ခြေစမ်းပွဲကစားခဲ့သည့် နောဝစ်ချ်အသင်းမှ ကစားသမားတစ်ဦး Positive တွေ့ရှိသော်လည်း မန်ယူနှင့်ပွဲအတွက် ပုံမှန်အတိုင်း လေ့ကျင့်ပြင်ဆင်နေကြောင်း စပါးအသင်း အတည်ပြု

ခြေစမ်းပွဲကစားခဲ့သည့် နောဝစ်ချ်အသင်းမှ ကစားသမားတစ်ဦး Positive တွေ့ရှိသော်လည်း မန်ယူနှင့်ပွဲအတွက် ပုံမှန်အတိုင်း လေ့ကျင့်ပြင်ဆင်နေကြောင်း စပါးအသင်း အတည်ပြု
Photos : Tottenham Hotspur Facebook
Photos : Tottenham Hotspur Facebook
Published 16 June 2020

ပြီးခဲ့သည့် သောကြာနေ့က ခြေစမ်းပွဲကစားခဲ့သော နောဝစ်ချ်အသင်းမှ ကစားသမားတစ်ဦး COVID-19 Positive တွေ့ရှိခဲ့သော်လည်း မန်ယူအသင်းနှင့်ပွဲအတွက် ပုံမှန်အတိုင်း လေ့ကျင့်ပြင်ဆင်နေကြောင်း စပါးအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

စပါးအသင်းသည် ယခုတစ်ပတ် ပြန်လည်စတင်မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဇွန် ၁၂ ရက်တွင် ဇယားအောက်ဆုံးနေရာမှ နောဝစ်ချ်အသင်းနှင့် တော့တင်ဟမ်ဟော့စပါးကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲက ရှစ်ကြိမ်မြောက် COVID-19 စစ်ဆေးမှုရလဒ်ကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ကြေညာရာ ကလပ်အသင်းနှစ်သင်းမှ နှစ်ဦး Positive တွေ့ရှိခဲ့ပြီး ယင်းနှစ်ဦးအနက် တစ်ဦးမှာ မိမိတို့ကစားသမားဖြစ်ကြောင်း နောဝစ်ချ်အသင်းက အတည်ပြုခဲ့သည်။

စပါးအသင်းသည် တစ်ကျော့ပြန်စတင်မည့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ အဖြစ် ဇွန် ၁၉ ရက်တွင် မန်ယူအသင်းနှင့် အိမ်ကွင်းပွဲကစားရမည်ဖြစ်ရာ နောဝစ်ချ် အသင်း၏ကြေညာချက်ကြောင့် စိုးရိမ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် စပါးအသင်း၏ ပြောရေးဆိုခွင့်ရှိသူက ''ပရီးမီးယားလိဂ်ကချမှတ်ထားတဲ့ တင်းကျပ်တဲ့လမ်းညွှန်ချက်အတိုင်း တစ်စုံတစ်ယောက်မှာ Positive တွေ့ရင် ကူးစက်ပျံ့နှံ့မှုမဖြစ်စေဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ အတည်ပြုလူနာနဲ့ နှစ်မီတာအကွာအဝေးအတွင်း ၁၅ မိနစ်ထက် ပိုပြီး ထိတွေ့မှုမရှိရဘူး ဆိုတဲ့အချက်ကိုလည်း အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် Positive ရလဒ်တွေ့ရှိသူနဲ့ သူ့ရဲ့အိမ်သူအိမ်သားတွေကလွဲပြီး ဘယ်ကစားသမား၊ ဝန်ထမ်းကိုမှ သီးခြားခွဲပြီးနေခိုင်းစရာ မလိုပါဘူး။ အဲဒီနောဝစ်ချ်ကစားသမားအနေနဲ့ ကျွန်တော်တို့အသင်းနဲ့ အနီးကပ်ထိတွေ့မှုမရှိဘူးဆိုတာကိုလည်း အတည်ပြုထားပါတယ်။ ကျွန်တော်တို့အသင်းကလည်း ဒါကို အတည်ပြုစစ်ဆေးပြီးပါပြီ။ ကျွန်တော်တို့အသင်းရဲ့ Positive တွေ့ရှိသူတစ်ဦးကလည်း အတည်ပြုတွေ့ရှိတဲ့ နှစ်ပတ်နီးပါးကာလနောက်ပိုင်း Negative ရလဒ်တွေပဲ ပြန်ရထားပါတယ်''ဟု တုံ့ပြန်ပြောကြားသည်။

ပရီးမီးယားလိဂ်အနေဖြင့် COVID-19 စစ်ဆေးမှုကို တစ်ပတ်နှစ်ကြိမ် ပုံမှန်ပြုလုပ်လျက်ရှိပြီး ရှစ်ကြိမ်စစ်ဆေးပြီးနောက် Positive ၁၆ ဦးသာ တွေ့ရှိထားသည်။

အတည်ပြုလူနာ ၁၆ ဦးအနက် ပဥ္စမအကြိမ်စစ်ဆေးမှုတွင် တွေ့ရှိသူတစ်ဦးမှာ စပါးအသင်းမှဖြစ်ကြောင်း အတည်ပြုထားသော်လည်း ၎င်းမှာ ကစားသမား၊ နည်းပြ (သို့မဟုတ်) ဝန်ထမ်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မန်ယူအသင်းမှာလည်း စပါးနှင့်ပွဲကြိုပြင်ဆင်မှုအဖြစ် စတုတ်စီးတီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

 

Most Read

Most Recent