COVID-19 ကြောင့် ဘုရားဖူးခွင့် ပိတ်ထားသည့် ကာလ၌ ပုဂံဘုရားအချို့ ဌာပနာဖောက်ထွင်းခံရပြီး လောကထိပ်ပန်ဘုရားရှိ အကာအရံယင်းလိပ် မီးရှို့ခံရ

COVID-19 ကြောင့် ဘုရားဖူးခွင့် ပိတ်ထားသည့် ကာလ၌ ပုဂံဘုရားအချို့ ဌာပနာဖောက်ထွင်းခံရပြီး လောကထိပ်ပန်ဘုရားရှိ အကာအရံယင်းလိပ် မီးရှို့ခံရ
ဓာတ်ပုံ - ကိုဆော် (ပုဂံ) Facebook
ဓာတ်ပုံ - ကိုဆော် (ပုဂံ) Facebook
Published 9 June 2020
ဇော်မင်းနိုင်

COVID-19 ရောဂါကြောင့် ဘုရားဖူးများ လာရောက်လည်ပတ်ခွင့် ပိတ်ထားသည့် ကာလတွင် ပုဂံဘုရားအချို့ ဌာပနာဖောက်ထွင်းခံရပြီး နံရံဆေးရေးပန်းချီ လက်ရာအကောင်းဆုံးတွင် တစ်ဆူဖြစ်သည့် လောကထိပ်ပန် ဘုရားရှိ အကာအရံယင်းလိပ် မီးရှို့ခံရကြောင်း ပုဂံဧည့်လမ်းညွန်အသင်းမှ ပြန်ကြားရေးအဖွဲ့ဝင် ကိုတက်ထွန်းအောင်က ပြောကြားသည်။

COVID-19 ရောဂါကြောင့် ဘုရားဖူးများ လာရောက်လည်ပတ်ခွင့် ပိတ်ထားသည့် ကာလတွင် ပုဂံဘုရားများတွင် ဘုရားဖူးများသာမက ဒေသခံ စျေးသည်များလည်း မရှိသည့်အချိန်တွင် ဖောက်ထွင်းခံရမှုများ ဆက်တိုက်ေ တွ့ရှိနေရခြင်း ဖြစ်သည်။

ဇွန် ၈ ရက်တွင် ပုဂံဧည့်လမ်းညွှန်အသင်းက ပုဂံရှိ ရှေးဟောင်းဘုရားများကို စစ်ဆေးခဲ့ရာ ရွာဟောင်းကြီးဘုရား မြောက်ဖက် ဘုရားစုများထဲမှ ဘုရားငါးဆူ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များတွင် ဖောက်ထွင်း ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - Bagan Tourism Guide Association

အလားတူ ဇွန် ၉ ရက်တွင် စူဌာမဏိ ဘုရားနှင့် ဓမ္မရံကြီးဘုရား နှစ်ဆူကြားရှိ ဘုရားသုံးဆူ အမှတ် ၇၅၃၊ ၇၅၁၊ ၇၅၁(က) အစရှိသော ဘုရားများတွင် ဖောက်ထွင်းခံရသည့် အခြေအနေများကို ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဖောက်ထွင်းခံရတဲ့ ဘုရားတွေက ဒီထက်ပိုလာနိုင်တယ်။ အခုကျွန်တော်တို့ အဖွဲ့တွေက ရှိတဲ့အင်အားနဲ့ လိုက်စစ်ဆေးနေတယ်။ ဘုရားတွေက အများကြီးဆိုတော့ ဒီထက်ပိုများနိုင်တယ်” ဟု ပုဂံဧည့်လမ်းညွန် အသင်းမှ ပြန်ကြားရေးအဖွဲ့ဝင် ကိုတက်ထွန်းအောင်က ပြောကြားသည်။

ဇွန် ၉ ရက်တွင် လတ်တလော ဖောက်ထွင်းခံရသည့် ဘုရားမှာ သုံးဆူရှိပြီး ဖောက်ထွင်းခံရချိန် ကြာမြင့်ပြီဟု ယူဆရသည့်ဘုရား ငါးဆူကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။

“ဒီနေ့မှာက အားလုံး ရှစ်ဆူပေါ့။ သုံးဆူက လတ်တလော ဖောက်ထွင်းခံရတဲ့ လက္ခဏာပေါ့။ ကျန်တဲ့ ငါးဆူက တော်တော်ကြာနေပြီ။ လတ်တလော အဖောက်ခံရတဲ့ ဘုရားတွေမှာတော့ ဌာပနာပစ္စည်းတချို့ ကျန်ခဲ့တယ်။ တချို့ပစ္စည်းတွေတော့ ယူသွားတာ ဖြစ်နိုင်တယ်” ဟု ပုဂံဧည့်လမ်းညွန်အသင်းမှ အလုပ်အမှုဆောင် ဦးမြင့်နိုင်က ပြောကြားသည်။

ဓာတ်ပုံ - Bagan Tourism Guide Association

ထို့ပြင် ဇွန် ၉ ရက်တွင် လောကထိပ်ပန် ဘုရားတွင် ရှို့မီးဟုယူဆရသည့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပုဂံဧည့်လမ်းညွန် အသင်းမှ အလုပ်အမှုဆောင် ဦးမြင့်နိုင်က ဆက်လက်ပြောကြားသည်။

“မီးလောင်ထားတဲ့နေရာမှာ ထင်းရှုးဆီတွေ တွေ့တယ်။ ရှို့မီးလို့ ပြောလို့ရတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

မီးရှို့ခံရသည့် လောကထိပ်ပန်ဘုရားမှာ ၁၂ ရာစုတွင် တည်ထားခဲ့ပြီး ပုဂံဘုရားများရှိ နံရံဆေးရေး ပန်းချီများတွင် လက်ရာအကောင်းဆုံး ဘုရားထဲတွင် ပါဝင်သည်။

မီးရှို့ခံရသည့်နေရာမှာ အဆိုပါဘုရားတွင် ကာရံထားသည့် ယင်းလိပ်များကို ရှို့ခဲ့ခြင်းဖြစ်ပြီး နံရံဆေးရေး ပန်းချီများကို ထိခိုက်မှု မရှိကြောင်း၊ ဖြစ်ပွားချိန်မှာ နံနက် ၆ နာရီနှင့် ၇ နာရီကြား ဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းရကြောင်း ကိုမြင့်နိုင်က ဆက်လက်ပြောကြားသည်။

ဖောက်ထွင်းခံရသည့် ဘုရားများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ အကြောင်းကြားထားပြီး မီးရှို့ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပုဂံ ညောင်ဦး မီးသတ်ဦးစီးဌာနက အမှုဖွင့်ထားကြောင်း ပုဂံဧည့်လမ်းညွှန်များအသင်းမှ သိရသည်။

ဓာတ်ပုံ - Bagan Tourism Guide Association

ပုဂံဒေသရှိ ရှေးဟောင်းဘုရားများကို ကာကွယ်ရန်အတွက် ပုဂံဧည့်လမ်းညွှန်အသင်းမှ ဧည့်လမ်းညွှန် ၁၀၀ ခန့်မှ နေ့စဉ်ကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ယခင်က ဘုရားရှိ နံရံဆေးရေးပန်းချီများ ကွာကျခြင်း၊ အုတ်ချပ်များ ပြုတ်ကျခြင်းများသာ ရှိခဲ့သော်လည်း ယခုကဲ့သို့ ဘုရားဌာပနာကို ဖောက်ထွင်းခံရခြင်းကို ကင်းလှည့်စစ်ဆေးနေသည့် ကာလအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပုဂံဒေသတွင် ဘုရားဖူးများ မရှိခြင်း၊ ဒေသခံစျေးသည်များ မရှိခြင်းများကြောင့် ဘုရားစေတီများကို ဖောက်ထွင်းခံရမှု၊ ပျက်စီးမှုများကို ကာကွယ်နိုင်ရန် ပုဂံဧည့်လမ်းညွှန်အသင်းမှ အဖွဲ့သုံးဖွဲ့ခွဲကာ နေ့စဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါဂယက်ကြောင့် ခရီးသွားလုပ်ငန်းများကို ထိခိုက်ခဲ့ရပြီး ပြည်တွင်းပြည်ပ ခရီးသွားများကို အားထားနေရသည့် ပုဂံဒေသမှာ ဒေသခံများ၊ ဧည့်လမ်းညွန်များ ထိခိုက်နစ်နာမှု ကြီးမားလျက်ရှိကြောင်း သိရသည်။

ပုဂံဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက် တွင် ယူနက်စကိုအဖွဲ့မှ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ပုဂံသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွား များစွာမြင့်တက်ခဲ့သည်။                                              

 

 

 

Most Read

Most Recent