COVID-19 ၊ အရှေ့တောင်အာရှနှင့် ပွင့်လင်းမြင်သာမှု

COVID-19 ၊ အရှေ့တောင်အာရှနှင့် ပွင့်လင်းမြင်သာမှု
Published 15 June 2020

ပွင့်လင်းမြင်သာမှုရှိသည့်ပုံစံဖြင့် မိမိတို့၏လူထုကို ဆက်သွယ်ဆက်ဆံသည့် အစိုးရအဖွဲ့များအနေဖြင့် လူထု၏ ယုံကြည်မှုကို အလျင်အမြန် ရရှိတတ်သည်မှာ ဓမ္မတာပင်။ ပြဿနာကို ဝန်ခံသော၊ အန္တရာယ်ဖြစ်နိုင်ခြေများကို ထုတ်ပြန်အသိပေးသော၊ လျော့ပါးသက်သာစေမည့် ထိရောက်သည့် အားထုတ်မှုများကို ရေးဆွဲချမှတ်သော၊ အသံတစ်မျိုးတည်းထွက်သော အစိုးရအဖွဲ့များသည် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ လျှော့ပေါ့ပြောဆိုသော၊ မူဝါဒများကို လူသိရှင်ကြား အမျိုးမျိုးပြောင်းလဲနေသော၊ သိပ္ပံနည်းမကျ အဓိပ္ပာယ်မရှိသောအရာများကို တတွတ်တွတ် ရွတ်နေသော၊ အပြစ်လွှဲချစရာ ဓားစာခံ ရှာနေသော၊ လုပ်ကြံဖန်တီးထားသည့် သဘောတရားများကို အထပ်ထပ်ပြောဆိုနေသော ပြောရေးဆိုခွင့်ရှိသူအမျိုးမျိုး သို့မဟုတ် ခေါင်းဆောင်အမျိုးမျိုး ထားရှိသည့် အစိုးရအဖွဲ့များထက် ပိုမိုကောင်းမွန်သည့်အရာများကို ရရှိမည်ကား သေချာ၏။ ယုံကြည်မှုပိုရှိခြင်းက နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ Social Distancing ကို လိုက်နာခြင်းနှင့် အတတ်နိုင်ဆုံး နေအိမ်အတွင်း၌ နေထိုင်ခြင်း အစရှိသည့် လူမှုရေးဆိုင်ရာ လိုက်နာရန်များကို လိုက်နာသူ များပြားခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

အရှေ့တောင်အာရှဒေသကို ကြည့်ပါက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် ဗူဒက်ဒမ်းတို့သည် ထိရောက်သော ဆက်သွယ်ဆက်ဆံရေးနှင့် ပွင့်လင်းမြင်သာမှုတို့အတွက် စံပြုစရာများဖြစ်သည်။ အမှန်တကယ်၌ ဗီယက်နမ်သည် လုံးဝအာဏာရှင်နိုင်ငံဖြစ်ပြီး စင်ကာပူသည် တစ်စိတ်တစ်ပိုင်း အာဏာရှင်နိုင်ငံဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှုစနစ်က နေရာတိုင်းတွင် ပွင့်လင်းမြင်သာမှုနှင့် ဆက်စပ်မှုမရှိဟု ဆိုနိုင်သည်။ ယင်းနှစ်နိုင်ငံစလုံးက ပြည်သူ့ကျန်းမာရေးကိစ္စတွင် ပွင့်လင်းမြင်သာမှုနှင့် ဆက်သွယ်ဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း သဘောပေါက်သောကြောင့်လည်း ဖြစ်သည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် ယခု COVID-19 အကျပ်အတည်းတွင် ချီးကျူးခံရရန် ထိုက်တန်လေသည်။ ၂၀၀၃ ခုနှစ် SARS ရောဂါဖြစ်ပွားစဉ် ဗီယက်နမ်အစိုးရသည် တရုတ်အစိုးရကဲ့သို့ပင် ပြုမူခဲ့သည်။ အစပထမ၌ ပြဿနာကို ငြင်းပယ်သည်။ ဖုံးကွယ်သည်။ နိုင်ငံတကာ ကျန်းမာရေးအရာရှိများ၏ ဝင်ရောက်ဆောင်ရွက်ပေးမှုကို ငြင်းပယ်သည်။ လူထုနှင့် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆက်သွယ်ဆက်ဆံရန် ပျက်ကွက်ခဲ့သည်။ ဒုက္ခတွေ့စေသည့် အစောပိုင်းတုံ့ပြန်မှုများပြီးနောက်မှ ဗီယက်နမ်အစိုးရက မူလလမ်းကြောင်းကို ပြောင်းပြန်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း၌ ဗီယက်နမ်အစိုးရသည် ပွင့်လင်းမြင်သာမှုနှင့် ထိရောက်သော ဆက်သွယ်ဆက်ဆံရေးအတွက် စံပြုစရာ ဖြစ်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှားသည် သင့်တင့်သည့် စာနယ်ဇင်းလွတ်လပ်ခွင့်ရှိသော ဒီမိုကရေစီနိုင်ငံဟု ဆိုနိုင်သည်။ သို့သော် သမ္မတသည် COVID-19 ပြဿနာနှင့်ပတ်သက်၍ လျှော့တွက်ပြောဆိုခဲ့သည်။ ယင်းနောက်မှ သူသည် တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသည်များကို ဆွယ်တရားဟောနေစဉ် COVID-19 ပြဿနာကို လျှော့တွက်မိကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သည်။ ကျန်းမာရေးဝန်ကြီးသည်လည်း ဝတ်ပြုမှုများနှင့် ပတ်သက်၍ ရောဂါကူးစက်ခံရသူမရှိဟု အစောပိုင်းက မှတ်ယူထားခဲ့သည်။ အစိုးရအဖွဲ့ထံမှ မက်ဆေ့ချ်အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး မူဝါဒများကိုလည်း ထပ်ကာထပ်ကာ အမျိုးမျိုး ပြောင်းပြန် ပြောင်းလဲခဲ့သည်။

ထိုင်းနိုင်ငံမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်များသည် ပြည်ပမှလာရောက်သူများကို အပြစ်လွှဲချစရာအဖြစ် ဓားစာခံရှာခဲ့ပြီး စော်ကားမော်ကား စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်ကိုယ်တိုင်က တစ်ခါတစ်မျိုးဆိုသလို ဆန့်ကျင်ဘက်စကားများကို ပြောဆိုနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ဖိလစ်ပိုင်တွင်လည်း ပြည်သူများက အချက်အလက်များကို သိလိုနေချိန်၌ ဒူတာတေးက ကွာရန်တင်း ချိုးဖောက်သူများကို ပစ်သတ်မည်ဟု ရုန့်ရင်းကြမ်းတမ်းစွာ ခြိမ်းခြောက်ခဲ့သည်။

မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းသည် အစိုးရအဖွဲ့များ၏ ပွင့်လင်းမြင်သာမှုနှင့် လူထုကို ဆက်သွယ်ဆက်ဆံပုံများအား စာမေးပွဲကဲ့သို့ စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဇွန် ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent