တောင်ကိုရီးယားနှင့် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့

တောင်ကိုရီးယားနှင့် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့
Published 16 June 2020

တောင်နှင့် မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်ရှိ တောင်ကိုရီးယားနှင့် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဇွန် ၁၆ တွင် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ ၁၄း၄၉ နာရီမှာ ကေဆောင် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲပစ်ခဲ့ပါတယ်” ဟု ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းနေသည့် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကေဆောင်ရှိ ပူးတွဲစက်မှုဇုန်မှ ပေါက်ကွဲသံကြားခဲ့ရပြီး မီးခိုးများ တက်လာသည်ကို မြင်တွေ့ခဲ့ရပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဆက်ဆံရေးရုံး ဖောက်ခွဲခံရမှုကို အတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသော နှမဖြစ်သူ ကင်ယိုဂျုံသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ထိုနေရာသို့ သွားရောက်ခဲ့ပြီးနောက် ယခုဖျက်စီးမှု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“ မကြာခင်မှာ တောင်-မြောက် ပူးတွဲဆက်ဆံရေးရုံး လုံးဝပြိုလဲသွားတဲ့ ဝမ်းနည်းစရာမြင်ကွင်းကို မြင်ရပါလိမ့်မယ်” ဟု ကင်ယိုဂျုံက ပြောကြားခဲ့သည်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက နယ်စပ်မှနေ၍ မြောက်ကိုရီးယားအစိုးရ ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ လွှတ်တင်နေမှုအတွက် ဇွန်အစောပိုင်းမှစပြီး မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချမှုများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent