လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၆၀ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော် ပိိုမိုတင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၆၀ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော် ပိိုမိုတင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ပိုမိုရရှိ
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 6 June 2020

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉ သန်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၅၆၀ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ပိုမိုရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉၂၁ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၅၆၃ ဒသမ ၃၃၀ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁ ဒသမ ၄၉၈ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၅၉ ဒသမ ၈၄၂ သန်း ရရှိထားသည်။

အထက်ပါစာရင်းများအရ လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၄၂၂၆၂၅ တန် ပိုမိုတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁၀၃ သန်းကျော် ပိုမိုရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် တင်ပို့နေခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၅၉၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၇၀ ဒသမ ၈၁၃ သန်း ရရှိထားသည်။ ယင်းပမာဏသည် စုစုပေါင်း တင်ပို့မှု၏ ၈၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခြောက်သောင်းကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၈ ဒသမ ၀၈၄ သန်း ရရှိထားသည်။ ယင်းပမာဏသည် စုစုပေါင်းတင်ပို့မှု၏ ၁၄ ဒသမ ၁၀ ရာခိုင်နှုန်း ရှိသည်။

မြန်မာနိုင်ငံမှ ဆန်များ ရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မေလ ၁၃ ရက်က ပြုလုပ်သည့် ဆန်နှင့် ပဲမျိုးစုံ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့့် စိုက်ပျိုးရေး ရာသီအမီ သွင်းအားစုဓာတ်မြေသြဇာ ပိုးသက်ဆေးများ လွယ်ကူလျှင်မြန်စွာ တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထား ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် လာမည့်စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလကျော် ကျန်ရှိနေသေးသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ မြန်မာ့ဆန်ကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများအပေါ် တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

“ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပုဂ္ဂလိကကုမ္ပဏီများနဲ့ စာချုပ်ချုပ် ဝယ်ယူထားတဲ့ ဆန်တန်ချိန်ကို ထပ်မံခွင့်ပြုသွားမှာဖြစ်ပြီး စားနပ်ရိက္ခာလိုအပ်နေတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများရဲ့ ဝယ်ယူလိုကြောင်း မေတ္တာရပ်ခံချက်များကိုလည်း နိုင်ငံဆက်ဆံတိုးတက်စေမှုကို ကြည့်ရှုပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက မေ ၂၇ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

Most Read

Most Recent