COVID-19 အလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ်စီးဝင်လာမည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ဖြစ်သည့် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာလအတွင်း ပြည့်မီနိုင်ကြောင်း MIC ဥက္ကဋ္ဌ ပြောကြား

COVID-19 အလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ်စီးဝင်လာမည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ဖြစ်သည့် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာလအတွင်း ပြည့်မီနိုင်ကြောင်း MIC ဥက္ကဋ္ဌ ပြောကြား
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 17 June 2020
နီလာ

COVID-19 အလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ်စီးဝင်လာမည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ဖြစ်သည့် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာလအတွင်း ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် ဒေါ်လာ ၄ ဒသမ ၁၅ ဘီလျံ  ခွင့်ပြုခဲ့ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် မေအထိ ရှစ်လတာကာလအတွင်း ဒေါ်လာ ၄ ဒသမ ၀၉  ဘီလျံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ COVID-19 အလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ်စီးဝင်လာမည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ဖြစ်သည့် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာလအတွင်း ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ဆိုသည်၊

မြန်မာ့စီးပွားရေး ဦးမော့လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ဝင်ရောက်လာရန် အရေးကြီးသဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ဇွန် ၁၆ ရက်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများ နှင့်စပ်လျဉ်း၍ စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ CERP နှင့် Economic Recovery Plan ရေးဆွဲသူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းတို့၏ အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဦးမော့ လာစေဖို့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ပိုမိုဝင်ရောက်စေဖို့ အရေးကြီးပါတယ်။ ဒီလိုဝင်ရောက်ဖို့လည်း တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိပါတယ်။ ဥပမာအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်တဲ့ စက်မှုဇုန်တွေ တည်ထောင်ဖို့ အဆိုပြုလာတဲ့ ထိုင်းနိုင်ငံနဲ့  ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။ စင်ကာပူနိုင်ငံက လုပ်ငန်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာတာလည်း ရှိပါတယ်။ ဒါတွေကိုလည်း MIC အနေနဲ့ စိစစ်ပြီးတော့ ခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

၂၀၁၈ -၂၀၁၉  ဘဏ္ဍာနှစ်အတွင်း  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏ ဒေါ်လာ သန်း ၄၅၂၀ ကျော်ရှိသော်လည်း နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အမှန်စီးဝင်လာသော ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၇၆၆ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ)လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

အစိုးရသစ်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၇၃ ဒသမ ၂၈၅ သန်း အပါအဝင် ကျပ် ၁၆၉၁ ဒသမ ၃၃၂ ဘီလျံအား လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၁၆၉ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၈၁ ဒသမ ၆၃၈ သန်း အပါအဝင် ကျပ် ၁၄၃၄ ဒသမ ၈၇၃ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲ လုပ်ငန်း ၂၅ ခုအား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၁ ဒသမ ၆၄၇ သန်းအပါအဝင် ကျပ်၂၅၆ဒသမ ၄၅၉ ဘီလျံထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၄၇၃ ဒသမ ၂၈၅  သန်း အပါအဝင် ကျပ် ၁၆၉၁ ဒသမ ၃၃၂ ဘီလျံ အထိကို လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent