖွဲ့များအနေဖြင့် ကျယ်ပြောသော စီးပွားရေးလှုံ့ဆော်မှု (Stimulus Package) ကို ဖန်တီးပြီး စီးပွားရေးကျဆင်းမှုကို လျှော့ချကာ ပြည်သူတို့၏ ယုံကြည်မှု နှင့် အားကိုးမှုများကို ရရှိနိုင်သည်။ ယင်းအတွက် ဝန်ကြီးဌာနများအကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်သာဖြစ်၏။

မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းသည် အစိုးရအဖွဲ့များ၏ ခေါင်း ဆောင်မှုအပေါ် အဆက်မပြတ် မေးခွန်းထုတ်နေဦးမည်သာဖြစ်ပါ ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်  ၁၉ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent