လီဗာပူးလ်အသင်း ချန်ပီယံဆုရမည့်ပွဲအပါအဝင် ပွဲ (၆)ပွဲကို ကြားကွင်း၌ကျင်းပရန် ရဲတပ်ဖွဲ့တိုက်တွန်း

လီဗာပူးလ်အသင်း ချန်ပီယံဆုရမည့်ပွဲအပါအဝင် ပွဲ (၆)ပွဲကို ကြားကွင်း၌ကျင်းပရန် ရဲတပ်ဖွဲ့တိုက်တွန်း
Photo: Premier League
Photo: Premier League
Published 30 May 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် (၁၇) ရက် တွင် ပြန်လည်စတင်ရန် အတည်ပြုဆုံးဖြတ် ခဲ့ပြီးနောက် လီဗာပူးလ်အသင်း ချန်ပီယံဆု ရရှိမည့်အပါအဝင် ပွဲစဉ်ခြောက်ပွဲကို ကြားကွင်း၌သာကျင်းပရန် ရဲတပ်ဖွဲ့က တိုက်တွန်း ထားကြောင်း သိရသည်။

မေ (၂၈) ရက်ကပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် (၁၇) ရက် တွင် မန်စီးတီး-အာဆင်နယ်၊ ဗီလာ-ရှက်ဖီးယူနိုက်တက်ပွဲစဉ်များဖြင့် ပြန်လည်စတင်ရန်  ကလပ်အသင်းအားလုံး သဘောတူညီမှုရရှိ ခဲ့ပြီး ယင်းနှစ်ပွဲမှာ လိဂ်ဖလားဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်းထားရသည့် ပွဲစဉ် (၂၈) မှ ပွဲကျန်များ ဖြစ်သည်။ 

ပုံမှန်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၃၀) ကို ဇွန် (၁၉) ရက်မှ (၂၁) ရက်အတွင်း ကျင်းပ မည်ဖြစ်ပြီး ရာသီကုန်ဆုံးချိန်အထိ ကျင်းပရန် ကျန်ရှိနေသည့် ပွဲစုစုပေါင်း (၉၂) ပွဲစလုံးကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ် သလို Sky Sports၊ BT Sports၊ BBC Sports နှင့် Amazon Prime တို့မှ ပွဲအားလုံး တိုက် ရိုက်ထုတ်လွှင့်ပြသွားမည်ဖြစ်သည်။ 

ကွင်းပိတ်ကစားမည်ဖြစ်သော်လည်း ကွင်းအပြင် ဘက်တွင် ပရိသတ်များ စုဝေးရောက်ရှိလာ နိုင်သဖြင့် ပွဲစဉ် (၆)ပွဲကို ကြားကွင်း၌သာ ကစားရန် ဗြိတိန်ရဲတပ်ဖွဲ့က တိုက်တွန်းထား ခြင်းဖြစ်ကြောင်း Daily Mail သတင်းဌာန က မေ ၂၉ ရက်တွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့က ကြားကွင်း၌ကစားရန် တိုက်တွန်းထားသည့် ပွဲများမှာ မန်စီးတီး-လီဗာပူးလ်၊ မန်စီးတီး- နယူးကာဆယ်၊ မန်ယူ-ရှက်ဖီးယူနိုက်တက်၊ နယူးကာဆယ်-လီဗာပူးလ်၊ အဲဗာတန်-လီဗာ ပူးလ်နှင့် လီဗာပူးလ်အသင်း ချန်ပီယံဆုရရှိ မည့်ပွဲများဖြစ်သလို အခြားပွဲစဉ် (၉)ပွဲလည်း ထပ်တိုးလာနိုင်ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပုံမှန်စနေ၊ တနင်္ဂနွေအပြင် ကြားရက်များတွင်လည်း ကျင်းပသွားမည် ဖြစ်ပြီး ရာသီပိတ်ပွဲစဉ်ကို ဇူလိုင် (၂၆) ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

    

ထို့ပြင် FA ဖလားပြိုင်ပွဲကိုလည်း ဆက် လက်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို သြဂုတ် (၁) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က မေ (၂၉) ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ FA ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် ရောက်ရှိနေပြီဖြစ်ပြီး ယင်းပွဲစဉ်များကို ဇွန် (၂၇-၂၈) ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် (၁၁-၁၂) ရက်နှင့် ဗိုလ်လုပွဲကို သြဂုတ် (၁) ရက် တွင် ကျင်းပမည်ဖြစ်သည်။ 

ကွာတားဖိုင်နယ် ပွဲများကို မူလရွေးချယ်ထားသည့်အသင်းများ ၏အိမ်ကွင်း (သို့မဟုတ်) ကြားကွင်း၌ကစား ရန် မဆုံးဖြတ်ရသေးဘဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ ပုံမှန်ကျင်းပနေကျ ဝင်ဘလေကွင်း ၌သာ ကွင်းပိတ်ကျင်းပမည်ဖြစ်သည်။ 

ကွာတားဖိုင်နယ်တွင် လက်စတာ-ချယ်လ် ဆီး၊ နယူးကာဆယ်-မန်စီးတီး၊ ရှက်ဖီး-အာ ဆင်နယ်၊ နောဝစ်ချ်-မန်ယူ ဆုံတွေ့နေသည်။

 

Most Read

Most Recent