ပေကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေ အလွန်အမင်းဆိုးရွားဟု မြို့တာဝန်ရှိသူတစ်ဦးက သတိပေး

ပေကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေ အလွန်အမင်းဆိုးရွားဟု မြို့တာဝန်ရှိသူတစ်ဦးက သတိပေး
 ပေကျင်းရှိ Xirfaid စျေးနှင့် ဆက်နွှယ်နေသူများကို ဇွန် ၁၆ က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ဆောင်ရွက်နေစဉ်
ပေကျင်းရှိ Xirfaid စျေးနှင့် ဆက်နွှယ်နေသူများကို ဇွန် ၁၆ က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ဆောင်ရွက်နေစဉ်
Published 16 June 2020
Ref: AFP

တရုတ်မြို့တော် ပေကျင်းတွင် အစုပြုံလိုက် ကူးစက်မှု အသစ်တစ်ဖန်ပေါ်ပေါက်ခဲ့ပြီးနောက် ဇွန် ၁၆ တွင် နောက်ထပ်ကူးစက်မှု ၂၇ မှုကို အသစ်တွေ့ရှိခဲ့သဖြင့် ပေကျင်း၏ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေသည် အလွန်အမင်း ဆိုးရွားနေကြောင်း မြို့တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြားခဲ့သည်။

ပေကျင်းရှိ Xinfadi စျေးမှ အစပြုခဲ့ဖွယ်ရှိသော ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်မှုသည် တရုတ်အတွက် သတိပေးတပ်လှန့်မှု ဖြစ်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် တရုတ်သည် တင်းကျပ်လွန်းသည့် ပိတ်ဆို့ အရေးယူမှုများ၊ လူအမြောက်အမြားအား စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်မှု အသစ်တွေ့ရှိမှုများသည် ပြီးခဲ့သည့် ငါးရက်အတွင်း ၁၀၆ မှုအထိ ရှိလာခဲ့သည်။ ထို့နောက် အာဏာပိုင်များသည် ပေကျင်းရှိ လူနေဧရိယာ ၃၀ နီးပါးကို ပိတ်ဆို့ထိန်းချုပ်ခဲ့ပြီး လူအမြောက်အမြားကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုအတွက် စမ်းသပ်စစ်ဆေးခဲ့သည်။

“မြို့တော်မှာ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်” ဟု ပေကျင်းမြို့၏ ပြောခွင့်ရပုဂ္ဂိုလ် ရွှီဟေကျန်က သတင်းစာရှင်းလင်းပွဲတွင် သတိပေးခဲ့သည်။ ပေကျင်း၏ အရွယ်အစားနှင့် ချိတ်ဆက်ထားမှုတို့အရ အစုအပြုံလိုက် ကူးစက်မှု အသစ်တွေ့ရှိခြင်းကို စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။

ပေကျင်း၏ စားသောက်ကုန်စျေး အားလုံး၊ စားသောက်ဆိုင်အားလုံး၊ အစိုးရသက်သာဆိုင်အားလုံးမှ မန်နေဂျာများနှင့် ဆိုင်ခန်းပိုင်ရှင်အားလုံးကို ဗိုင်းရပ်စ်ကူးစက်ခံ ထားရခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့အာဏာပိုင်များက ပြောကြားထားသည်။

ပေကျင်း၏ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်စွမ်းကို တစ်ရက်လျှင် ၉၀၀၀၀ အထိ ချဲ့ထွင်ထားပြီးဖြစ်ကြောင်း တရုတ်အစိုးရ သတင်းအေဂျင်စီ ဆင်ဟွာကဆိုသည်။

ဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်ဖြစ်ပွားနေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် အနေနှင့် ပေကျင်းရှိ အငှားယာဉ်အားလုံးနှင့် အွန်လိုင်းမှ ကားအငှားလုပ်ငန်းအားလုံးကိုလည်း မြို့ပြင်သို့ ထွက်ခွာခွင့် တားမြစ်ထားကြောင်း မြို့တော်သယ်ယူပို့ဆောင်ရေး ကော်မရှင်က ကြေညာခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။

ပေကျင်းရှိ ရုံတွင်းအားကစားနှင့် ဖျော်ဖြေရေးနေရာအားလုံးကို ပိတ်ပင်ထားရန် ဇွန် ၁၅ တွင် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်။ တရုတ်နိုင်ငံတစ်ဝန်းမှ ပေကျင်းသို့ လာရောက်သူအားလုံး သီးခြားခွဲထား ထိန်းသိမ်းခံရမည်ဖြစ်ကြောင်းလည်း မြို့အာဏာပိုင်များက သတိပေးထားသည်။

ပေကျင်းကို ဝန်းရံထားသည့် ဟီပေပြည်နယ်တွင် ဌာနေကူးစက်မှုအသစ် လေးမှု တွေ့ရှိခဲ့ကြောင်း၊ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင်  ပေကျင်း၏အစုလိုက် ကူးစက်မှုနှင့်ဆက်နွှယ်နေသော ကူးစက်မှုတစ်ခု တွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

စိုက်ပျိုးရေးထုတ်ကုန်စျေးကွက် ၂၇၆ ခုကို ပိုးသတ်မှုဆောင်ရွက်ခဲ့ပြီး စျေး ၁၁ ခု ကို ပိတ်ခဲ့ကြောင်း၊ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်း ၃၃၀၀၀ ကျော်ကို ပိုးသတ်မှု ဆောင်ရွက်ခဲ့ကြောင်း ပေကျင်းတာဝန်ရှိသူများက ဇွန် ၁၆ တွင် ပြောကြားခဲ့သည်။

ပေကျင်းတွင် ဗိုင်းရပ်စ် အစုအပြုံလိုက် ကူးစက်မှု၏အဓိကဗဟိုချက်ဖြစ်သော Xinfadi စျေးသို့ မေ ၃၀ နောက်ပိုင်းမှစပြီး လူ ၂၀၀၀၀၀ ကျော် လာရောက်ထားသည်ဟု တာဝန်ရှိသူများက သတိပေးထားသည်။ Xinfadi စျေးမှ အလုပ်သမား ၈၀၀၀ ကျော်ကို ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး သီးခြားခွဲထားထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပေကျင်းတွင် အသစ်တစ်ဖန် ကူးစက်မှု၌ တွေ့ရှိထားသော ဗိုင်းရပ်စ်မျိုးကွဲသည် ဥရောပနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ကူးစက်မှု၏ဗိုင်းရပ်စ်မျိုး ဖြစ်ကြောင်း တရုတ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့က ဇွန် ၁၅ တွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent