ပညာရေးနှင့် မသိနားမလည်မှု

ပညာရေးနှင့် မသိနားမလည်မှု
Published 12 June 2020

ဗဟုသုတ နည်းပါးခြင်းသည် မသိနားမလည်မှုကို ဖြစ်စေ၏။ သို့သော် သတိမပြုမိသည့် အနေအထား၌ ရှိသူတစ်ဦးကိုလည်း မသိနားမလည်သူဟု ခေါ်သည်။ အရေးကြီး သည့် အချက်အလက်ကို တမင်တကာ လျစ်လျူပြုခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းကိုလည်း  မသိနားမလည်မှုဟု ခေါ်သည်။ မသိနားမလည်မှု အမျိုးအစား သုံးမျိုးရှိသည်။ ယင်းတို့မှာ  အချက်အလက်ဆိုင်ရာ မသိနားမလည်မှု (အချက်အလက်အချို့နှင့် ပတ်သက်၍ ဗဟုသုတ မရှိခြင်း)၊ အရာဝတ္ထုဆိုင်ရာ မသိနားမလည်မှု (အရာဝတ္ထုအချို့နှင့် ပတ်သက်၍ အ ကျွမ်းတဝင်မရှိခြင်း) နှင့် နည်းစနစ်ဆိုင်ရာ မသိနားမလည်မှု (အချို့အရာများအား မည်သို့ မည်ပုံ ပြုလုပ်ရမည်ကို မသိနားမလည်မှု) တို့ ဖြစ်ကြသည်။

လူအချို့သည် လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် အချိန်နှင့် အားထုတ်မှုတို့ကို ရင်းနှီးမြှုပ်နှံလေ့မရှိကြပေ။ လူတစ်ဦး၏ ဘဝမှနေ၍ မသိနားမလည်မှုကို လုံးဝဥဿုံ ဖယ်ရှားပစ်ရေးသည် မဖြစ်နိုင်သည့် အလုပ်ဟုပင် ဆိုနိုင်သည်။ သို့သော် မသိနားမလည်မှု ချောက်ကမ်းပါးကို ကျဉ်းသွားအောင် ပြုလုပ်ခြင်းသည် လူတစ်ဦး၏ ရေရှည်ဘဝအတွက်   အကျိုးဖြစ်ထွန်းစေနိုင်သည်။ သိပ္ပံနည်းကျ သက်သေပြချက် မပါဘဲ အိုင်ဒီယိုလိုဂျီတစ် ရပ်ကို ကျင့်သုံးလျက် ဆုံးဖြတ်ချက် ချမှတ်ခြင်းသည်လည်း မသိနားမလည်မှုပင် ဖြစ် သည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် အန္တရာယ်ကြီးသော စိတ်အခြေခံဖြစ်ပြီး အမှန်တရားကို    ရှာဖွေတွေ့ရှိနိုင်ရန်လည်းကောင်း၊ လူတစ်ဦးအဖြစ် ဖွံ့ဖြိုးလာရန်လည်းကောင်း တားဆီးထားသည့် အရာ ဖြစ်သည်။

သိနားမလည်သူတစ်ဦးသည် အထူးသဖြင့် မိမိကိုယ်မိမိ မသိ နားမလည်ကြောင်း  ယုံကြည်လက်ခံမှု မရှိပါက ယင်းမသိနားမလည်မှုက လေ့လာသင်ယူမှု၌ အခက်တွေ့ စေသည်။ မိမိကိုယ်မိမိ သိနိုင်စွမ်းရှိသူဟု မှားယွင်းစွာ ယုံကြည်သူတစ်ဦးသည် မိမိတို့၏ ယုံကြည်ထားမှုများကို မှန်မမှန် စိစစ်ရှင်းလင်းရန် မကြိုးစားတော့ဘဲ မသိနားမလည်သည့် အနေအထားအပေါ်၌သာ လုံးလုံးလျားလျား အားပြုနေတော့၏။ ထိုသူတို့သည် တစ်စုံ တစ်ရာ၏ အရေးကြီးမှုကို သိမြင်ခြင်းမရှိသကဲ့သို့ ယင်းကို နားလည်ခြင်းလည်း မရှိသောကြောင့်  ယင်းတစ်စုံတစ်ရာသည် ခိုင်မာသော်လည်း ၎င်းယုံကြည်ထားမှုနှင့် ဆန့်ကျင်ပါ က  ငြင်းဆိုပယ်ချလိုက်တော့သည်။ ယင်းသဘောတရားကို ဂျက်စတင်ခရူဂျာနှင့် ဒေးဗစ် ဒန်နင်းတို့၏ လေ့လာချက်၌ ဖော်ထုတ်ထားသည်။ မိမိကိုယ်တိုင်၏ မပြည့်စုံမှုများကို သတိပြုမိရန် ခက်ခဲနေမှုများသည် မိမိကိုယ်မိမိ သုံးသပ်ရာ၌  ကိုယ့်ကိုယ်ကိုယ် ပို၍ ထင်ထားမှုဆီသို့ ဦးတည်သွားစေသည့် မိုက်မဲမှုကို Dunning-Kruger effect ဟု ခေါ်သည်။

လူတို့အနေဖြင့် အဘယ့်ကြောင့် သိမှုကို ရရှိနိုင်စွမ်း မရှိရသနည်းဟူသည့် အချက်အတွက် အခြားအကြောင်းတရားတစ်ရပ်မှာ ပညာရေးကို လက်ခံရရှိနိုင်စွမ်း မရှိခြင်းဖြစ် သည်။ ကမ္ဘာကြီး၏ အချို့သော အစိတ်အပိုင်းများတွင် ပညာရေးအခြေခံအဆောက်အအုံသည် လုံလောက်မှု မရှိသောကြောင့် လူတို့အနေဖြင့် အသိဉာဏ် ဗဟုသုတကို ရှာ ဖွေနိုင်စွမ်း မရှိကြပေ။ ယင်းဖြစ်စဉ်မျိုးကို ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများ၌ ကျယ်ပြန့်စွာ လေ့လာတွေ့ရှိနိုင်သည်။ ယင်းနိုင်ငံများ၌ ကလေးများသည် ကျောင်းတက်ရန် မတတ်နိုင် ခြင်း သို့မဟုတ်  ကျောင်းများနှင့် ဝေးလွန်းခြင်းတို့ ရှိနိုင်သည်ကို တွေ့ရှိရတတ်သည်။ အခြားတစ်ဘက်၌   ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကလေးအများစုသည် အနည်းဆုံး ၁၂ တန်း ပညာရေးကို ရရှိကြသည်။ သို့သော် အဆင့်မြင့်ပညာရေးကို သင်ယူရသည့်အခါ၌ စရိတ် စကကြီးလွန်းသောကြောင့် မတတ်နိုင်ဖြစ်ကြရသည်။ ပညာရေးချို့တဲ့ခြင်းသည် ဝေဖန် ပိုင်းခြားနိုင်စွမ်းနှင့်  မိမိတို့ဘာသာ အသိပညာရရှိအောင် ရှာဖွေနိုင်စွမ်းတို့ကိုပါ ချို့တဲ့ သွားစေသည်။

မည်သည့်နိုင်ငံ၌မဆို လူဦးရေထဲ၌ လူအများစု ပညာတတ်များဖြစ်နေရန်မှာ လွယ် ကူသည် မဟုတ်ပေ။ သို့သော် လူဦးရေအချိုးအစားထဲ၌ (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော) ပညာတတ်များ အချိုးအစား လွန်စွာနည်းပါးသည့်အခါ ယင်းနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုး တက်နိုင်မည့် အလားအလာ လွန်စွာနည်းပါးသွားပြီး ပဋိပက္ခများနှင့် ပြဿနာများ ဖြစ်ပွား နိုင်ခြေသာ လွန်စွာများပြား၍လာနိုင်သည်။ အဆိုးဆုံးမှာ မသိနားမလည်သူများသာ အ ချိုးအစား များပြားလွန်းသောကြောင့် ထိုသူတို့က မိမိတို့အား ကိုယ်စားပြုရန် ရွေးကောက် တင်မြှောက်လိုက်သူများမှာလည်း မသိနားမလည်သူများ ဖြစ်ရန် ဖြစ်နိုင်ခြေ များပြား သည့်အချက် ဖြစ်သည်။ ထို့ကြောင့် မသိနားမလည်သူ လျှော့ချရေးသည် ပညာရေး၏ အရေးအကြီးဆုံး ရည်မှန်းချက်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန်  ၁၃ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent