၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဧပြီအထိ ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းကျော် မြင့်တက်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဧပြီအထိ ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းကျော် မြင့်တက်
ရန်ကုန်မြို့ရှိ ပလာဇာတစ်ခုတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သိင်္ဂီဝင်းထွန်း)
ရန်ကုန်မြို့ရှိ ပလာဇာတစ်ခုတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သိင်္ဂီဝင်းထွန်း)
Published 2 June 2020
စည်သူအောင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာမှ ဧပြီအထိ ခန့်မှန်းနှုန်းထက် နှစ်ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဧပြီတွင် ၈ ဒသမ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဧပြီတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် မတ်လ၏ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်း ပွမှုနှုန်း အနည်းငယ်ပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ကာ မတ်နှင့် ဧပြီတွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်း၊ စက်တင် ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းအထိရှိကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာ အထိ ၁၈ လဆက် တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၅ ဒသမ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ ၁၂ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၂ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့ကာ နေပြည်တော်တွင် ၁၀ ဒသမ ၈၇ ရာခိုင် နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလအထိ နှစ်အ လိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့ တွင် ၁၀ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် ၁ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင် နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်၌ နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် မတ်အထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၃၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေတွင် ၄ ဒသမ ၂၉ ရာခိုင် နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent