အရန်ရိက္ခာအစီအစဉ်အရ တစ်လခွဲအတွင်း နိုင်ငံတော်အရန်ဆန်အတွက် ပြည်ပသို့ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၂၃ ခုထံမှ ဆန်တန်ချိန် ၃၄၀၀၀ ကျော် ဝယ်ယူလက်ခံထားပြီးဖြစ်ကြောင်း သိရ

အရန်ရိက္ခာအစီအစဉ်အရ တစ်လခွဲအတွင်း နိုင်ငံတော်အရန်ဆန်အတွက် ပြည်ပသို့ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၂၃ ခုထံမှ ဆန်တန်ချိန် ၃၄၀၀၀ ကျော် ဝယ်ယူလက်ခံထားပြီးဖြစ်ကြောင်း သိရ
ဝယ်ယူသိုလှောင်ထားသည့် အရန်ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ-MRF)
ဝယ်ယူသိုလှောင်ထားသည့် အရန်ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ-MRF)
Published 13 June 2020
ဇေယျာငြိမ်း

တစ်လခွဲအတွင်း နိုင်ငံတော်အရန်ဆန်အတွက်  ပြည်ပသို့ ဆန်တင်ပို့မည့်ကုမ္ပဏီ ၁၂၃ ခုထံမှ ဆန်တန်ချိန် ၃၄၀၀၀ ကျော် ဝယ်ယူလက်ခံထားရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။

နိုင်ငံတော်၏ အရန်ရိက္ခာ အစီအစဉ်အရ အရန်ဆန်များကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းလျက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၁ ရက်အထိ တစ်လခွဲအတွင်း သိုလှောင်ရုံကိုးရုံ၌ ဆန်တန်ချိန် ၃၄၀၀၀ ကျော်ကို ပြည်ပသို့ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၂၃ ခုထံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ဝယ်ယူလက်ခံထားရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် မေလအတွက် ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲကို ပင်လယ်ရေကြောင်းမှ ကုမ္ပဏီ ၁၁၂ ခုနှင့် နယ်စပ်လမ်းကြောင်းမှ ကုမ္ပဏီ ၂၀၀ ခန့် စုစုပေါင်းကုမ္ပဏီ ၃၀၀ ကျော်က သတ်မှတ် ခွဲဝေထားသော ပမာဏအတိုင်း တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

COVID-19 Pandemic ကာလအတွင်း ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ် ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်း စုစုပေါင်းတန်ချိန် တစ်သိန်းခွဲအထိ ခွင့်ပြုမည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မေလအတွက် လိုင်စင်လျှောက်ထားရာတွင် ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်မှ ၂၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ တင်ပို့ခွင့် ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးထားမှုအပေါ် အမှန်တင်ပို့မှု အထောက်အထားဖြစ်သော အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ (ED) နှင့် အကယ်၍ ခွင့်ပြုလိုင်စင်ပမာဏအား အပြည့်အဝ တင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထား ပါရှိရမည်ဖြစ်သည်။

ထို့ပြင် ဆန်/ဆန်ကွဲ တင်ပို့ခွင့် ပို့ကုန် လိုင်စင်လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်း ပေးသွင်းထားပြီးဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇွန်မှ စက်တင်ဘာလများအတွက် လိုင်စင်လျှောက်ထားရာတွင် ယခင်လများတွင် ခွင့်ပြုချက်ရရှိသည့် လိုင်စင်များအပေါ် ပြီးပြတ်အောင်တင်ပို့ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ (ED) ၊ ခွင့်ပြုလိုင်စင်ပမာဏအား အပြည့်အဝတင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထား၊ ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့် ပို့ကုန်လိုင်စင် လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန် ဆန် ၁၀ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းထားပြီး ဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

COVID-19 Pandemic ကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအတွက် လိုင်စင်ခွင့်ပြုသက်တမ်းမှာ တစ်လ ဖြစ်သည်။

ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်ကို ကုမ္ပဏီမှ အထောက်အထားအချက်အလက် ပြည့်စုံစွာတင်ပြလာပါက အစိုးရရုံးဖွင့်ရက် သုံးရက်အတွင်း ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၉ ရက်အထိ ရှစ်လနီးပါးတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁ ဒသမ ၉၆၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၇၈ ဒသမ ၇၂၈ သန်း ရရှိထားသည်။

ယင်းအနက် ဆန်တန်ချိန် ၁ ဒသမ ၂ သန်းတင်ပို့မှု ဝင်ငွေဒေါ်လာ ၃၉၇ ဒသမ ၅၈၁ သန်း ရရှိထားသည်။ ဆန်ကွဲတန်ချိန် ခုနစ်သိန်းနီးပါး တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၈၁ ဒသမ ၁၄၇ သန်း ရရှိထားသည်။

ပြည်ပသို့ ဆန်တင်ပို့များအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် လေးသိန်းနှစ်သောင်းကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၃၂ ဒသမ ၈၉၈ သန်း ရရှိထားသည်။ စုစုပေါင်းဆန်တင်ပို့မှု၏ ၃၃ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

ပြည်ပသို့ ဆန်ကွဲတင်ပို့မှုများအနက် ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် တစ်သိန်းခုနစ်သောင်းကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၃ ဒသမ ၄၂၆ သန်း ရရှိထားသည်။ စုစုပေါင်း ဆန်ကွဲတင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

Most Read

Most Recent